များစွာသော စာအုပ်စင်တွေကို ကြည့်ရင်း ဂယောင်ဆူး ယောင်တောင်တောင်ဖြစ်နေမိသည်။စာအုပ်ဆိုင်ဆိုသော်လည်း ရှေးကျနေသည်မို့ စာအုပ်တွေကတောင်လိုစုပုံနေပေသည်။စာကြည့်တိုက်နီးပါးစာအုပ်အစုံအလင်ကိုတွေ့ရနိုင်ပေသည်။ထို့ေကြာင့် ဂယောင်ဆူး စဝင်လာကတည်းက မျက်စိကစားလာသော်လည်း ရှာနေသည့် စာအုပ်ကိုတော့ မတွေ့ရသေးပေ။ထောင့်ဘက်အကျဆုံး စာအုပ်စင်ဘက်ဝင်လာမိပြီး စီတန်းထားသော စာအုပ်တွေကို တစ်ချက်ကြည့်လိုက်မိပေသည်။
များစွာသော စာအုပ်တွေကို ကျော်ဖြတ်ပြီးသောအခါ မိမိရှာနေသော Analysis Formulation စာအုပ်ကိုတွေ့လိုက်ရပေသည်။ဂယောင်ဆူးဆွဲယူလိုက်သောအခါ ထိုစာအုပ်ကို တစ်ဖက်ကလည်း ဆွဲယူလိုက်သည်မို့ ဂယောင်ဆူးလက်ကလေထဲတွင် တန့်သွားရပေသည်။ခဲရာခဲဆစ် ခေါင်းနောက်အောင် ရှာထားရသည့်စာအုပ်ဖြစ်သောကြောင့် ဂယောင်ဆူး တစ်ဖက်လူကို လွယ်လင့်တကူမပေးလိုပေ။လှစ်ဟသွားသည့်အပေါက်ကနေ ဂယောင်ဆူး တစ်ဖက်လူကိုလှမ်းကြည့်လိုက်ပေ၏။
နံရံကိုမှီကာ စာအုပ်ကိုငုံ့ကြည့်နေသောသူက မျက်တောင်ရှည်လေးတွေပင် ကော့ညွတ်နေပေ၏။အမြဲလိုလိုလှန်တင်ထားတတ်သည့် ဆံစလေးတွေကမျက်ခုံးထိဖုံးကာနဖူးပေါ်ဖြာကျနေပေသည်။ဖြောင့်စင်းသောနှာတံနှင့်အတူ နှုတ်ခမ်းကလည်းစာကိုခပ်တိုးတိုးဖတ်နေသေး၏။အပြာ ရောင် လက်ရှည်ကိုဝတ်ဆင်ထားသူကဂျင်းဘောင်းဘီရှည်နှင့် လိုက်ဖက်ညီတွဲဝတ်ထားပေသည်။အစကရန်တွေ့လိုစိတ်အပြည့်ရှိနေသော ဂယောင်ဆူးမှာ စာရွက်လှန်သံတဖျက်ဖျက်ကိုပင် သတိမပြုမိနိုင်အောင် ထိုလူကိုငေးကြည့်မိနေပေသည်။
"ဦး "
ဂယောင်ဆူးနှုတ်ဖျားက ခပ်တိုးတိုးထွက်ပေါ်လာ လေသည်။စာကိုအာရုံစိုက်နေသောသူက ဂယောင်ဆူးအသံကို ကြားပုံမရပေ။ဂယောင်ဆူး မိမိနှင့် စာအုပ်စင်တစ်တန်းသာ ကွာခြားသော ဦးဆီသွားဖို့ပြင်လိုက်မိပေ၏။မြန်ဆန်သော ခြေလှမ်းတွေနည်းတူ ဂယောင်ဆူးရင်ထဲမှာလည်း ရင်ခုန်သံတွေကဗလောင်ဆူနေခဲ့ပေသည်။ဂယောင်ဆူး အနားနီးလေ ရင်ပိုတုန်လေဖြစ်ပေသည်။ခြေလှမ်းတွေကို အရှိန်လျော့ကာ စာထဲအာရုံရောက်နေသောဦးဆီ ခပ်ဖြည်းဖြည်းချဉ်းကပ်သွားမိ၏။