👥️Chapter 38
ဒါရိုက်တာချူသည်လည်း အနည်းငယ် ခေါင်းခဲနေမိ၏။ မုယွင်ရွှင်းတွင် ရိုက်ကူးရမည့် ဇာတ်ကွက်ဟူ၍ များများစားစား မရှိ၊ ဇာတ်လမ်း၏ ပထမတွဲတွင် သူ ပေါ်လာသည့် အခန်းဟူ၍ မရှိသလောက် နည်းပါးကာ စာသားအနည်းငယ်ခန့်သာ ပြောရသည့် နောက်ခံဇာတ်ကောင်တစ်ခုမျှသာ ဖြစ်ပေသည်။ သို့သော် နောက်ပိုင်း အတွဲများတွင်မူ သူ့ဇာတ်ကောင်သည် အရေးပါသည့် နေရာသို့ တစ်ဖြည်းဖြည်း ရောက်ရှိလာတော့၏။
ဒါပေမယ့် အဲဒီ့နေရာမှာ သရုပ်ဆောင်မယ့်လူက ဘယ်သူလဲ ...
ထိုအဖြေကိုမူ ဒါရိုက်တာချူ ကိုယ်တိုင်ပင်လျှင် သိမထားချေ။ ရင်းနှီးမြှုပ်နှံသူနှင့် ထုတ်လုပ်ရေးအဖွဲ့က ထို သရုပ်ဆောင်၏ အရည်အချင်းမှာ ကျိန်းသေ ကောင်းမွန်ပါသည်ဟုသာ အာမခံထား၏။
ပဟေဠိဖြစ်ဖွယ်များနှင့် ခေါင်းခဲနေရစဉ်မှာပင် .. အားလုံး သိချင်နေကြသည့် အရေးကြီးဗီလိန်ဇာတ်ကောင် “မုယွင်ရွှင်း” ရိုက်ကွင်းသို့ ရောက်ရှိလာတော့သည်။
ယီချန်းယန် ထွက်ပေါ်လာချိန်တိုင်း အားလုံး၏ အာရုံစိုက်မှုများသည် သူ့ထံသို့သာ စုပြုံရောက်ရှိလာတတ်ကာ ဤတစ်ကြိမ်မှာလည်း ခြွင်းချက် မဟုတ်ချေ။
ဒါရိုက်တာချူ၏ အကြည့်တို့ ဝင်းလက်သွားတော့၏။ ထုတ်လုပ်ရေးအဖွဲ့သည် ဤကဲ့သို့သော အင်အားကြီး ဝှက်ဖဲတစ်ချပ်ကို အမှန်တကယ် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု တွေးပင် တွေးမထားမိခဲ့ဖူးချေ။
အခြား သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးလည်း ကြောင်အသွားရှာတော့၏။
ယီချန်းယန်သည် တီဗီဇာတ်လမ်းတွဲများ၌ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခြင်း မရှိတော့သည့်တိုင် ရံဖန်ရံခါတွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်တတ်ကာ သူ ပါဝင်သည့် ဇာတ်လမ်းတွဲတိုင်းသည်လည်း ကြည့်ရှုနှုန်း အဆင့်သတ်မှတ်ချက် ကောင်းမွန်ရန် ကျိန်းသေသည့် အနေအထားသို့ ရောက်ရှိတတ်ပေသည်။
ယန်အန်းယုသည်လည်း ကြောင်အသွားရကာ ဒါရိုက်တာချူအနားသို့ လှစ်ခနဲ ပြေးသွားပြီး တိုးတိုးလေး မေးလိုက်သည်။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .