2019ခုနှစ်၊ နွေဦးရာသီ။
ထိုနှစ်ကရာသီဥတုသည် လျင်မြန်စွာ နွေးထွေးလာခဲ့၏။ နွေဦးအစောပိုင်းတွင်ပင် ညိုးနွမ်းခြောက်သွေ့နေခဲ့သောအပင်များက ပြန်လည်စိမ်းစိုလာကာ နေရာတိုင်းကသက်ဝင်လှုပ်ရှားနေတော့သည်။
ယန်ရှီးယွဲ့က ယနေ့ ကျောင်းအနီးကအင်္ကျီဆိုင်တစ်ဆိုင်ကိုသွားရန်ရှိသည်။ သူမသိပ်မကြာသေးခင်ကမှဝယ်လာသည့် ကုတ်အင်္ကျီတစ်ထည်က အနာအဆာတစ်ခုပါနေ၍ အင်္ကျီဆိုင်ကို wechatကနေ ဆက်သွယ်ခဲ့ပြီး စနေနေ့တွင် ပြန်သွားအပ်ရန်စီစဉ်ထား၏။
စီးပွားရေးတက္ကသိုလ်အနီးတွင် မြေအောက်ရထားရှိသဖြင့် သွားရေးလာရေးအဆင်ပြေလှသည်။
ထိုနေ့က ယန်ရှီးယွဲ့သည် ဆွယ်တာအဖြူ၊ အပြာနုရောင်ဂျင်းဘောင်းဘီဖြင့် ရိုးရိုးရှင်းရှင်းသာ ဝတ်ထားသည်။ သူမကတစ်ကြိုးသိုင်းအိတ်ကိုလွယ်ထားပြီး နေရှိန်ကအလွန်ပြင်းနေကာ ကိုယ်တိုင်ကထီးသယ်ရသည်ကိုမကြိုက်သူဖြစ်၍ ဘေ့စ်ဘောဦးထုပ်သာ ဆောင်းခဲ့လိုက်သည်။ သူမမျက်လုံးက နေရောင်တိုက်ရိုက်အထိခံမရသည်မို့ နေရှိန်ပြင်းသည့်အချိန်တိုင်း သူမကဦးထုပ်သာဆောင်းလေ့ရှိ၏။
ယန်ရှီးယွဲ့သည် အကျင့်အတိုင်း ခေါင်းနှိမ့်ထားပြီး ဘူတာရုံ စက်လှေကားပေါ်တွင် ဖုန်းငုံ့သုံးနေကာ အဆောင်ဖော်များအဖွဲ့လိုက်စကားပြောခန်းကို ဝင်ဖတ်နေသည်။
ရုတ်တရက် သူမနာမည်အား ခေါ်လိုက်သည့်အသံကို ကြားလိုက်ရ၏။
အသံမှာအနည်းငယ်တိုးနေပြီး မသေချာမရေရာသည့်ပုံနှင့် ခေါ်လိုက်သလို။
သို့သော် ယန်ရှီးယွဲ့ကတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ ရှင်းရှင်းလင်းလင်းနှင့် ဤအသံပိုင်ရှင်ကိုပါ တန်းသိလိုက်သည်။
အနှီအသံမှာ သူမအဖို့တော့ ရင်းနှီးနေလွန်း၍ ထပ်စဉ်းစားတုံ့ပြန်နေရန်ပင်မလိုချေ။ အသံကြားလိုက်ရုံနဲ့တင် အသံပိုင်ရှင်ကိုခွဲခြားနိုင်သည်။
အမှန်တကယ်တုံ့ပြန်သင့်သည်က ထိုအချိန်အခိုက်အတန့်လေးတွင် ရပ်တန့်သွားသော သူမ၏ရင်ခုန်သံများသာ။
သူမသည် မှင်သက်တုန်လှုပ်သွားရာမှ ပြန်အသိဝင်သွားစေရန် အချိန်ယူလိုက်ရ၏။
YOU ARE READING
But You Didn't [ဘာသာပြန်]
Romanceတစ်ဖတ်သတ်အချစ်ဆိုတာ ဘယ်တော့မှ နေ့အလင်းရောင်ကိုထိတွေ့ခွင့်မရှိတဲ့ ဒိုင်ယာရီလေးသာ။