Chapter 19👥️

618 76 0
                                    

👥️Chapter 19

၁၈ လွှာ၊ တိုက် A ၊ ဝေ့ဟွား အဆောက်အဦး၌ .. မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ယန်အန်းယုသည် ဒါရိုက်တာကျိုး ပေးထားသည့် လိပ်စာအတိုင်း ရောက်လာခဲ့သည်။

“ဟားဟား ရှောင်ယု ငါ မင်းကို မျှော်နေတာ ...”

သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာကျိုးက အားရဝမ်းသာ ပြေးလာခဲ့သည်။

ယခင်က ဒါရိုက်တာကျိုးသည် ယန်အန်းယု၏ သရုပ်မှန်ကို မသိခဲ့ချေ။ တစ်ဖက်လူသည် ယန်ကျွယ့်၏ ညီငယ်လေး ဖြစ်သည်ဟု သိရပြီးသည့်အခါ သူ့စိတ်ထဲတွင် အံ့ဩဝမ်းသာ ဖြစ်မိသွားတော့သည်။ ထိုကဲ့သို့သော နောက်ခံမျိုးနှင့်သာဆိုလျှင် ယန်အန်းယုသည် နောင်တစ်ချိန်ချိန်၌ အနုပညာလောကထဲသို့ ဝင်သည့်တိုင် အလွယ်တကူ အနိုင်ကျင့်ခံရတော့မည် မဟုတ်ပေ။

စိမ်းသက်နေသည့် ပတ်ဝန်းကျင်ကြောင့် ယန်အန်းယုသည် လာရာလမ်းတစ်လျှောက် စိတ်ဖိစီးနေခဲ့မိသည်။ သူနှင့် ရင်းနှီးနေသည့် မျက်နှာကို မြင်လိုက်ရကာမှ စိတ်အေးသွားပြီး အားရဝမ်းသာ ပြုံးနိုင်လာ၏။

“ဒါရိုက်တာကျိုး မတွေ့ရတာ ခဏလေးပဲ ရှိသေးတာကို ပိုပြီးတောင် ခန့်ညားလာပြန်ပြီနော် ...”

“ဟားဟား ကောင်လေး မင်း ဘယ်တုန်းက ဒီလောက်အထိ နှုတ်ချိုသွားရတာလဲ “လက်ဝှေ့ကျော်” ရဲ့ တုန့်ပြန်မှုတွေက တအား ကောင်းနေတော့ ငါလည်း ပျော်နေမိတာပေါ့ကွာ ...”

ဒါရိုက်တာကျိုးက သူ့နောက်ကျောကို ပုတ်ကာ ပြောလိုက်သည်။ ထို့နောက် သူ့ကို အတွင်းဆုံး အခန်းထဲသို့ ခေါ်လာလိုက်၏။ စတူဒီယိုထဲတွင် သရုပ်ဆောင်တစ်ဦးက လူရွေးပွဲ ဝင်ဖြေနေကာ ဘေးနားတွင် ဒါရိုက်တာရှုနှင့် လက်ထောက်ဒါရိုက်တာက စခရင်ကို ကြည့်၍ အသံခပ်တိုးတိုးဖြင့် ဆွေးနွေးနေကြသည်။

ထိုနေရာသို့ မလာမီ ယန်အန်းယုသည် ဒါရိုက်တာရှုနှင့် ပတ်သက်သည့် သတင်းအချို့ကိုလည်း ရခဲ့သေးသည်။

ဒါရိုက်တာ ရှုဟောက်ကျန်းသည် ပြည်တွင်းရှိ ထိပ်တန်းဒါရိုက်တာ ဆယ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ကာ ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်တွင်လည်း လွန်စွာ ဩဇာလွှမ်းမိုးနိုင်သူ ဖြစ်ပေသည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now