ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣
Part-1
🧶🧸
"ခွမ်း..!"
"ယူဂျင်းနီးလား...ဘာဖြစ်လို့လဲသားလေး..."
"...."
ပြန်ဖြေသံမလာတဲ့ အိမ်ခန်းငယ်တခု။ ကြမ်းပြင်ပေါ်ကွဲကျသွားသော ဖန်ပုလင်းအလှလေးနဲ့အတူ ပြန့်ကျဲနေသော စက္ကူကြယ်ရောင်စုံလေးကို ခပ်တွေတွေလေးငေးနေသူတယောက်။
တခန်းလုံးအပြာနုရောင်တွေကြီးစိုးနေခဲ့သည်။ တွဲလောင်းချိတ်ဆွဲထားတဲ့ တိမ်ရုပ်လေးတွေဟာ ညလေပြေတိုးတဲ့အခါ ဘယ်ညာလှုပ်ရမ်းလို့။ဟိုဟိုဒီဒီ အစုလိုက်အပုံလိုက်ဖြစ်နေတဲ့ polyester ချည်လုံးတွေဟာ ထူးထူးဆန်းဆန်းမျက်လုံးရှုပ်စရာဖြစ်မနေခဲ့ဘူး။
"ယူဂျင်းနီး...အဆင်ပြေရဲ့လား မေမေ့သားလေး မေမေဝင်ခဲ့လို့ရမလား "
အခန်းအဝမှာရပ်နေသောမေမေ့အား ယူဂျင်း မျက်လုံးသေတွေနဲ့စိုက်ကြည့်နေမိသည်။ ပြီးတော့ လေးပင်စွာနဲ့ ခေါင်းခါဖြစ်ခဲ့၏။
ကြယ်တွေစုထည့်ထားတဲ့ ဖန်ပုလင်းလေးကဒီနေ့မှာ ပုလင်းတခုလုံးပြည့်ခဲ့သည်။ ဒါကြောင့် သူအသာလေးယူကြည့်ခဲ့ပေမယ့် အခက်မသင့်ပဲလက်နဲ့တိုက်မိတော့ စားပွဲပေါ်ကနေ ပြုတ်ကျပြီး ကွဲ၏။
ကိစ္စတော့မရှိပါဘူး။ ယူဂျင်းမှာ ဖန်ပုလင်းလှလှလေးတွေအများကြီးရှိတယ်လေ။
"ဖန်စတွေမခိုက်မိအောင် သတိထားကိုင်နော်။ ဒါဖြင့်ရင် မေမေနားတော့မယ်...သားငယ်အိပ်ခါနီး ပြတင်းပေါက်ပိတ်ဖို့မမေ့နဲ့။ နောက်ပြီး မေမေပြောစရာတခုရှိသေးတယ်။ ဒီအပတ်ထဲ အိမ်ကိုသားအတွက်သီးသန့်ဆရာဝန်တယောက်လာလိမ့်မယ်သိလား...လိမ္မာပေးပါအုံးနော် "
အဖြေသံကင်းမဲ့တဲ့ ဝန်းကျင်မှာ မေမေတော့ နေသားတကျဖြစ်လောက်ပြီလို့ ယူဂျင်းထင်မိသည်။ ထပ်ရောက်လာအုံးမယ့် စိတ်ဒုက္ခအတွက် ယူဂျင်းကြိုပြီး စိတ်ပူပန်မိသည်။
သူ လူစိမ်းတွေနဲ့မတွေ့ချင်ဘူး။ အိမ်ကိုရောက်လာမယ် ပြီးရင် သူ့အခန်းဆီလာပြီး သူစိတ်ညစ်အောင်စကားတွေအများကြီး ပြောလိမ့်မယ်။