ရန်သူ့ချစ်ဇနီး_7
ကံကောင်းစွာနဲ့ မင်းသား(၂) အိမ်တော်ကို ဝင်ဖို့ ရက်က နေသာတဲ့ရက်လေး တစ်ရက် ဖြစ်နေခဲ့တယ်။ အိမ်တော်ကနေ ထွက်ဖို့ ပြင်ဆင်ထားတဲ့အရာတွေ အားလုံးက ပြည့်စုံလုနီးပါး ဖြစ်နေပြီ။
မုန့်ချန်ကို ရှောင်ရှင်းက အဝတ်နီနဲ့ ဆံထိုးတွေ အပြင်အဆင်တွေကို သေချာ ပြင်ဆင်ပေးတယ်။ ဆံထိုးကတော့ မုန့်ချန် မှာထားသလိုမျိုးပဲ ချွန်ပြီး ရှည်တာလေးတွေကို အဓိထားပြီးတော့ ပြင်ပေးတယ်။
သူများအိမ်တော်မှာ အရံကြင်ရာတော် သွားလုပ်ရတာမှာ ခင်ပွန်းသည်က မကြိုဆိုတဲ့အပြင် အိမ်တော်မှာတောင်မှ မရှိတဲ့ အခြေအနေမျိုးနဲ့..။
ဒီအခြေအနေမျိုးမှာ တခြားမိန်းမငယ်လေးတွေသာဆို စိတ်ဓာတ်ကျတာတို့ အားငယ်တာတို့ ဖြစ်သွားနိုင်တယ်။ မုန့်ချန်ကတော့ မတူဘူး။ မုန့်ချန် သိနေတာ ဆိုရင် ဟိုဘက်အိမ်တော်ကို ရောက်သွားတာနဲ့ နေ့သေမလား၊ ညသေမလားဆိုတာ မသိနိုင်တဲ့ အခြေအနေမှာ.. မုန့်ချန်က စိတ်ဓာတ်ကျမနေနိုင်ဘူး။
ဘယ်လို ကြိုးစားပြီး ရှင်သန်ရမလဲ ဆိုတာကိုပဲ တွေးမယ်။ ကျန်တာကို မတွေးချင်ဘူး။ ပြောရရင် မုန့်ချန် အရင်ဘဝတုန်းက ကောင်းကောင်း မရှင်သန်ခဲ့ရဘူးလို့ ဆိုနိုင်တယ်။
ငယ်ကတည်းက မင်းသမီးတစ်ပါး ဆိုတာတွေကို စောင့်ထိန်းခဲ့ရတယ်။ ပြီးတော့ ခမည်းတော်က အလိုမရှိတဲ့ မင်းသမီးကနေ အဘိုးဖြစ်သူရဲ့ ထိန်းသိမ်းမှုအောက်မှာ စစ်သူကြီးတစ်ဦး ဖြစ်လာတယ်။
စစ်သူကြီးတစ်ဦးလို သန်မာလာပြန်တော့ ခမည်းတော်နဲ့ သူ့ဧကရီက မုန့်ချန်ကို ပိုပြီးတော့ စိုးရိမ်လာကြတယ်။ နောက်ဆုံးမှာ မုန့်ချန်ကို အနောက်ဘက်အရပ်က စစ်ပွဲဆီကို ပို့လိုက်တယ်။ သေမယ် ရှင်မယ် ဆိုတာကို မုန့်ချန် ရွေးချယ်ခွင့် မရှိခဲ့ဘူး။
ကာကွယ်လိုတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့သမျှမှာ မုန့်ချန် အသက်ဘေးနဲ့ နီးနေခဲ့တာတွေ ချည်းပဲ။ ရှောင်လွဲဖို့လည်း မကြိုးစားခဲ့မိဘူး။
ဒီတစ်ကြိမ်မှာတော့ မတူတော့ဘူး။ မုန့်ချန် အသက်ဆက်ရှင်ဖို့ ကြိုးစားရမယ်။ လွတ်လပ်ဖို့ ကြိုးစားရမယ်။ နောက်ထပ် ငဲ့ကြည့်ရမဲ့ မျက်နှာတွေကို မငဲ့ချင်တော့ဘူး။