Chapter - 7 [Zawgyi]

32 1 0
                                    


ထိုနေ့က ကာယအချိန်တွင်ဖြစ်သည်။

နောက်အတန်းချိန်က ကာယချိန်ဖြစ်သော်ငြား ကာယဆရာမှာ ထိုနေ့ကကိစ္စရှိသဖြင့် အင်္ဂလိပ်ဆရာမထံ အတန်းလွှဲပေးခဲ့၏။

ဒီလိုအ​ခြေအနေမျိုးကကြုံနေကျဖြစ်တာကြောင့် အားလုံးကကျင့်သားရနေကြလေပြီ။ ကာယချိန်တွင် စာသင်ခန်းကထွက်ပြီး အားကစားကွင်းထဲလျှောက်သွားနိုင်သဖြင့် ကျောင်းသားများအမျှော်လင့်ဆုံးအတန်းချိန်က ကာယချိန်ဖြစ်သလို ကာယဆရာကလည်း သူ့အတန်းချိန်အား အမြဲလိုပင် တခြားဆရာများထံလွှဲပေးနေကျဖြစ်သည်။
ကာယဆရာမှာအမှန်တကယ်ပဲ တခြားကိစ္စရှိ​၊မ​ရှိတော့မသိ။

အားလုံးကမျှော်လင့်ထားသည့် ကာယချိန်အားလက်လျော့လိုက်ကာ ရှေ့အတန်းချိန်ပြီးသည်နှင့် အင်္ဂလိပ်စာအုပ်ကို ကြိုထုတ်ထားလိုက်ကြသည်။ သို့သော် မထင်မှတ်ထားဘဲ ကာယကိုယ်စားလှယ်ခေါင်းဆောင်က ကာယချိန်ပြန်စမည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။

နဂိုနိမ့်ကျနေခဲ့တဲ့လေထုက တခဏတွင်းချင်းမှာပဲတက်ကြွသွားကာ လူတိုင်းကထိုင်ခုံမှထလိုက်ပြီး  ဆရာစိတ်ပြောင်းသွားမည်စိုးသဖြင့် ထွက်နိုင်သမျှမြန်မြန် စာသင်ခန်းတွင်းမှထွက်လိုက်ကြသည်။

ကာယချိန်မှာ များများစားစားလုပ်စရာမရှိပေ။ သွေးပူလေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီးသည်နှင့် အားကစားကွင်းထဲတွင် စိတ်ကြိုက်ကစားနိုင်သည်။  

မိန်းကလေးအများစုကတော့ စကားပြောရန် ထိုင်စရာနေရာရှာလိုက်ကြပြီး ယောကျာ်းလေးများ​ဘတ်​စကတ်ဘောကစားနေသည်အား ကြည့်နေကြသည်။ အမှန်တော့ ကွင်းထဲပတ်လမ်းလျှောက်လိုက်၊ စကားပြောလိုက်နှင့် စိတ်ဝင်စားစရာသိပ်မရှိသော်လည်း ထိုအချိန်ကသူတို့အတွက်တော့ တစ်ပတ်တာအတွင်း စိတ်အပန်းပြေရဆုံးအချိန်ဟုဆိုနိုင်သည်။
 

ယန်ရှီးယွဲ့ ၊ လျိုကျင့်ယွီနှင့် ရှန်ကျားက ဘတ်စကတ်ဘောကွင်းနဲ့ သိပ်မ​ဝေးသည့်နေရာတွင်ထိုင်လိုက်ပြီး အတန်းထဲမှကောင်လေးတသိုက် ဘတ်စကတ်ဘောကစားနေသည်ကို ကြည့်နေလိုက်သည်။
 
ဒီနေ့သူက ဘတ်စကတ်ဘောဖိနပ်အားစီးမထားပေ။ ကာယဆရာက အတန်းချိန်မရှိကြောင်း အသိပေးထားလိုက်၍ ဖြစ်နိုင်သည်။ ရိုးရိုးရှူးဖိနပ်အဖြူရောင်ကိုသာ စီးထား၏။ 
 
ရှူးဖိနပ်ဖြင့် ဘတ်စကတ်ဘောကစားရတာ အဆင်မပြေလို့ပဲထင်သည်၊ သူကခဏမျှသာကစားလိုက်ပြီးနောက် ကွင်းဘေးတွင်ရပ်ကာ လင်းထုန်နဲ့စကားပြောရင်း တခြားသူတွေကစားတာကိုသာ ထိုင်ကြည့်နေလိုက်သည်။

But You Didn't [ဘာသာပြန်]Where stories live. Discover now