အပိုင်း - ၂၆
အဝတ်လဲခန်းကနေထွက်လာသည့် မြူကို စောင့်နေသူက ကိုစိုင်း။ ကိုစိုင်းက ငိုထားဟန်ရှိသည်။ မျက်သားများ နီရဲနေကြသည်။ သို့သော် မြူကိုတော့ ပြုံးပြရှာ၏။ အပြုံးတွေကတော့ အသက်မပါလှ။ ဒီလိုအခြေနေမှာ ပြုံးနိုင်တာကပင် တော်သေးသည် ပြောရမည်။ ကိုယ့်ချစ်ခဲ့ရသူက ဒီလိုလုပ်ရပ်ကို လုပ်ခဲ့သည်ဆိုသည့် အမှန်တရား။ ထိုအမှန်တရားက အနည်းငယ်လောက်တော့ ခါးသက်နေမည်မှာ အမှန်ပေ။
"အာ.. ကိုစိုင်း.. ကိုသူရိန်ရောဟင်"
မြူ မေးလိုက်သည့် အခါ ကိုစိုင်းက မြူ၏ လက်ကိုဆွဲလိုက်သည်။
"ကိုယ်နဲ့ စကားပြောရအောင် မြူ"
"ဘယ်.. ဘယ်လို သွားမလို့လဲ"
"ကိုယ့်ကို အချိန်နည်းနည်းလောက်ပေး"
စိုင်းသူရ အဝတ်လဲခန်းဖက်ကနေ မြူကို နားနေခန်းဆီ ဆွဲခေါ်ခဲ့လိုက်၏။
ထို့နောက် နားနေခန်း တံခါးကို ပိတ်လိုက်သည်။
"မြူ.. ကော်ဖီသောက်ဦးမလား"
စိုင်းသူရ မေးလိုက်သည့်အခါ မြူက ခေါင်းခါသည်။
"မသောက်တော့ဘူး ကိုစိုင်း.. မြူ ကိုသူရိန်နဲ့ ဆေးရုံကို လိုက်သွားရဦးမယ်"
"အင်း.. သိတယ်.. ဒါပေမယ့် ကိုယ့်ကို အချိန် (၁၀) မိနစ်လောက်တော့ပေး.. ရမလား"
"အွန်း.. ရပါတယ်"
စိုင်းသူရ ဆိုဖာမှာ ဝင်ထိုင်လိုက်သည့်အခါ မြူလည်း စိုင်းသူရရှေ့မှာ ဝင်ထိုင်လိုက်၏။
"မြူ.. ဘယ်အချိန်ကတည်းက သိနေတာလဲ"
မြူ ပြုံးလိုက်သည်။ ကိုစိုင်း၏ ပုံစံက ခံစားချက်တွေ ရှုပ်ထွေးနေတာဖြစ်မည်။ စိတ်ရှုပ်နေတာကို မျက်နှာမှာ အထင်းသားမြင်နေရ၏။
"တကယ်တော့ အဲ့မေးခွန်းကို မြူက မေးရမှာထင်တယ်"
မြူ၏ စကားကြောင့် စိုင်းသူရ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားရပြီ။
"ဟင် !!"
"ကိုတိုး.. ဟုတ်တယ်မလား ကိုစိုင်း"
YOU ARE READING
မြူချစ်ရလေသော...(Completed)