Part 1

42.7K 1K 23
                                    

အပိုင်း - ၁

မြူ ကားလေးကို ပါကင်တွင်ရပ်ပြီး အပြေးလွှားပင် Studio ထဲသို့ဝင်လိုက်ရသည်။ အိမ်ကကြိုထွက်လာသည့်တိုင် ဒီနေ့မှ လမ်းတွေကပိတ်လွန်းသည်။

မြူက Z Studio ၏နာမည်ကြီးမော်ဒယ်။ Z Studio က နာမည်ကြီး Studio များထဲမှတစ်ခုဖြစ်ပြီး အောင်မြင်ကျော်ကြားသည့် အနုပညာရှင်များကို မွေးထုတ်ရာနေရာ။ ဒီနေရာရဲ့ မော်ဒယ်ဖြစ်လာဖို့ မြူ အများကြီး ကြိုးစားခဲ့ရသည်။ မြူလို ဘာနောက်ခံမှမရှိသည့် ပမွှားလေးက ဒီလိုနေရာမှာနေရာရဖို့ ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိသည်။ အနုပညာမျိုးရိုးမရှိ၊ ငွေကြေးမပြည့်စုံသည့် မြူ။ သို့သော် မြူမှာ ဘုရားသခင်၏ ကောင်းချီလေးတစ်ခုတော့ရှိသည်။ ထိုအရာကတော့ မြူ၏ ရုပ်ရည်ပင်။

မြူဝင်သွားသည်နှင့် ကိုစိုင်းက အသင့်ကြိုနေသည်။ ကိုစိုင်းက Z Studio ၏ ဒါရိုက်တာချုပ်ဖြစ်ကာ အသက် (၃၂) နှစ်သာ ရှိသေးသော်လည်း ဒီလုပ်ငန်းနယ်ပယ်ထဲမှာ အောင်မြင်နေသူတစ်ယောက်။ တည်ကြည်ခန့်ငြားသည့်ရုပ်ရည်နှင့် ပျိုမဒီတို့ ဝိုင်းဝိုင်းလည်နေသည့် လုပ်ငန်းရှင်။ နာမည် အပြည့်စုံက စိုင်းသူရ။ တောင်ကြီးဇာတိဖြစ်သော်လည်း ရန်ကုန်တွင်သာ အခြေချနေထိုင်သည်။

"မြူ.. လာ.. လမ်းတွေပိတ်လို့ နောက်ကျနေတာလား"

ကိုစိုင်းက မြူ၏ လက်ကိုဆွဲပြီးခေါ်လာသည်။

"ဟုတ်တယ် ကိုစိုင်း .. လမ်းပိတ်နေလို့.. ဒီနေ့ လမ်းတော်တော်ပိတ်နေတာ.. ဒါတောင် စောထွက်လာလို့ တော်သေးတယ်"

"အင်း.. သိပ်တော့နောက်မကျသေးပါဘူး.. အဝတ်တွေပြင်ထားပြီးပြီ မြူ.. လဲဖို့ပြင်လိုက်တော့.. ဝါဝါရေ.. မြူကိုမိတ်ကပ်ပြင်ပေးဖို့လုပ်ထား"

ကိုစိုင်းက မြူကိုပြောရင်း Stylist ကိုလည်း လှမ်းပြောပေးလေသည်။

"ဟုတ်ကဲ့ ကိုစိုင်း.. လာပါပြီရှင်"

ဝါဝါက ကိုစိုင်းကို ပြန်ဖြေပြီး မြူအတွက်အဝတ်အစားများကို ယူလာပေးသည်။

"ကဲ.. မြူ ပြင်ဆင်လိုက်တော့"

"ဟုတ်ကဲ့.."

ကိုစိုင်းက မြူ၏ လက်လေးကိုယူကာ ဖွဖွနမ်းလိုက်ပြီး ဆံပင်လေးများကို သပ်တင်ပေးလေသည်။ ဒါတွေက ကိုစိုင်း မြူကို အသည်းယားတိုင်းလုပ်နေကျ အပြုမူလေးများထဲမှတစ်ခု။ မြူကတော့ ကိုစိုင်း၏ အပြုမူများကို နေသားကျနေခဲ့ပြီ။

မြူချစ်ရလေသော...(Completed)Where stories live. Discover now