ရန်သူ့ချစ်ဇနီး_2
"အ.."
ခပ်တိုးတိုး ညည်းညူလိုက်ပြီးနောက် မုန့်ချန် လူးလဲ ထရပ်လိုက်သည်။ သို့သော် ခန္ဓာကိုယ်က မခံနိုင်ဘဲနှင့် လဲပြိုကျသွားသည်။ ဓားနဲ့ အထိုးခံလိုက်ရတာက ရင်ဘတ်ကို မဟုတ်လား။ ဘာလို့ တစ်ကိုယ်လုံးက နာကျင်နေရတာလဲ။
"ဒုတိယသခင်မလေး.. ဒုတိယသခင်မလေး.. သတိရပြီလား"
အနားကို ပြေးဝင်လာသော မိန်းကလေး တစ်ယောက်က မုန့်ချန်ကို တွဲကူသည်။ မုန့်ချန် အားတင်းထားသော်လည်း မဟန်နိုင်ဘဲနှင့် ကုတင်ပေါ်ကိုသာ ပြုတ်ကျသွားသည်။ မိန်းကလေး အစေခံ..။ မုန့်ချန်မှာ မိန်းကလေး အစေခံ မရှိပေ။ မုန့်ချန်က နုနွဲ့နေတာ မဟုတ်တော့ မိန်းကလေး အစေခံ မရှိတော့တာ ဆယ့်သုံးနှစ်တောင် ရှိနေပြီ။
"ဒုတိယသခင်မလေး.. ရှောင်ရှင်း ပြောတာပဲ။ မင်းသားသုံးရဲ့ မိဖုရားလောင်းကို ရန်မစပါနဲ့ ဆိုတာ.. အခုတော့..."
မင်းသားသုံး..။ မင်းသားသုံးက ဘယ်သူလဲ။ ရှန်းတိုင်းပြည်မှာ မင်းသားတစ်ပါးတည်းသာ ရှိသည်။
"မင်းသားသုံးက ဘယ်သူလဲ.."
"ဒုတိယသခင်မလေး.. အရိုက်ခံရပြီး မေ့သွားပြီလား.."
"အရိုက်ခံရတယ်.."
ရှောင်ရှင်းဆိုသော မိန်းကလေး ပြောသမျှကို လိုက်နားထောင်ပြီးမှ လွဲမှားမှု တစ်ခုချင်းစီကို လိုက်စိစစ်နေမိသည်။ သူမ လက်များကို မြောက်ကြည့်လိုက်တော့ ကျောက်စိမ်းလို ဖြူပြီးသွယ်လျသော လက်ချောင်းများကို မြင်လိုက်ရသည်။ ပြီးနောက် အမာရွတ်မရှိပေ။ ဆိုလိုတာက ဒါက မုန့်ချန်၏လက် မဟုတ်ပေ။ မုန့်ချန်ရဲ့လက် မဟုတ်တော့ မုန့်ချန်ရဲ့ ကိုယ်လည်း မဟုတ်ဘူးပေါ့။ ဒါဆို မုန့်ချန်က ဘယ်ရောက် နေတာလဲ။
"မှန်ယူခဲ့.."
အစေခံကောင်မလေးက အပြေးအလွှား မှန်ပြေးယူပေးသည်။ ပြီးနောက် မုန့်ချန်၏ မျက်နှာနားမှာ ထားလိုက်တော့ မှန်ပေါ်တွင် သေးသေးသွယ်သွယ် မျက်နှာလေးက ပေါ်လာသည်။ ဖြူဖျော့နေသော မျက်နှာလေးက လှပနုသစ်သော်လည်း ထိုသူက မုန့်ချန်တော့ မဟုတ်ပေ။ သူမကိုယ်က မုန့်ချန်၏ကိုယ် မဟုတ်သော်လည်း သူမက လက်ရှိမှာ မုန့်ချန်ပဲ ဖြစ်နေသည်။