Chapter 41

349 39 0
                                    

အခန်း (၄၁)
စက်ဘီးစီးသင်


ကျန်းရွှမ်းလင် နဲ့ အစ်မ ဆုန်တို့ ကြိတ်ဆုံကို ခဏငှားလိုက်ကြသည်။ တာဝန်ကျ စစ်သားလေး နှစ်ယောက် ရှောင်ချင်းနဲ့ ထန်ရုန်ကန်တို့က ဆန်မှုန့်နဲ့ ပဲမှုန့်ကြိတ်ဖို့ ကူညီပေးကြလေသည်။ ပစ္စည်းတွေကို အိမ်အထိ ပါ လိုက်ပို့ပေးကြသည်။

ကျန်းရွှမ်းလင် အစ်မဆုန် လုပ်သလို လုပ်ပြီး တို့ဟူးချက်နည်းကို ကြည့်ရသည်။ တို့ဟူးလုပ်ရန် အချိန် အတော်ပေးရသည်။ သူမ ဇွန်းနဲ့ မွှေပြီးတော့ ပန်းကန်လုံးထဲထည့်ကာ သကြားညိုရည်ကို လောင်းထည့်ရသည်။ တဖြည်းဖြည်းနဲ့ အရသာရှိတဲ့ တို့ဟူးနှစ် ချိုချိုလေးရမှာ ဖြစ်သည်။

အစ်မ ဆုန်က ငန်ငန်စပ်စပ် တို့ဟူးနှစ်ကို ကြိုက်တာကြောင့် သူမက စပ်ပြီး ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး ခြောက်နဲ့ ကြက်သွန်မြိတ်တို့ ဖြူးထားတဲ့ အဖြူရောင် တို့ဟူးနှစ်ကို လုပ်သည်။ အရောင်ဖျော့တို့ဟူးဟု ခေါ် သည်။

"သိပ် မချိုသေးဘူး ထင်တယ်..လာပါဦး လာဦး ဒီပန်းကန်ကို လာမြည်းကြည့်ဦး"

ကျန်းရွှမ်းလင် ပန်းကန်ထဲက ငရုတ်သီးတွေ မြင်ပြီး နှလုံးခုန်တောင် ရပ်ချင်သွားသည်။ သူမ မြန်မြန် လက်ယမ်းပြလိုက်ပြီး...
"ဒီလို ချိုပြီး ချိုတဲ့ ချိုတာလေးကိုပဲ စားချင်တာရယ်"

"မင်းက မိန်းမငယ်လေးပဲ ရှိသေးတာပဲ၊ တို့ဒီပန်းကန်ကို ကလေး နှစ်ယောက်အတွက်ပေးလိုက်မယ်"

ကျန်းရွှမ်းလင် ဆန် ၆-၇ ပြည်လောက်ကို ကြိတ်ခဲ့ပြီး ယူလာတဲ့ ဆန်မှုန့်တွေကို ကန်စွန်းဥ၊ အာလူးတို့ကိုအနှစ်လုပ်ပြီး ဆီးသီးခြောက် ကြိတ်ထားတာကိုပါ ရောထည့်လိုက်သည်။ မြေပဲဆံလေးတွေ ကြိတ်ထားတာကို ဖြူးလိုက်ပြီး ပျားရည်၊ သကြားတို့နဲ့အတူ ရောကာ ကန်စွန်းဥ ဆန်မှုန့်လုပ်ထားတာနှင့် ရော၍ ပေါင်းလိုက်‌တော့သည်။

ပေါင်းထားတဲ့ အဝါရောင် ဆန်ကိတ်က မြေပဲဆံနှင့် ဆီးသီးခြောက်လေးတွေနှင့် တန်ဆာဆင်ထားလေ သည်။

သူမအိုးထဲကို ဆီနည်းနည်းထည့်ပြီး ဆန်ကိတ်ပေါင်းထားတာကို ရွှေညိုရောင် သန်းလာသည်အထိ ကြော် လိုက်တော့သည်။ ကပ်စေးစေးနှင့် နူးညံ့သော ဆန်ကိတ်ကို ရရှိပြီး ဝါးရင်လည်း သွားမှာမကပ်‌‌တော့ဘဲ မြေပဲ‌ဆံလေးတွေ ပါတာကြောင့် ဝါးလို့ကောင်းပြီး အရသာလည်း ရှိသည်။

သူမ အချိုအရသာ သုံးမျိုး လုပ်ထားလိုက်သည်။ ကလေးတွေအတွက် အချိုများများနှင့် ပုံမှန်အချိုအရသာ နှင့် အချိုနည်းတဲ့ အရသာဟူ၍။

အရမ်း မချိုတဲ့ဟာကတော့ သေချာပေါက် တစ်စုံတစ်ယောက်အတွက် သီးသန့် လုပ်ပေးထားခြင်း။ စားပြီး မျက်မှောင်ကျုံ့ပါလေ့စေ။

ကျန်းရွှမ်းလင် ကန်စွန်းဥ ဆန်ကိတ်ကို သေချာလုပ်ပြီး အစ်မ ဆုန်အိမ်နဲ့ ကူညီပေးတဲ့ စစ်သားလေး နှစ်ယောက်ကို ပေးလိုက်သည်။

ရှောင်ချင်းက ထပ်ခါ ထပ်ခါ ငြင်းလေသည် "မလုပ်ပါနဲ့၊ ရပါတယ် အစ်မရယ်။ ကျွန်တော် တကယ် မလိုပါ ဘူး"
"ကျွန်တော်တို့ အခုလေးတင် အရသာရှိတဲ့ တို့ဟူးတွေ စားပြီးပြီလေ။ ဒါကို ဘယ်လိုလုပ် ထပ်စားနိုင်မလဲဗျ"

"ယူသွားပါ။ ဒါ အိမ်လုပ် ဆန်ကိတ်ပဲ နှစ်ရက် သုံးရက်လောက်နေမှ စားလဲ ခံတယ်"

ကျန်းရွှမ်းလင် ပို့စရာရှိတာ ပို့ပြီး ပြန်ခဲ့လိုက်တော့သည်။

ထန်ရုန်ကန် တစ်ယောက် ဆီစိမ်စက္ကူနဲ့ သေချာထုပ်ထားတာလေးကို ဖွင့်ကြည့်လိုက်တာနဲ့ သပ်ရပ်စွာ ထည့်ထားတဲ့ ရွှေဝါရောင် ကိတ်တုံးလေးတွေကို တွေ့လိုက်ရသည်။ ဆီကြော်နံ့လေးက ချိုမွှေးနေပြီး စားချင်လာအောင် ဆွဲဆောင်နေသည်။

အခုလေးတင် ကန်စွန်းဥတွေ အန်ထွက်မတတ် စားပြီးပေမယ့် ကန်စွန်းဥနဲ့ရောထားတဲ့ ဆန်ကိတ်က သကြားထည့်ပြီး ဆီလေးနဲ့ ကြော်ထားတာနဲ့ အရသာ အရမ်းရှိနေမယ်လို့ မထင်ထားတာ အမှန်ပင်။

"စားကြည့်စရာတောင် မလိုဘူး။ မုန့်ကို ကြည့်လိုက်တာနဲ့တင် စားကောင်းမယ်ဆိုတာ သေချာနေပြီ"

"သူမက တပ်ရင်းမှူး ချီရဲ့ အသစ်စက်စက် ဇနီးလေးမလား။ သူမ ဒီတပ်ထဲ လာနေတာ‌တောင် နည်းနည်း ကြာသွားပြီပဲ"

"သူမက လှတယ်၊ နူးညံ့ ငြင်သာတယ်။ စကားပြောယဉ်ကျေးတယ်။ ငါကြားဖူးတာ ချီယင်းချန် မိသားစုရဲ့ ချွေးမက ခေါင်းဆောင်ဟယ်မိသားစုရဲ့ ချွေးမထက် လှတယ်တဲ့။ ငါအစက မယုံခဲ့ဘူး၊ အခုတော့ယုံသွားပြီ တကယ်လှတာဟ။ နှစ်ယောက်လုံးက တစ်မျိုးစီလှပြီး ပုံစံမတူကြဘူး"

"ပြောကြတာ‌တော့ သူမက ကျေးလက်က ကောင်မလေးတဲ့။ ငါ ထင်ခဲ့တာ တပ်ရင်းမှူးချီလို လူမျိုးက အနုပညာအဖွဲ့ထဲ ကတတ်ဆိုတတ်တဲ့ အမျိုးသမီးကိုပဲ လက်ထပ်လိမ့်မယ်လို့လေ"

"ငါ့အထင်တော့ အခု အမျိုးသမီးလေးက လှရုံတင်မဟုတ်ဘူး ဉာဏ်ကောင်းပြီး အရှက်ကြောက်ကြီးတယ် ကွ၊ ငါလိုက်ခဲ့ဖူးတဲ့ နူးညံ့တဲ့ ကောင်မလေးတွေနဲ့တော့ ကွာပါ့...ငါတော့ ကျန်ရစ်ပဲ ဖြစ်ခဲ့ရတာချည်း"

"ငါ ကြားဖူးတာတော့ တပ်ရင်းမှူး ချီက မင်းပြောသလို ချစ်စရာကောင်းအောင်နေတဲ့ ကောင်မလေးမျိုး မကြိုက်ဘူးတဲ့"

"...မင်းကို ဘယ်သူပြောလဲ"

"လူတိုင်းတော့ မပြောဘူးလေကွာ"

"...ဒီ အစ်မကတော့ တကယ်ကို နူးညံ့ညင်သာတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတာပဲ"
....................................................................................................................................................

ကျန်းရွှမ်းလင် နေ့လည်ခင်း သွားရေစာလေး စားပြီးတော့ တစ်ရေးအိပ်ပြီး နိုးလာတော့ အစ်မဆုန်ပြောတာကို သတိရသွားပြီး တံခါးဝမှာရပ်ကာ သံချေးကိုက်နေတဲ့ စက်ဘီးကို ငေးကြည့်နေမိသည်။

သည် ဖီးနစ် စက်ဘီး အသစ်လေးက ဝယ်ပြီးကတည်းက ဘယ်သူမှ မစီးရသေး။ ထောင့်တစ်ထောင့်မှာ သည်အတိုင်း ထားထားတာဖြစ်သည်။ အနက်ရောင် ဆေးသုတ်ထားတဲ့ပေါ်မှာ အဖြူရောင်ဖုန်တွေတက်နေတာကို အထင်းသား မြင်နေရသည်။

သည်ခေတ်မှာဆိုရင်တော့ ဒါကို ရတနာ ဖုန်တက်နေတယ်လို့တောင် ခေါ်ကြမလားပင်။

လက်ရှိခေတ်မှာ စက်ဘီး တစ်စီး ဝယ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ချေ။ စျေးကို အရင်မပြောသေးခင် ဝယ်ဖို့ ခွင့်ပြုလတ်မှတ် လိုသေးသည်။ ငွေနဲ့ ခွင့်ပြုလတ်မှတ်ပါတာတောင် ‌ထောက်ပံ့နဲ့ စျေးကွက် အေဂျင်စီကနေ စက်ဘီး နောက်ဆုံးပေါ်ရဖို့က မလွယ်ပေ။

ချီဟန်အတွက်လည်း သည်စက်ဘီး ဝယ်ရတာလွယ်မှာ မဟုတ်ဘူး။
ကျန်းရွှမ်းလင် "...."

ကျန်းရွှမ်းလင် ဘေဇင်က ရေကို သွားယူကာ ခပ်မြန်မြန် ညှစ်ထုတ်လိုက်သည်။ ရှီမန် ချွေ့ရွှယ်ရဲ့ အပြင် မထွက်ခင် ရနံ့ဖြင့် ရေချိုးခြင်းဓလေ့လိုပင်။
ရေညှစ်ချလိုက်ပြီးနောက် သူမ စက်ဘီးရဲ့ ထိုင်ခုံကို အရင်သုတ်လိုက်သည်။ သူမ စိတ်ထဲမှာတော့ သူမ သည်ရတနာပေါ်ကနေ မပြုတ်ကျဖို့မျှော်လင့်လျက်။

ကျန်းရွှမ်းလင် တံခါး အပြင်ဖက်ကို စက်ဘီးတွန်းလာခဲ့ပြီး အပြင်က လမ်းလေးမှာ စက်ဘီးစီးလေ့ကျင့်ရန် စီစဉ်လိုက်သည်။
သူမ ထိုင်ပြီးတာနဲ့ ချက်ချင်း နောင်တရသွားတော့သည်။ သူမ စက်ဘီးအသေးစားနဲ့ လမ်းပေါ်မှာစက်ဘီးစီး မကျင့်မိခဲ့ခြင်းကို နောင်တရမိလေသည်။

ယခုခေတ် စက်ဘီးတွေက မြင့်ပြီး၊ အလယ်မှာဘားတန်းရှိကာ ဘီးအကြီးကြီးတွေနဲ့ ခပ်ကြီးကြီး ကိုယ်ထည်ရှိကြသည်ပင်။ နောက်ပိုင်း မျိုးဆက်တွေမှာလို သေးပြီး အန္တရာယ် မကင်းချေ။

ကျန်းရွှမ်းလင် စက်ဘီးပေါ်မှာ အတော်ကြာအချိန်ဆွဲနေပြီး သူမ ခြေထောက်လွှတ်လိုက်သည်နှင့် စက်ဘီး ရှေ့ကလက်ကိုင်က မနာခံပဲ တစ်ဖက်ကို စောင်းသွားတော့သည်။
သူမ အတော်ကြာကြာ လေ့ကျင့်နေပေမယ့် တစ်နေရာတည်းမှာပဲ လည်နေတာဖြစ်သည်။

ထိုအချိန် ဂုတ်ဝဲဆံပင်နဲ့ မိန်းကလေး တစ်ယောက်က လမ်းတစ်ဖက်ခြမ်းမှာ ရပ်နေပြီး သူမကိုကြည့်နေလေသည်။ ထိုအမျိုးသမီးက မျက်ခုံးကောင်း‌ကောင်းနှင့် မျက်လုံးဝိုင်းဝိုင်းတို့ ရှိပြီး သာမန် ခဲပြာရောင် ဂါဝန် လေးကို ဝတ်ဆင်ထားတာဖြစ်သည်။ သူမကို ပြုံးပြီး ကြည့်နေလျက်ကနေ...
"မင်း စီးနေတာ ကြာနေပြီ အခုထိ မစီးတတ်သေးဘူးလား"

ထိုအမျိုးသမီး နာမည်က လော့ဟုန်ချွန်း ဖြစ်ပြီး သူမက အခုမှ မိဘအိမ်ကို လိုက်လာတဲ့ အသစ်စက်စက် စစ်သားမိန်းမ တစ်ဦး ဖြစ်ချေသည်။ သူမ အမျိုးသားက တတိယ တပ်ရင်းကြီးမှာ တက္ကသိုလ်နည်းပြ တစ်ဦး ဖြစ်သည်။

ကျန်းရွှမ်းလင် သူမ စကားကို ကြားတော့ အနည်းငယ် ရှက်သွားကာ မဲ့ပြုံးလေး ပြုံးလိုက်ရင်း..
"ဒီဥစ္စာက ကျွန်မအတွက် သင်ရ အရမ်းခက်နေတာ"

"စက်ဘီးပေါ်က ဆင်းလိုက်ပါလား ကျွန်မ စီးပြပြီး သင်ပေးမယ်လေ"

"မဟုတ်တာ၊ ရပါတယ်။ ရှင့်အချိန်တွေ ဖြုန်းမိသလိုဖြစ်လိမ့်မယ်..ကျွန်မဘာသာပဲ ဖြေးဖြေးချင်းစီးဖို့ သင်ပါ့မယ်..အခုတောင် စီးတာ နည်းနည်းရှေ့ရောက်နေပြီ"

ကျန်းရွှမ်းလင် သူမကို စက်ဘီးစီးသင်ပေးမယ့် လူတစ်ယောက်ပေါ်လာမယ်လို့ မထင်ထားခဲ့ချေ။ သူမရှေ့ မှာ စက်ဘီး စီးဖူးတဲ့သူ အတော်များများကိုလည်း တွေ့ဖူးပြီး ဖြစ်သည်။ သို့သော် အသုံးမဝင်ပေ။
ပြောရရင်တော့ သူမ သည်စက်ဘီးကို အခြားလူတစ်ယောက်ကို မစီးစေချင်ပါ။

"ဒီစက်ဘီးက သင်ဖို့ အရမ်းခက်တာလား။ ကျွန်မ ရွာမှာတုန်းက ဘေးအိမ်က ဦးလေးရဲ့ စက်ဘီးကို ပထမ ဆုံး အကြိမ်စီးဖူးတယ်။ လမ်းပေါ်မှာလည်း စီးဖူးတယ်။ အကယ်၍ လူသာ‌ရှေ့ကဖြတ်မသွားရင် ခြေထောက်ကို အားထည့်စရာတောင်မလိုဘူး ဘီးနှစ်ဘီးနဲ့ အငြိမ်လေးပဲ။ ရပ်ကြည့်နေပါလား ကျွန်မ စီးပြမယ်လေ"

ကျန်းရွှမ်းလင် သူမ ခေါင်းကို ငုံ့ထားလိုက်ကာ စက်ဘီးလက်ကိုင်ကို ကိုင်ထားလိုက်ပြီး ဘဲလ်တီးလိုက်သည်။
"ကျွန်မ နည်းနည်း စီးကြည့်လိုက်ပါဦးမယ်"

သူမ ပုံစံကို ကြည့်ပြီး လော့ဟုန်ချွန်းက ဘေးဖယ်ပေးလိုက်ကာ ပွစိပွစိ ပြောလာသည်က..
"ဒီလို စီးနေလို့တော့ ရမှာ မဟုတ်ဘူး...ဘီးပေါ်ရောတက်ဦးမှာလား"

"ပြောမယ်နော် စီးရင်းပြုတ်ကျမှာကို မကြောက်နဲ့။ စက်ဘီး လဲမှာကို စိတ်ထဲထားမနေနဲ့။ သေချာထိုင်နေ ရင် မလဲဘူးရယ်"

"အို့ ဒါမှမဟုတ် နည်းနည်းလောက် လဲပြီးရင် စီးနည်းကို သဘောပေါက်သွားလိမ့်မယ်။ သတ္တိရှိလိုက်ပါ"
.........

သူမ ပတ်ဝန်းကျင်က လူတွေက စကား အတော်ပြောကြသည်ပင်။ ကျန်းရွှမ်းလင် သူမ ပြောတာနားထောင် ရင်း အနည်းငယ် ကသိကအောက်ဖြစ်လာရကာ မျက်နှာက အစ်မကြီး ချီဟန်ရဲ့ အီးမပေါက်နိုင်တဲ့ မျက်နှာပေးလို ဖြစ်နေတော့သည်။

သူမ စိတ်ဆုံးဖြတ်လိုက်ပြီး တစ်ဖက်လူ ပြောတာ မှန်တယ်လို့ တွေးလိုက်မိသည်။ လဲကျမှာကို ကြောက်နေ ရင် စက်ဘီး စီးတတ်မှာ မဟုတ်ဘူးတဲ့။

ဒါကြောင့် ကျန်းရွှမ်းလင် ဘာမှငဲ့မနေတော့ပဲ စတင် စီးလိုက်ချိန် သူမ ခန္ဓာကိုယ်က တစ်ဖက်ကို စောင်းနေ ပြီး ခြေထောက်တွေက ခြေနင်းကို နင်းနိုင်သွားကာ တစ်ဘီးစာလောက် ရှေ့ကို ရောက်သွားပြီးနောက် သူမ မြေကြီးပေါ် လဲကျသွားတော့သည်။ စက်ဘီးဘဲလ်လဲ တင်ခနဲ မြည်သွားသလို သူမဒူးခေါင်းလည်း ကျောက် ခဲတစ်ခုနဲ့ ခြစ်မိသွားတော့သည်။

"အာ့..." ကျန်းရွှမ်းလင် ရှိုက်လိုက်မိသည်။ သူမဒူးက အောင့်ခနဲဖြစ်သွားကာ အတော်နာသွားသည်။

"ဟေ့၊ အဆင်ပြေရဲ့လား"

"ရပါတယ် ဒီတိုင်း လဲသွားရုံပါ"

"အဆင်ပြေသွားမှာပါ"

လော့ဟုန်ချွန်းရဲ့ မျက်လုံးတွေက စက်ဘီးပေါ်ရောက်သွားကာ စက်ဘီးက အခြစ်ရာကို တွေ့ပြီး...စိတ်ဆင်းရဲစွာ ပြောလာသည်က...
"ဒါက စက်ဘီး အသစ်လေးမလား"

"အသစ်လေး၊ ဝယ်ထားတာ မကြာသေးဘူး"

"ကောင်းတာပေါ့။ အခု‌တော့ အစင်းရာတွေနဲ့ ဘဲလ်လေးလဲ ခိုက်မိပြီး ပိန်သွားပြီ။ စက်ဘီး အကောင်းလေး ကို ကြည့်ဦး...ရှင် ဖျက်ဆီးလိုက်တာပဲ"

ကျန်းရွှမ်းလင် မျက်မှောင်ကျုံ့လိုက်မိသည်။ သူမတစ်ဖက်လူရဲ့ စကားတွေကို လစ်လျူရှုလိုက်ပြီး စက်ဘီးကို တွန်းကာ အိမ်ပြန်လာခဲ့‌တော့သည်။

လော့ဟုန်ချွန်းက သူမ နောက်လိုက်လာပြီး "ရှင် ဘယ်သွားမလို့လဲ"

"အိမ်မှာ လုပ်စရာ ရှိသေးလို့ စက်ဘီး ဆက်မစီးတော့ဘူး"

"ရှင် မစီးတော့ဘူးလား ဒါဆို ကျွန်မကို ခဏလောက် ပေးစီးပါလား"

ကျန်းရွှမ်းလင် သူမကို မကြည့်ဘဲ သူမ စက်ဘီးကို စိတ်ဆင်းရဲနေတဲ့ ပုံဖြင့်သာ ကြည့်နေလိုက်ပြီး...
"ဟင့်အင်း။ အခုလေးတင် ခြစ်မိထားတာဆိုတော့ ‌တော်တော် စိတ်ဓာတ်ကျနေတာ ကျွန်မတောင် မစီးရက်တော့ဘူး"

သူမ ပြောတဲ့စကားက သူမတောင် ဝန်လေးနေတာကြောင့် တခြားသူကို ပေးနိုင်လိမ့်မည်တဲ့လား။

လော့ဟုန်ချွန်း "...."

ကျန်းရွှမ်းလင် လော့ဟုန်ချွန်းကို ပထုတ်ခဲ့လိုက်ပြီး ခြံထဲကို စက်ဘီးတွန်းပြီး ဝင်လာခဲ့သည်။ တဘက်ဖြင့် သုတ်လိုက်ကာ သက်ပြင်းသာချမိတော့သည်။

"နောက်တော့ ကိုယ် အစ်မ ယောင်ကို သွားမေးပြီး လက်ထပ်ဖို့ ဘာတွေ လိုအပ်လဲ မေးလိုက်တော့ သူမက အဓိက ပစ္စည်း ၄ မျိုး ဖြစ်တဲ့ နာရီ၊ အပ်ချုပ်စက်၊ ရေဒီယိုနဲ့ စက်ဘီးတို့ကို ဝယ်ဖို့ပြောတယ်...အဲ့လိုဆိုရင် ကောင်မလေးရဲ့ မိသားစုက ဒါကိုမြင်ပြီး ကျေနပ်ပျော်ရွှင်လိမ့်မယ်တဲ့"
....
ကျန်းရွှမ်းလင် ထိုစကားများကို ကြားယောင်ပြီး သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူမရှေ့က ရတနာကို ကြည့်နေမိတော့သည်
အဲ့အရူးသာ အကုန် ဝယ်မပေးရင် ကောင်မလေးရဲ့ မိသားစုက ပိုတောင်ပျော်ဦးမည်။
အခုတော့ အတော်လေး ဒုက္ခရောက်ရလေသည်။
---ဒုက္ခချိုချိုပေါ့

ချီဟန် ညနေခင်းအိမ်ပြန်လာရင် ကျန်ရွှမ်းလင် သူ့ကို အရမ်းချိုတဲ့ အချိုဆုံး ကန်စွန်းဥ ဆန်ကိတ်ကို ကျွေး လိုက်မည်ဟု တေးထားလိုက်သည်။
မစားခင်ကတည်းက အချိုနံ့ မွှေးနေအောင်တောင် လုပ်ပေးလိုက်ဦးမည်။ ချိုမြိန်တဲ့ ဒုက္ခဆိုတာ ဘာလဲ သူ သိပါစေတော့။

ညနေရောက်တော့ ကလေး နှစ်ယောက်က ကျောင်းက ပြန်လာကြပြီ ဖြစ်သည်။ ပထမဆုံး ကျောင်းတက် ရက်မှာ ကလေးတွေက မပျော်မရွှင် ပြန်လာကြသည်။

ကျန်းရွှမ်းလင် ကလေးတွေရဲ့ အင်္ကျီနဲ့ လွယ်အိတ်ကို အသေးစိတ်စစ်ကြည့်တော့လည်း အနိုင်ကျင့်ခံရတာ၊ ရန်ဖြစ်တာလိုမျိုး လက္ခဏာတော့မတွေ့ရပါ။ အကုန် သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းပင်။

"သားတို့ နှစ်ယောက် ဘာဖြစ်လာကြတာလဲ"

ကျောင်းကနေ စိတ်ဓာတ် အတော်ကျပြီး မပျော်မရွှင်ပုံစံနှင့်ပြန်လာသည့် ပါးဖောင်းဖောင်း မျက်နှာရှိတဲ့ ငါးနှစ်အရွယ်ကလေးပုံစံက လူကြီးလေးလိုဖြစ်ကာ မြင်ရသူတိုင်းကို ရယ်စေလောက်သည်ပင်။

ကျန်းရွှမ်းလင် အကောင်ပေါက်လေးနှစ်ကောင်ကို ဖက်ထားလိုက်ကာ ကန်စွန်းဥဆန်ကိတ် ပူပူလေးကို ကျွေးလိုက်လေသည်။

"ပြောပါဦး။ ကျောင်းမှာ ဘာဖြစ်လာလို့လဲ"

ချီယွမ်က ဆန်ကိတ်ကို ကိုက်ကာ လက်သီးလေးကိုဆုပ်ထားသည်။ နည်းနည်းလောက် ဝါးပြီးနောက် ‌စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်က..
"ကျွန်တော့် နာမည်က ချီယီ ဆိုတာကို ချီ ကျောက်တုံးကြီးလို့ အတင်းခေါ်ကြတာ"

ကျန်းရွှမ်းလင် " ... "

ချီ ကျောက်တုံးကြီးက သောက်ကျိုးနည်း ဘာကြီးလဲ။
ပြီးတော့ မင်းနာမည်က အစကတည်းက ချီယွမ်‌ပါ။ ချီယီ မဟုတ်ပါဘူးနော်...

ကျန်းချန်က လက်ထဲက ဆန်ကိတ်ကိုတောင် ကုန်အောင် မစားဘဲ ကျန်းရွှမ်းလင် ရင်ခွင်ထဲပြေးဝင်လာကာ ပြောလာသည်...
"သူတို့က ကျွန်တော့်ကို ပန်းကလေး ကျန်း ဆိုပြီးခေါ်ကြတယ်"

ကျန်းရွှမ်းလင် "......."

အတည်ကြီး ... ပန်းကလေး တဲ့လား။

ကျန်းရွှမ်းလင် ထိုတောဆန်တဲ့နာမည်ကြောင့် ရုတ်တရက် ဘာပြောလို့ ပြောရမှန်းတောင် မသိ ဖြစ်သွား ရသည်။ ကလေးတွေကို ကျောင်းတက်တဲ့ ပထမဆုံးရက်မှာတင် နာမည်ပြောင်ပေးတာ ပုံမှန်ပဲလား။

ဒါပေမဲ့ ဘာကိစ္စ ကျောက်တုံးနဲ့ ပန်းကလေးလဲ။
ကျန်းရွှမ်းလင်ရဲ့ နှုတ်ခမ်းစွန်းတွေတွန့်နေမိပြီး...
"ချီ ကျောက်တုံးနဲ့ ပန်းကလေး ကျန်းလို့ ဘာကိစ္စခေါ်ကြတာလဲ"

ချီယွမ် "သူ ရှုံးလို့"
ကျန်းချန် "ကျွန်တော် ရှုံးလို့..."

ကျန်းရွှမ်းလင် " ... "

သည်မှာဘာ သောက်ကိစ္စတွေ ဖြစ်နေတာလဲဟ။

ငါ မင်းတို့ကို ပထမတန်းကို ပို့လိုက်တာမှ မဟုတ်တာ ဘာကိ စ္စအနိုင်အရှုံးကိစ္စတွေ ပါလာရတာတုန်း။

ကျန်းရွှမ်းလင် ကလေး နှစ်ယောက်ရဲ့ ဝိုးတိုးဝါးတား စကားကို နားလည်ဖို့ အတော်ကြာအောင် အချိန်ယူလိုက်ရသည်။ ကလေးအချင်းချင်း လက်မောင်းလှဲတမ်း ကစားရာကနေ ရှုံးသွားလို့ နာမည်ပေးခံရတဲ့ သဘောမျိုးဖြစ်သည်။

လတ်တလော ကလေးအချင်းချင်း လက်မောင်းလှဲတမ်းကစားတာက တော်တော်လေး နာမည်ကြီးနေတာ ဖြစ်သည်။ ကျန်းချန်နဲ့ ချီယွမ်တို့ရှိတဲ့ အတန်းမှာ မိန်းကလေး ၆ ယောက်၊ ယောကျ်ားလေး ၆ ယောက်ရှိပြီး ၁၂ ယောက် ရှိတဲ့ အတန်းဖြစ်သည်။

ယောကျ်ားလေး ၆ ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြိုင် လက်မောင်းလှဲကြပြီး နိုင်တဲ့သူကနေ ရှုံးတဲ့လူအထိ အားအရှိဆုံးကနေ အနည်းဆုံးကို စဉ်မှာဖြစ်သည်။ ပန်းကြီး၊ ပန်းလတ်၊ ပန်းသေးဆိုပြီး အဆင့်ဆင့် သတ်မှတ်တာ ဖြစ်သည်။

ပန်းကလေးလို့ ခေါ်ခံရတဲ့ ကိစ္စကတော့ သူ့မှာ အားမရှိဘဲ လက်မောင်းလေးက ပန်းပွင့်လေးလို ကျိုးလွယ် လို့ဖြစ်သည်။ ၆ နှစ် - ၇ နှစ်အရွယ်လေးတွေက သည်လို ရိုးရှင်းတဲ့ စကားလုံးတွေပဲ သိကြသေးသည်။

သူတို့ အတန်းထဲက အကြီး နှစ်ယောက်၊ အလတ် နှစ်ယောက်နဲ့ အငယ် နှစ်ယောက်ဆိုပြီး အဆင့်ခွဲပြီးပြီဖြစ်သည်။ အခုတော့ အတန်းထဲမှာ အငယ်ဆုံးနှစ်ယောက် ရှိနေပြီ ဖြစ်သည်။ ပန်းကလေးဆိုတဲ့ ကောင်လေးက ရှိနေပြီးသားပေမယ့် အသစ် နှစ်ယောက်ရောက်လာတော့ အစဉ်လိုက် ပြန်စီရတော့မှာ ဖြစ်သည်။

သညိတစ်ခါ နှစ်ယောက် ပိုလာတာကြောင့် နာမည်စဥ်က ကျောက်တုံးကြီး၊ ကျောက်တုံးလတ်၊ ကျောက်တုံးငယ်၊ ကျောက်တုံးလေး၊ ပန်းကြီး၊ ပန်းလတ်၊ ပန်းငယ်၊ ပန်းကလေးဆိုပြီး နာမည်သတ်မှတ်မှာ ဖြစ်သည်။

ချီယွမ်နဲ့ ကျန်းချန်တို့က အရမ်း ငယ်လွန်းတာကြောင့် အတန်းထဲက သူတွေ အကုန်လုံးက မျက်စိစုံမှိတ်ပြီး ပန်းငယ်နဲ့ ပန်းကလေး နေရာကို ပေးလိုက်တော့မှာ ဖြစ်သည်။

မူရင်း ပန်းကလေးနှင့် ပန်းကြီး နှစ်ခုကလည်း အဆင့်တက်ချင်ပြီး ထိပ်ပိုင်းက နှစ်ယောက်ကလည်း သူတို့က အတော်ဆုံးဆိုတာကို ပြချင်တာကြောင့် လူတိုင်းရဲ့ မဲပေးမှုနဲ့ ပြိုင်ပွဲကို ပြန်လုပ်ကြလေသည်။ ရလာဒ်ကတော့....ထင်ထားသလောက်မကောင်းချေ။

ကျန်းချန်ကလေးက အားသိပ် မရှိတာကြောင့် အလိုလိုနေရင်းကို ပန်းကလေး ဖြစ်သွားတာဖြစ်သည်။ ဒါပေမဲ့ ချီယွမ်ဆိုတဲ့ ဘဝင်ခိုက်နေတဲ့ အကောင်ပေါက်ကလေးက လူတိုင်းကို စပရိုက်တိုက်ပြီး မီးတောက်လို အင်အားနဲ့ လူတိုင်းကို အနိုင်ရသွားတော့သည်။

အခုတော့ ချီယွမ်က ချီ‌ ကျောက်တုံးကြီး ဖြစ်သွားကာ နဂိုနံပါတ် (၁) က ဒုတိယ ဖြစ်သွားပြီး ဒုတိယလူက တတိယ ဖြစ်သွားပြီး စတုတ္တလူက‌တော့ နဂိုအတိုင်း နောက်ဆုံး ဖြစ်ချေသည်။ ပန်းကြီးက ပန်းကြီး ဖြစ်ကာ ဒုတိယ ပန်းက ဒုတိယ ပန်းပဲ ဖြစ်၍ နဂို ပန်းငယ်က တတိယ ပန်းအဖြစ် နံပါတ်တက်သွားပြီး သူကတော့ ဒုတိယ ပန်း ဖြစ်မည်လို့ ထင်ခဲ့တာပင်။

ဒါကြောင့် သည်ဂိမ်းက အရှုံးများတဲ့ ဂိမ်းဖြစ်ပြီး သူတို့လိုချင်တဲ့ ရလာဒ်ကို ဘယ်သူမှ မရကြပေ။
ယောကျ်ားလေးတွေက သိပ်မပျော်ကြပေမယ့် မိန်းကလေးတွေက ချောမော့ ပြောကြပြီး သူတို့ကို နာမည် အလိုက်ခေါ်ကြတော့သည်။

ချီယွမ် ဒေါသဖြင့် တဟင်းဟင်းလုပ်ကာ "ချီ ကျောက်တုံးကြီးလို့ အခေါ်မခံချင်ဘူး နားဝင်ဆိုးလွန်းတယ် ချီယီလို့ပဲ ခေါ်ခံချင်တာ"

ကျန်းရွှမ်းလင် "...."
နိုးထလိုက်ပါတော့ ချီယီ။ သူ ပြောတဲ့ စကား ဘယ်ရောက်နေမှန်းတောင် သိရဲ့လား။

ကျန်းချန်ရဲ့ နှုတ်ခမ်းလေး ကုတ်ကျနေကာ...
"မမ၊ သားတော့ ပန်းကလေး ကျန်းလို့ အခေါ်မခံချင်ဘူး...ကျောက်တုံးကြီးလို့ပဲ ခေါ်ခံချင်တာ"

ကျန်းရွှမ်းလင် နဖူးပေါ် လက်တင်လိုက်ကာ... "....."
ကြည့်ရတာ ငါ့မောင်လေးက အဆင့်တိုးချင်နေပုံပဲ။

"မင်းတို့ နှစ်ယောက် လဲလိုက်ကြရင်‌ရော"

ကလေး နှစ်ယောက်လုံး ခေါင်းခါကြပြီး "ပန်းကလေးလို့ ခေါ်ခံချင်ပါဘူး"

"ကျွန်တော်က အကြီးကြီး နိုင်ချင်တာ"

ကျန်းရွှမ်းလင် "...."

ဒါက ပထမတန်း ကလေးတွေရဲ့ ပြိုင်ပွဲနဲ့ ပြသနာများလား။

သူမ သည်နေ့ စက်ဘီးစီးတာထက်တောင် ပိုပြီးစိတ်ဝင်စားစရာကောင်းနေတာပဲ။ မြစ်ရေနဲ့ ကန်ရေလို တင်းမာတဲ့ အခြေအနေတောင် ဖြစ်နေသေးတယ်။
ဒါက မြစ်နဲ့ ကန်‌ရေကို ဖြတ်သန်းသွားတဲ့ စွန့်စားခန်းများလား။

"မောင်လေး၊ နောက်ကြရင် အားကစား ပိုလုပ်ပြီး အစားများများ ပိုစားရမယ်နော်...နောက်ကြရင် အားရှိ လာတဲ့အခါ လက်မောင်းအား ပိုလှဲနိုင်ပြီး အနိုင်ရလိမ့်မယ်"

ကျန်းချန် အမှန်အကန် ခေါင်းညိတ်လိုက်ပြီး "အင်း"

ကျန်းရွှမ်းလင် "...."
ကျန်းချန်က ရှုံးမှာ သာမန်ပေမယ့် ကလေးတွေကြား သူက အတော်ငယ်တာ ဖြစ်သည်။ သူ့ရဲ့ အားကလည်း အခြားသူတွေနဲ့ စာရင် နည်းသေးသည်။

"ချီယီ တခြားသူတွေ နေရာယူသွားမှာ မကြိုက်ဘူးမလား။ လေ့ကျင့်ခန်း ပိုလုပ်ပြီး အများကြီး ပိုစားနော်"

ချီယွမ် ခေါင်းမော့လိုက်ကာ "ကောင်းပြီ"

"နှစ်ယောက်လုံးအတွက် ဒီည စားဖို့ တစ်ခုခု လုပ်ပေးမယ်နော်"

ချီဟန် ညနေကတည်းက အိမ်ပြန်ရောက်နေတာဖြစ်ပြီး ဦးထုပ် ချွတ်ပြီးတာနဲ့ ကျန်းရွှမ်းလင်က သူ့ဆီ ဆန်ကိတ်တွေ ထည့်ထားတဲ့ ပန်းကန်လေးနဲ့ ရောက်လာလေသည်။ အချိုတကာ့ အချိုဆုံး ဆန်ကိတ်ကို အချိုဆုံး သကြားမှုန့်နဲ့ လူးထားလေသည်။

သူမ ချီဟန့် ပါးစပ်နားကို ဆန်ကိတ် ခွံ့လိုက်သည်။
ချီဟန်က မျက်မှောင်ကျုံ့ပြီး သူမကို ကြည့်ကာ မစားချေ...။

"မစားရင် အိမ်ထဲ မဝင်ရဘူးနော်"
"ရှင့်အတွက် ကျွန်မ အချိန်ကုန်ခံပြီး လုပ်ထားတာ အလကား မဖြစ်စေနဲ့"

ချီဟန် "....."

ချီဟန် ခေါင်းငုံ့ကာ ဆန်ကိတ်ကို တိတ်တဆိတ် စားလေသည်။

"ရှင့်ကို အချိုမြိန်ဆုံး ဒုက္ခဆိုတာ ဘာလဲ သိစေချင်လို့"

ချီဟန် "..."

သူမ ပြောပြီးတာနဲ့ ဒူးခေါင်းက ဆစ်ခနဲနာလာတာကြောင့် ပန်းကန်ကို ချီဟန့်ဆီ ပေးလိုက်ကာ..

"အရမ်းတော့ မချိုလို့ ဘာမှမဖြစ်ပါဘူး"

"မီးဖိုချောင်သွားပြီး ညစာ ပြင်လိုက်ဦးမယ်" ကျန်းရွှမ်းလင် ပြောပြီး လှည့်အထွက် တစ်ဖက်လူက သူမ နောက်ကနေ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး...

"မင်း ခြေထောက်က ဘာဖြစ်တာလဲ"

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now