အပိုင်း(၉)

155 35 4
                                    

ချွဲစစ်မင်တစ်ယောက် လက်သီးဆုပ်ထားရင်း ထိုင်ခုံပေါ်ထိုင်နေချိန်တွင် ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေရှာ၏။

သူများလား?

မဖြစ်......မဖြစ်နိုင်ဘူး......ဒီလောက်တောင် ကြာခဲ့ပြီလေ......သူ့ကိုရှာဖွေဖို့ စေလွှတ်ခဲ့သူတွေကလည်း လက်ဗလာနှင့် ပြန်လာကြတာချည်း၊ သူတို့က မိုးခေါင်ရေရှား ကာလမှာတင် ငတ်သေကြတာ ဖြစ်တန်သည်။ ဒီနေရာမှာ သူနဲ့ ပြန်ဆုံတယ်ဆိုတာ ဘယ်မှာအဲ့လောက် တိုက်ဆိုင်တဲ့ကိစ္စ ရှိရမှာလဲ။

သို့ပေမယ့်......နှစ်တွေအများကြီး ကြာခဲ့ပြီး သူ့ရဲ့ပုံရိပ်မှာလည်း အစောကတည်းက မှုန်ဝါးဝါဖြစ်နေခဲ့ပါပြီ၊ ဒါတောင်ဘာလို့များ အဲ့ဒီမျက်နှာကိုမြင်တာနဲ့ သူဖြစ်မယ်၊ သေချာပေါက်သူပဲ ဖြစ်လိမ့်မယ်လို့ ထင်မှတ်သွားရသလဲလေ၊ မှတ်ဉာဏ်များက လှောင်အိမ်ထဲမှ ရုတ်ခြည်းလွတ်မြောက်သွားသည့်အလား၊ တဒင်္ဂအတွင်း ဦးနှောက်ထဲ ပြည့်နှောက်သွားတော့သည်။

လည်စလုပ်၏ ဘယ်ညာနှစ်ဖက်တွင် မှဲ့နက်က အချိုးကျကျ တည်ရှိသည်၊ ဘယ်ဘက်ရှိ ညှပ်ရိုးနေရာတွင် သေးငယ်မျှင်ပါးသော မွေးရာပါအမှတ်လည်းရှိသည်၊ သေချာမကြည့်ပါက လည်ပင်းရှိလှိုင်းတွန့် တစ်ခုနှင့်ပိုတူသည်......ပြီးပါက ထိုမျက်နှာ၊ နေလောင်ဒဏ်ကြောင့် အုတ်ဂျုံရောင် ပြောင်းလဲနေသည့် အသားအရေ၊ အရင်အတိုင်း သန့်ရှင်းနေပါသည့် မျက်ဝန်းများ၊ မျက်နှာဝိုင်းဝိုင်း၊ အမြဲလိုလို ပေါ်လွင်နေသော မိုက်တိမိုက်ကန်း ပုံစံလေး......

ခန္ဓာကိုယ်မှာလည်း......ဖြစ်နိုင်ရင် သူ့ခန္ဓာကိုယ်လည်း စစ်ဆေးကြည့်သင့်သည်......

သူ စဉ်းစားခန်းဝင်နေတုန်း အပြင်ဘက်မှာ တဒုန်းဒုန်းနှင့် တံခါးခေါက်သံ ပျံ့နှံ့လာသည်။

"ဝင်လာခဲ့"

ချွဲစစ်မင်မှာ အံကြိတ်လျက်သားနှင့် သူကိုယ်တိုင်ပင် တားမရဆီးမရ နှလုံးခုန်နေတော့သည်၊ သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် နေပါဟု စိတ်ထဲတွင်လည်း ထပ်ခါတလဲလဲ ပြောနေမိသည်။

ကျင့်ပေါင်က တံခါးကိုတွန်းဖွင့်ကာ အခန်းထဲဝင်လာတော့ နတ်ဆေးသမားတော်ချွဲက မေးထောက်ထားရင်း ခြေချိတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်၊ မျက်နှာဖုံးနောက် ကွယ်ဝှက်နေသော မျက်နှာတွင် မည်သို့သော ခံစားချက်မှ မမြင်ရ၍ မအောင့်အီးနိုင်စွာ စိတ်လှုပ်ရှားမိသည်။

ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】Where stories live. Discover now