Chapter -30 [Zawgyi]

34 1 0
                                    

ယန်ရှီးယွဲ့ ထိုညက သီးသန့်အခန်းထဲကအသီးတွေကို ဘယ်လောက်တောင်စားမိလဲပင်မမှတ်မိတော့သလို ​တွေ့ဆုံပွဲဘယ်လိုပြီးဆုံးသွားပြီး သူမကိုဘယ်သူတွေစကားလာပြောလိုက်သလဲလည်း ရှင်းရှင်းလင်းလင်းမသိတော့ပေ။
 
တွေ့ဆုံပွဲပြီးချိန်မှာပဲ ယန်ရှီးယွဲ့ ကားငှား၍တစ်ယောက်တည်းပြန်၏။ တခြားလူများက အတူပြန်ဖို့ပြောလာသည်ကိုလည်း ငြင်းပယ်ခဲ့ကာ ဘေးလူတွေပြောသည့်စကား၊ကြည့်လာသည့်အကြည့်တွေအားလုံးကို လျစ်လျူရှုခဲ့ပြီးတစ်ယောက်တည်းကားငှား၊အိမ်ပြန်လာလိုက်သည်။

ထိုအချိန်က သူမ အိမ်ကိုသာပြန်ချင်နေပြီ။
  
သူမ ဘယ်လိုမှတောင့်ခံနိုင်စွမ်းမရှိတော့လို့၊ အချိန်နည်းနည်းလောက်နှောင်းတာနဲ့ သူမလဲပြိုကျ​မိတော့မှာ။
  
အဲ့ဒီနေ့က သူမဟာအလှဆုံးဂါဝန်လေးကိုဝတ်ထားခဲ့ပြီး သူသဘောကျတယ်ဆိုတဲ့ ဆံပင်ရှည်ကိုလည်းချထားခဲ့ပါရဲ့၊ အိတ်ကိုတောင်ဂရုတစိုက်နဲ့လိုက်ဖက်အောင်ရွေးလွယ်ထားခဲ့ပြီး သူမရဲ့လှပတဲ့တစ်ဖက်ခြမ်းကို သူ့ကိုပြသချင်ခဲ့တာ၊ အဆုံးသတ်မှာတော့ လက်သင့်မခံနိုင်စရာရလဒ်ကိုသာပြန်ရခဲ့ရှာသည်။

ကြည်လင်နေတဲ့နေ့ရက်မှာ ရုတ်တရက်မိုးသက်လေနှင်းထန်လာသည့်ပမာ၊ သူမရဲ့စိတ်ကူးမျှော်လင့်ချက်အားလုံး ပျက်စီးကြေမွသွားပုံများ ဘာဆိုဘာမှမကျန်ခဲ့တော့။

အိမ်ပြန်သည့်လမ်းတစ်လျှောက် ကြုံတောင့်ကြုံခဲကားပိတ်နေ၏။ ဟိုင်ချန်မြို့သည် ညဘက်ဆိုလျှင်စည်ကားခြင်းသိပ်မရှိခဲ့သည့်အလျောက် ဒီနေ့မှ လမ်းဆုံတစ်ခုတွင် ကားပိတ်ခြင်းကြုံနေရ၏။ အနီးအနားတွင်ကျောင်းရှိ၍ဖြစ်မည်၊ ညဘက်ကိုယ်ပိုင်စာကြည့်ချိန်မှဆင်းလာသည့် ကျောင်းသားများကို လာကြိုသည့်မိဘများမှာမနည်းမနော၊ ယာယီလမ်းပိတ်ဆို့နေ၏။
  
ကားဆရာမှာ ဟိုင်ချန်ဒေသိယလေသံဖြင့် လမ်းပိတ်ဆို့မှုအပေါ် မကျေမနပ်တတွတ်တွတ်ရွတ်နေ၏။
 
ယန်ရှီးယွဲ့ ကားနောက်ခန်းတွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ငေးနေရင်း တိုက်တိုက်ဆိုင်ဆိုင် အမှတ်(၇)ကျောင်းရှေ့မှဖြတ်သွားသည့်အခိုက်နှင့်တိုး၏။ အမှတ်(၇)ကျောင်း စာသင်ဆောင်များမှာ မီးလင်းထိန်းနေလျက် ညဘက်ကိုယ်ပိုင်စာကြည့်ချိန်မှဆင်းလာသည့်ကျောင်းသားအသီးသီးတို့က ကျောင်းအတွင်းရောပြင်ပမှာပြန့်ကျဲ​နေပြီး ကျောင်းဘေးနားက ဈေးဆိုင်လေးအတွင်းမှာလည်း ကျောပိုးအိတ်လွယ်ထားသည့်ကျောင်းသူ၊ကျောင်းသားများချည်းသာ။

But You Didn't [ဘာသာပြန်]Where stories live. Discover now