အပိုင်း - ၃
-Z Studio ၏ (၃) နှစ်ပြည့် လုပ်ငန်းနှစ်ပတ်လည်-
Z Studio တွင် ကျင်းပသည့် ထိုပွဲ။ လုပ်ငန်းများစွာမှ CEO များ၊ ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူများ၊ မီဒီယာများနှင့် နာမည်ကျော်အနုပညာရှင်များစွာကို ဖိတ်ကြားထားပြီး ဖျော်ဖြေရေးအစီစဉ်နှင့် ဧည့်ခံကျွေးမွေးရေးအစီစဉ်များထည့်သွင်းထားသည့်အတွက် ဝန်ထမ်းများမှာ လက်မလည်အောင်အလုပ်ရှုပ်နေတော့သည်။
မြူက အဖြူရောင်အနောက်တိုင်းဝတ်စုံလေးကို နက်ခ်တိုင်မပါဘဲ ဝတ်ဆင်ထားပြီး စိုင်းသူရကတော့ နက်ပြာရောင် အနောက်တိုင်းဝတ်စုံဖြင့်ဖြစ်သည်။ မြူက ဆံပင်ခပ်အုပ်အုပ်လေးချထားသည့်အတွက် ပုံစံလေးက ချစ်စရာကောင်းနေတော့သည်။ မိတ်ကပ်ကူစရာသိပ်မလိုသည့် မြူ၏ အလှက လင်းထင်းနေတော့၏။
စိုင်းသူရက လာရောက်ကြသူများကို လက်မလည်အောင် နှုတ်ဆက်နေရပြီး ဧည့်သည်များက Z Studio မှ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်သည့် မြူကို သဘောအကျကြီးကျနေတော့သည်။
စိုင်းသူရက တက်ရောက်လာသူများကို တစ်ယောက်စီ သေချာနှုတ်ဆက်နေရ၏။
"ဟာ ကိုစိုးဝေ.. မလာဘူးလို့တောင် ထင်ထားတာလေဗျာ"
"မလာလို့ရမလားဗျာ.. ကိုစိုင်းပွဲလေ.. ဖိတ်စာရတာနဲ့ ဘန်ကောက်ကနေ တန်းပြန်လာတာ.."
"ကျေးဇူးပါဗျာ.."
"Z Studio အများကြီးအောင်မြင်ပါစေဗျာ.. ဒါနဲ့ အလှလေး မြူရော"
ကိုစိုးဝေက နာမည်ကြီး Lucky ရုပ်ရှင်ထုတ်လုပ်ရေးမှဖြစ်ပြီး မြူနှင့် လက်တွဲလိုသူမှန်း စိုင်းသူရသိပြီးသားပါလေ။ မြူ၏ မျက်နှာကြောင့် တကူးတကလာရောက်မှန်းလည်း စိုင်းသူရ သိပြီးသား။
"သူက ဟိုဖက်မှာလေ..ကိုစိုးဝေ.. မြူက ကျွန်တော့်ထက် မိတ်များနေတော့ လက်မလည်ဘူးဗျာ.. မြူကို ခေါ်ပေးမယ်.. မြူရေ.. ဒီကိုခဏလောက်လာပါဦး"
စိုင်းသူရ လှမ်းခေါ်လိုက်သည့်အခါ ခပ်လှမ်းလှမ်းတွင်ရပ်ပြီး အသိများနှင့် စကားပြောနေသည့် မြူက အနားကို ရောက်လာလေသည်။
YOU ARE READING
မြူချစ်ရလေသော...(Completed)