အိမ်ဖြူတော် ခေါင်မိုးထပ်ရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ 'ဝရန်တာစင်္ကြန်' ကို ထောင့်ချိုး ကွေ့လိုက်သည်နှင့် တွေ့မြင်ရမည့် 'နေသာဆောင်' အပြင်ဘက် အစွန်းတည့်တည့် နားလောက်တွင် အနည်းငယ် ချောင်ချိနေသည့် နံရံကပ်အကွက်ငယ် တစ်ခုရှိလေသည်..။ အကယ်၍ ထိုနေရာအား သော့တံ အဖျားနှင့် ဖြစ်စေ၊ သို့တည်းမဟုတ် အိမ်ဖြူတော် 'အနောက်ဆောင်' မှ အလစ်သုတ်လာသော စာအိတ်ဖောက်တံဖြင့် ဖြစ်စေ ခေါက်လိုက်မည်ဆိုပါက၊ ထိုအကွက်ကို အနည်းငယ်လောက် ဆွဲခွာလို့ ရလောက်အောင် ကြွတက်လာမည်ဖြစ်ပြီး ယင်းအောက်တွင် ရေးထွင်းထားသော စာကြောင်းတစ်ကြောင်းကို တွေ့မြင်နိုင်ပေမည်..။
(T/N: ဝရန်တာစင်္ကြန် = Promenade, နေသာဆောင် = Solarium, အနောက်ဆောင် = West Wing)
အနှီစာကို ရေးသားသူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ..၊ အတွင်းတော်မှ အတင်းအဖျင်းများ မဆိုင်သူနားသို့ မပေါက်ကြားစေရကြောင်း အသက်နှင့်ကိုင်ကာ အမျိုးမျိုး ကျိန်ဆိုထားရသည့် အတွင်းတော် အတင်းအဖျင်း စက်ရုံကြီး တစ်ဖြစ်လဲ သမ္မတမိသားစုများ၏ လူသိမခံသော လျှို့ဝှက်ရာဇဝင် ရေးသားသူများပင် အတိအကျ မသိကြချေ..။ သို့ရာတွင် ထိုသို့လုပ်နိုင်မည့်သူမှာ အိမ်ဖြူတော့်မျက်နှာ အိုးမဲတက်သုတ်ရဲလောက်အောင် သတ္တိကောင်းလှသည့် သမ္မတတစ်ဦးဦးရဲ့ သားတော် သို့မဟုတ် သမီးတော် တစ်ပါးပါးသာလျှင် ဖြစ်နိုင်ကြောင်း လူအများတို့ မြေကြီးလက်ခတ်မလွဲ တွေးထင်မိကြပေမည် ..။ အချို့က တရားခံမှာ ဂျက်ခ်ဖို့တ် (Jack Ford) ဖြစ်သည် ဟု ကျမ်းကိုင် စွပ်စွဲကြ၏..။ အကြောင်းမှာ ဂျက်ဖို့တ် သည် ဟန်းဒရစ်ခ် (Hendrix) ဓါတ်ပြားများ နားထောင်တတ်ပြီး ခေါင်မိုးထပ်နှင့် ချိတ်ဆက်ထားသော လှေကား ရှိသည့် အခန်းတွင် နေထိုင်သူ ဖြစ်ခြင်းကြောင့် ညဉ့်နက်ချိန်များတွင် ခေါင်မိုးထပ်၌ ခဏတဖြုတ် ဆေးလိပ်ထွက် သောက်တတ်ခြင်းကြောင့်ဟူ၏။ အချို့ကမူ ငယ်ငယ်က ဆံပင်ကို ဖဲကြိုး အထူကြီးတွေ စီးထားတတ်သည့် လူစီ ဂျွန်ဆင် (Luci John) ဟု ဆိုကြပြန်သည်..။ သို့ရာတွင် မည်သူဖြစ်ဖြစ် ကိစ္စမရှိချေ..။ ယင်းစာကြောင်းမှာ ဉာဏ်ပါရမီရင့်သန်နေသူများသာလျှင် ရှာဖွေတွေ့ရှိနိုင်မည့် လျှို့ဝှက် မန္တာန်တစ်ပုဒ်အဖြစ် ယင်းနေရာတွင်ရှိမြဲရှိနေမည် ဖြစ်သောကြောင့်ပင်တည်း..။
YOU ARE READING
The First Son & Royal Prince (ဘာသာပြန်) [On going]
Romanceရုပ်ရှင်ပြန်ရိုက်ထားတဲ့ အင်္ဂလန်တော်ဝင်မင်းသားနဲ့ အမေရိကန် သမ္မတသားတို့ နှစ်ဦးရဲ့ ချစ်စရာ အချစ်ဇာတ်လမ်းလေးပါ..။ ကိုယ်က မူရင်းဝတ္ထုကို ဘာသာပြန်မှာပါ..။