အခန္း (၁)

2.6K 87 16
                                    

Unicode

အပြစ်..

လူတွေပြောလေ့ရှိကြတဲ့ အပြစ်နဲ့ငရဲ။ မြတ်စွာဘုရားဟောထားတဲ့ ကံငါးပါးထဲက တစ်ပါးပါးကို ဖောက်ဖျက်ကျူးလွန်မိရင် အပြစ်နဲ့ငရဲကိုခံရမယ်။ လူမှန်းသိတတ်စအရွယ်ထဲက ဘွားဘွားက သူတို့ညီအကိုနှစ်ယောက်လုံးကို သင်ပေးခဲ့တာတွေပဲ။

ယောင်္ကျားက ယောင်္ကျားလိုနေရမယ်၊ မိန်းမက မိန်းမလိုနေရမယ်။ လူအလုပ်လူလုပ်၊ ခွေးအလုပ်ခွေးလုပ်တဲ့။

ဖေဖေနဲ့မေမေက သူနားလည်လာတဲ့အရွယ်မှာ အနားရှိမနေတော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မခိုင်မာတော့တဲ့ သံယောစဉ်တွေကို ဖြတ်တောက်ပြီး မေမေက အဝေးကိုထွက်သွားခဲ့တဲ့ အချိန်ကစလို့ ဖေဖေဟာလည်း အရက်သမားကြီးလုံးလုံးကိုဖြစ်လို့။

ပျော်ရွှင်စရာ ဆိတ်သုန်းနေတဲ့ ကမ္ဘာငယ်ထဲမှာ သည်းညှာလေးက စိတ်ပျက်စရာဖြစ်တည်မှုအဖြစ် ပါဝင်ခဲ့တယ်။ မေမေဟာထွက်မသွားခင် သည်းညှာကိုမွေးခဲ့ပြီး ဖေဖေနဲ့ရော မေမေနဲ့ပါမတူတဲ့ မျက်လုံးပြာပြာလေးတွေ သည်းညှာမှာရှိတယ်။ အနောက်တိုင်းသားမျက်နှာပေါက်မျိုးနဲ့ သည်းညှာငယ်ငယ်က ချစ်စရာကောင်းခဲ့ပေမဲ့ သည်းညှာကို ကျွန်တော်ရော ဖေဖေရော အမုန်းကြီးမုန်းခဲ့ပါတယ်။ လာခေါ်လိုက် ပြန်ထားသွားလိုက်နဲ့ သည်းညှာက မေမေနဲ့ ဘယ်လိုနေထိုင်ဖြတ်သန်းခဲ့သလဲ ကျွန်တော်မသိသလို သိလည်းမသိချင်ပါဘူး။

ဖွားဖွားသာလျှင် သူ့သမီးမွေးသွားတဲ့ သူ့မြေးငယ်မို့ အကဲပိုအောင်ချစ်မြတ်နိုးပေးခဲ့တာ။ နာမည်ကိုက မိုးသည်းညှာ။ ဖွားဖွားရဲ့ အသည်းညှာ။

သည်းညှာရော ကျွန်တော်ရော ယောင်္ကျားလေး။ ထူးဆန်းတာက သည်းညှာက ဖွားဖွားပြောသလို ဘယ်တော့မှမနေတာပဲ။ ယောင်္ကျားအလုပ်ကို ယောင်္ကျားမလုပ်ဘူး။ မေမေထားချန်ရစ်ခဲ့တဲ့ အဝတ်တွေနဲ့ မိတ်ကပ်အသုံးအဆောင်တွေကို ငယ်ရွယ်တဲ့ သည်းညှာလေးရဲ့ကိုယ်ပေါ်မှာ၊ နှုတ်ခမ်းပေါ်မှာ မျက်နှာပေါ်မှာ မကြာခဏတွေ့ရတယ်။ တွေ့ရတိုင်းလည်း သည်းညှာက ထိုအရာတွေကို ဝတ်ထားတာ မလိမ်းတတ်ဘဲ ရုပ်ဆိုးဆိုးလိမ်းခြယ်ထားတာပဲဖြစ်သည်။

ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာWhere stories live. Discover now