ရန်သူ့ချစ်ဇနီး_1
သူမနာမည်က ကျောက်မုန့်ချန် ဖြစ်သည်။ ရှန်းတိုင်းပြည် ပထမမင်းဆက်၏ ပထမဆုံးသော မင်းသမီးလည်း ဖြစ်၏။ သူမ၏မိခင်က ရှန်းတိုင်းပြည် ကျောက်မင်းဆက်ကို တည်ထောင်ခဲ့သည့်သူများအနက် ပါဝင်ခဲ့သော နာမည်ကြီးသည့် စစ်သူကြီးတစ်ဦး ဖြစ်၏။ ရှန်းတိုင်းပြည် ကျောက်မင်းဆက်၏ ပထမဆုံးသော ဧကရီတစ်ပါးလည်း ဖြစ်သေးသည်။
သို့သော်လည်း သူမ၏မယ်တော်က အသက်ရှည်ရှည် မနေခဲ့ရ။ မုန့်ချန် အရွယ်မရောက်ခင်မှာပင် ဆုံးပါးသွားခဲ့သည်။ သူမ၏မယ်တော်ကား စစ်တိုက်ရင်း ရရှိလာသော ဒဏ်တို့ကြောင့် နောက်ထပ် ကလေးမမွေးနိုင်တော့ချေ။ ထို့ကြောင့် သူမအပေါ် အလွန်အမင်း တင်းကျပ်ကာ ဆက်ခံသူတစ်ဦးတဖွယ် ပျိုးထောင်ခဲ့၏။ ရလဒ်ကား ခမည်းတော်မင်းကြီးမှ သူမအား မကြည်သာတော့ပေ။
ခမည်းတော်မင်းကြီးက မကြည်သာသည်ကို မယ်တော်ကား နှုတ်ခမ်းတွန့်ကွေးရုံမျှသာ ပြုံးလျက် မည်သည့်စကားကိုမျှ မဆို။ သို့ရာတွင် မယ်တော်၏ စီမံမှုအောက်၌ မုန့်ချန်သည် လုမျိုးနွယ် စစ်သူကြီးအိမ်က အမွေဆက်ခံသူ အလိုအလျောက် ဖြစ်လာသလို တော်ဝင်မိသားစုက တော်ဝင်မင်းသမီးတစ်ပါးလည်း ဖြစ်လာခဲ့သည်။
မယ်တော် လွန်ပြီးနောက် မိခင်မဲ့သည့် တော်ဝင်မင်းသမီးက အနောက်နန်းဆောင်မှာ နေရာမရသည်က ထုံးစံသာ ဖြစ်၏။ လျစ်လျူရှုခံရခြင်းကလည်း မထူးခြားနားပေ။ မုန့်ချန်သည် စစ်သူကြီးအိမ်တော်၌သာ ကြီးပြင်းလာသည်ဟု ဆိုနိုင်သည်။ ကျောက်မင်းဆက် ပထမအဆင့်စစ်သူကြီး၏ သမီးပီသစွာဖြင့် စစ်သည်တော် ဝတ်စုံများကို သဘောကျတတ်သည်။ နန်းတွင်းလှည့်ကွက်များစွာကို သိမြင်ခဲ့ပြီး စစ်တပ်ကို ထိန်းချုပ်ရန် သဘာဝကျကျပင် စွမ်းဆောင်နိုင်ခဲ့သေးသည်။
မုန့်ချန်သည် အဘိုးဖြစ်သူနှင့်အတူ စစ်တပ်စခန်းမှာ ကြီးပြင်းလာခဲ့ပြီးနောက် တစ်ရက်မှာတော့ သူမ၏ ခမည်းတော်ထံတွင် ထီးနန်းလျာမင်းသားငယ်လေးတစ်ပါး ရှိလာခဲ့သည်။ တခြားသော မင်းသမီးများစွာကို ထည့်မတွက်ဘဲ ထားလျှင် ရနိုင်သော်လည်း မင်းသားငယ်လေး ရလာသည်နှင့် မတူညီတော့ချေ။