ရန်သူ့ချစ်ဇနီး_6
မနက်လင်းတဲ့အထိ တစ်ရေးမှ မအိပ်လိုက်ရဘဲ မိုးလင်းလာသည်။ မနက်ခင်းမှာ ပျံ့နှံ့နေမယ့် သတင်းတွေကို တွေးလိုက်မိလို့ ခေါင်းတွေတောင် ထိုးကိုက်လာပြန်၏။
အတွေးက လက်တွေ့ထက်ကို နောက်ကျသည်။ ရှောင်ရှင်းက မနက်ခင်းစာကို သယ်ပေးလာပြီးတော့ ပြောပြလာသည်။
"ဒုတိယသခင်မလေး မနေ့ညက မြို့တော်မှာ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားတယ်၊ မင်းသား(၂)ရဲ့ အိမ်တော်ကို လုပ်ကြံသူတွေ အများကြီး ဝင်တယ်တဲ့.."
"အများကြီး.. ဟုတ်လား.."
မုန့်ချန် မုန့်တွေတောင် သီးကုန်တော့မလို ခံစားလိုက်ရသည်။ မနေ့ညက သေချာပေါက် မုန့်ချန် တစ်ယောက်တည်း သွားခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုလုပ်ပြီးတော့ သတင်းပြန့်ကားမှုက လုပ်ကြံသူတွေ အများကြီး ဖြစ်သွားစေရတာလဲ။
"မင်းသား(၂)ရဲ့ ဧည့်ခန်းမဆောင်တစ်ခု မီးရှို့ခံလိုက်ရတယ်တဲ့၊ ပြီးတော့ လုပ်ကြံသူတွေက သိုင်းပညာတော်တယ်လို့ ကြားတယ်.."
"အဲဒါနဲ့.."
"မင်းသား(၂)က ဒီတစ်လော နန်းတော်မှာ ပြောင်းနေဖို့ကို မင်းကြီးဆီမှာ တင်လျှောက်မယ်လို့ ကြားတယ်.. ဖြစ်နိုင်တာက ဒုတိယမမလေးကပဲ မင်းသား(၂) မရှိတဲ့ အိမ်တော်ကို ဝင်ရမယ် ထင်တယ်"
သေစမ်း..၊ ဒါက ဘုန်းကြီးအမှု ရွာပတ်ပဲ၊ ဆိုလိုတာက မင်းသား(၂)က ချီလင်းချန်ကို မလိုချင်ဘူး ဆိုတာကို ဖော်ပြဖို့ မလိုဘဲနဲ့ ရှောင်ရှားနိုင်သွားတယ်။ မင်းကြီးဆီကနေ အမျက်မသင့်ဘဲနဲ့ ဒီမိန်းကလေးကို လိုသလို လုပ်နိုင်သွားတယ်။
ချီစစ်သူကြီးဆီကနေ အကျိုးရလဒ် ရနိုင်ဖို့ ဆိုတာက နည်းပါးတယ်။ ဒီတော့ ချီလင်းချန်ကို ဒီအတိုင်း ရှင်ခိုင်းဖို့ ရှိပါ့မလားဆိုတာ..၊ တကယ်လို့သာ မင်းသား(၂)က ချီအိမ်တော်ကို မျက်နှာလွဲ ခဲပစ် လုပ်နိုင်ဖို့ ဆိုရင်.. ချီလင်းချန်ကို သေချာပေါက်.. သတ်ပစ်လိမ့်မယ်။
ပြီးတော့ မင်းသား(၂)က နန်းတော်မှာ နေစဉ်အတွင်း သတ်ပစ်လိုက်တယ် ဆိုရင်.. သူ့မှာ အပြစ်မရှိတော့ဘူး။ ဒါကြောင့် ဒီလုပ်ကြံသူတွေ လာတယ် ဆိုတဲ့ သတင်းကို မင်းသား(၂)က လူသိရှင်ကြား ဖြစ်အောင် သေချာပေါက် လုပ်လိမ့်မယ်။