Chapter 7👥️

916 156 0
                                    

👥️Chapter 7

ယန်အန်းယု၏ သရုပ်ဆောင်စွမ်းရည်များမှာ ပြောင်မြောက်ကောင်းမွန်လှခြင်း မရှိသေးသည့်တိုင် လူစားထိုး စတန့်သမားတစ်ဦးအတွက်မူ သူ၏ အရည်အချင်းများမှာ အသိအမှတ်ပြုရလောက်သည်အထိပင် ထူးကဲသာလွန်လှပေသည်။

ယခုလက်ရှိ ပြသနေသည့် တီဗီအစီအစဉ် အများစုသည် တိုက်ခိုက်ရေးပြကွက်များ၌ အထူးပြုလုပ်ချက်များနှင့် ရိုက်ကူးရေးအပြီး နောက်ပိုင်း တည်းဖြတ်မှုများကိုသာ အဓိက အားထားနေရကာ အစစ်အမှန် တိုက်ခိုက်သည့် ပြကွက်ဟူသည်မှာ ရွှေထက်ပင် ရှားပါးသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ယခုကဲ့သို့ အကြည့်မလွှဲနိုင်စဖွယ် ဆွဲဆောင်မှု ပြည့်ဝလှသည့် ဇာတ်ကွက်များကို လိုက်ဖက်သင့်လျော်သည့် နောက်ခံတေးဖြင့်သာ တွဲဖက်လိုက်ပါလျှင် ကြည့်ရှုသူအပေါင်း၏ နှလုံးသွေးများ ပွက်ပွက်ဆူလာအောင်ပင် စွမ်းဆောင်နိုင်ပေလိမ့်မည်။

“ဒါရိုက်တာကျိုး ...”

ထိုစဉ် ယီချန်းယန်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

ယန်အန်းယုက ပျာယာခတ်သွားကာ မသိမသာ နောက်ဆုတ်မိသွား၏။ ကြီးမြတ်လှသည့် ရုပ်ရှင်ဧကရာဇ် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာကျိုးက သူ့ကို အပြုံးတစ်ပွင့်ဖြင့် ခရီးဦးကြို ပြုလိုက်သည်။

“ချန်းယန် .. ရောက်လာပြီလား ...”

ယီချန်းယန်က သူ့ကို ခပ်ဖျော့ဖျော့ပြုံးကာ လက်ယမ်းနှုတ်ဆက်လိုက်သည်။ ထို့နောက် ကုရှင်း၊ ယွီစစ်ယွမ်နှင့် အခြားလူများကပါ သူ့ကို လာရောက်နှုတ်ဆက်လိုက်ကြတော့၏။ ယီချန်းယန် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ရိုက်ကွင်းထဲရှိ လေထုမှာ ချက်ခြင်းပင် တက်ကြွသက်ဝင်လာတော့သည်။

သူ အမြဲ လေးစားအားကျနေရသူကို ပထမဆုံးအကြိမ် ကိုယ်တိုင် တွေ့ဆုံလိုက်ရသည့်အတွက် ကောလီရှုသည်လည်း ရှင်းမပြတတ်လောက်အောင်ပင် စိတ်လှုပ်ရှားမိနေတော့သည်။

“စီနီယာ .. တွေ့ .. တွေ့ရတာ ဝမ်းသာပါတယ် ...”

ယီချန်းယန်က သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အကြည့်တို့ကို ဘေးနားတွင်  ရပ်နေသည့် ယန်အန်းယုထံ ပို့လိုက်ကာ လက်ကို ဆန့်ထုတ်လျက် ပြောလိုက်သည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now