အပိုင်း(၇)

131 25 1
                                    

ကလေးအား ဘယ်သူဘယ်ဝါက အိမ်ပြန်လိုက်ပို့ပေးသည်မသိ၊ အော့ဟူ၏ဖခင်က နေ့တစ်ဝက်လောက် လိုက်ရှာနေရင်း ရှာမတွေ့၍ အိမ်ပြန်လာကြည့်လိုက်တော့ ကလေးက ကုတင်ပေါ်တွင်ပင် လှဲနေပြီဖြစ်သည်။

မူလဖျားနာမှုကပင် နလန်ထူနိုင်သေးသည် မဟုတ်၊ ထိုကဲ့သို့သော ကမောက်ကမဆန်မှုကိုပါ ကြုံတွေ့လိုက်ရခြင်းကြောင့် အခြေအနေမှာ ပိုလို့ပင် ဆိုးဝါးလာခဲ့သည်။ လေးငါးရက်ဆက်တိုက် ပြင်းစွာသောအဖျားက မယုတ်လျော့သွားပါဘဲ အသားအရေသည်ပင် ခြစ်ခြစ်တောက် ပူကျစ်နေသည်၊ မျက်နှာကလေးက ခရမ်းချဉ်သီးအလား နီမြန်းပူလောင်လျက်သား၊ နှုတ်ခမ်းသားသည်လည်း ခြောက်သွေ့မှုကြောင့် ကွဲအက်နေတော့ပြီး ကယောင်ကတမ်း အော်ငိုသံများကလည်း မရပ်မနား။

ကလေးဤတစ်ကြိမ် ရင်ဆိုင်လိုက်ရသော ရိုက်ခတ်မှုက ကြီးလွန်းပေသည်။ ချစ်လှစွာသော အဘိုးဖြစ်သူက ဆုံးပါးသွားသည်မှာ မကြာသေးသည့်အချိန်တွင် ကစားဖော်လေးကပါ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။ အဖျားကြီး၍ သတိမလည်တော့သော ကလေးငယ်ကို မိဘများကကြည့်ရင်း စိတ်မကောင်းလွန်း၍ မျက်ရည်ကြီးငယ်တို့က ရေစီးကမ်းပြို ကျဆင်းလာလျက်။

ကျေးရွာမှ သမားတော်သုံးဦး ပင့်လာခဲ့သည့်တိုင် မည်သူမှ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းသွားစေရန် မစွမ်းဆောင်နိုင်ကြပေ။ သမားတော်က ဤကဲ့သို့သာ အဖျားဆက်တက်နေမည်ဆိုပါက ဦးနှောက်ကိုထိခိုက်စေလိမ့်မည်ဟု သတိပေးသည်။

ငွေကြေး အမြောက်အမြား သုံးစွဲခဲ့သည့်တိုင် အခြေအနေက တိုးတက်လာခြင်းမရှိ။

အခြားရွေးချယ်စရာမရှိ၍ ကလေး၏ဖခင်က ကလေးကို မြို့သို့ခေါ်သွား၍ ဆေးကုသရန် ဆုံးဖြတ်ခဲ့သည်။

ဆယ်နာရီနီးပါးကြာ ခရီးနှင်ခဲ့ပြီးသည့် နောက်ဆုံးတွင်တော့ မြို့ထဲသို့ ရောက်လာကြသည်။

မြို့မှသမားတော်များက ပို၍ထူးချွန်ကြသည်ဆိုရမည်၊ လေးငါးရက်ခန့် အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးနောက် အပူချိန်မှာ ယုတ်လျော့လာသည်၊ ဆေးစာများလည်း လေးငါးရွက်လောက်ဖွင့်ပေးပြီး ပြန်သွားလျှင် ဖြည်းဖြည်းချင်းစားခိုင်းသည်၊ သို့သော်လည်း ကလေး အပြည့်အဝ ပြန်ကောင်းနိုင်ခြင်း ရှိမရှိကိုတော့ တပ်အပ်မပြောနိုင်ကြ။

ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】Where stories live. Discover now