အနုပညာအသင်းရှိရာဆီလျှောက် လှမ်းနေသော်လည်း အန်တွန်တကယ်ကိုစိတ်မပါလှပေ။အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကိုကိုမျက်နှာလေးကို တစ်ခဏဖြစ်ဖြစ် ခိုးကြည့်၍ရ သောကြောင့်သာ အန်တွန် သွားမိ နေ ခြင်းဖြစ်သည်။အရင်က တတ်ကြွမှုများစွာရှိသော်လည်း အန်တွန် အခုချိန်မှာတော့ စိတ်ပျက်အားငယ်မှုတွေနှင့်သာ ပြည့်နှက်နေပေ၏။
စိတ်ကျဉ်းကျပ်ဖို့ကောင်းသော မေဂျာအတန်းချိန်အပြီးမှာ အားပြည့်စေဖို့အတွက် အန်တွန်အမြဲလိုလို ကိုကိုရှိနိုင်မည့်နေရာတွေကို သွားလေ့ရှိပေသည်။သို့သော် အတန်းမတူသောကြောင့် ဆုံတွေ့ရသည်က ခပ်ရှားရှားပင်ဖြစ်၏။တွေ့လိုက်ရပြန်ရင်လည်း အန်တွန်ကသာ မျက်လုံးထဲ ဝင်မတတ်ငေးကြည့်နေရသော်လည်း ကိုကိုက သူ့ငယ်ချင်းတွေနှင့်သာစကားတစ်ပြောပြောဖြစ်ပြီး အန်တွန်ကိုတစ်ချက်လောက်ကြည့်ပြီးသည်နှင့် မသိသည့်သူစိမ်းတွေလို အဖက်ပင်မလုပ်ပေ။
မေပယ်ပင်ပျိုများကိုဖြတ်ကျော်ပြီးသည်နှင့် အနုပညာအသင်းရှိရာ ကျောင်းဆောင်ကိုမြင်တွေ့ရပေပြီ။လေးဖင့်သောခြေလှမ်းတွေနှင့် အတူ လှေကားထစ်များကို ရေတွက်ကာ အန်တွန်အပေါ်ထပ်ကိုတတ်လာမိပေသည်။လက်တွေ့ဆင်းထားရသည်မို့ အင်္ကျီအဖြူမှာ စက်ဆီတစ်ချို့စွန်းထင်နေပေသည်။သို့သော်လည်း အန်တွန်အင်္ကျီကို မလဲဝတ်ဘဲ အနုပညာအသင်းဆီကိုသာဦးတည်လာမိခြင်းဖြစ်ပေ၏။တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ခြေချိတ်ကာထိုင်နေသော အစ်ကိုဝန်ဘင်းကိုဦးစွာတွေ့လိုက်ရပေသည်။
တံခါးဖွင့်သံကြောင့် ဝန်ဘင်း ဂီတာကြိုးညှိနေရင်းမှ ခေါင်းထောင်ကာကြည့်လိုက်မိ၏။ဆံပင်ဖရိုဖရဲနှင့် မျက်နှာသိပ်မလန်းသော အန်တွန်ကိုတွေ့လိုက်ရပေသည်။မနက်ကဝတ်ထားသည့် ဂျင်းအနွေးထည်ကို
သူ့လက်မှာကိုင်ထားကာ အောက်ခံအင်္ကျီရှပ်အဖြူက စက်ဆီတွေစွန်းပေနေ၏။ထိုပုံစံအရ လက်တွေ့သင်ခန်းစာသင်ပြီးသည်နှင့် ဒီကိုတန်းလာခဲ့ပုံပင်။တန်းမဝင်လာဘဲ အပေါက်ဝမှာတင် ရပ်နေသူကြောင့် ဝန်ဘင်း မျက်ခုံးများက အနည်းငယ်မြင့်တတ်မိသွား၏။