ကလေးသည် ထိုအခါမှသာ သဘောပေါက်သွားသည်၊ ဦးနှောက်ထဲတွင် မကြာသေးခင်က ယွဲ့စစ်မင်တစ်ယောက်၏ နီမြန်းနေသော မျက်ဝန်းများကို လျှပ်တစ်ပြက် ပြန်လည်စဉ်းစားမိသောအခါ ချက်ချင်းဆိုသလို အမျက်ထွက်လျက် မိမိဘာသာ ခေါင်းခေါက်လိုက်မိသည်။
သူသည်လည်း ခုန်ထလာပြီး သခင်ငယ်လေးနှင့်အတူ အခန်းထဲလိုက်ဝင်လာတော့ ယွဲ့စစ်မင်က သူ့အားကျောပေးပြီး စားပွဲရှေ့ထိုင်ကာ လက်ဖက်ရည်ခွက်များနှင့် ဆော့နေသည်ကို တွေ့လိုက်ရသည်။
ကလေးက သူ့ဘေးနား ဝင်ထိုင်လိုက်ပြီး သူ၏ ညှိုးငယ်မှိုင်တွေနေသည့် အမူအရာကိုမြင်တော့ စိတ်ထဲတွင် လိပ်ပြာမလုံသလိုနှင့် ကူကယ်ရာမဲ့သလို ခံစားရသည်၊ နောက်ဆုံးမှသာ ညစ်ပေနေသော လက်ဖဝါးသေးသေးကို ဆန့်ထုတ်လာလျက် သူ၏ ခေါင်းကိုပွတ်ပေးလာသည်။
"ခင်ဗျား စိတ်မကောင်းမဖြစ်ပါနဲ့"
ယွဲ့စစ်မင်က သူ၏လက်ကို ဖယ်ထုတ်ကာ
"အရူး"
"ကျွန်တော်လည်း ကျွန်တော့်အမေကို မတွေ့ရတော့ အရမ်းသတိရတယ်......ကျွန်တော့်အမေက အရမ်းကြောက်စရာကောင်းတယ်ဆိုပေမယ့်......ဘာပဲဖြစ်ဖြစ်......ဘာပဲဖြစ်ဖြစ် ခင်ဗျား စိတ်မကောင်းမဖြစ်နဲ့တော့နော်၊ ကျွန်တော်နောက်ဆို ခင်ဗျားကိုအဖော်ပြုပြီး ကစားပေးမယ်၊ ခင်ဗျားကို ထောက်ခံပေးမယ်"
ယွဲ့စစ်မင်က နှုတ်ခမ်းကိုစူထားရင်း သူ့ကိုတစ်ချက်ကြည့်ကာ
"မင်းက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ"
ကလေးက ဂရုမထားပါဘဲ အလွန်သစ္စာရှိစွာဖြင့် ဆိုလာသည်။
"တကယ်ပြောတာ၊ ဒီလိုလေ၊ ခင်ဗျားက အဲ့တစ်ယောက်ကိုမုန်းရင် ကျွန်တော်လည်း ခင်ဗျားနဲ့အတူတူ သူ့ကို လိုက်မုန်းလိုက်မယ်"
ယွဲ့စစ်မင်က သူ့ကို လှည့်ကြည့်လာပြီး
"တကယ်?"
"တကယ်!သေတဲ့အထိ သူ့ကိုမုန်းသွားမယ်၊ နောက်ဆိုခင်ဗျား မုန်းတဲ့သူမှန်သမျှ ကျွန်တော်လည်း အကုန်လိုက်မုန်းမယ်!"
"အဲ့ဒါဆို ငါဘာပြောပြော မင်းနားထောင်ရမယ်နော်"
"ဟုတ်ပြီ......ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို မရိုက်ရဘူး၊ အငတ်လည်း မထားရဘူးနော်"
YOU ARE READING
ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】
Historical FictionName - 进宝娶媳妇儿/一言即诺 Author - 水千丞 Chapter - 61