[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၂🦋
🦋 ~ 🦋 ~ 🦋
အမေနဲ့ဖုန်းပြောပြီးတော့ မဟာလည်း you tube မှာ သီချင်းနားထောင်ရန် အင်တာနက်ဖွင့်မိခိုက် ဝင်လာတဲ့ viberမှ notification တစ်ခု။
လက်ကနှိပ်လိုက်မိတော့ ပေါ်လာတဲ့ conversation လေး။ssတစ်ခုနဲ့ စာ၂ကြောင်း။
"ကူညီပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ် ညီလေးရေ၊လွှဲပေးလိုက်ပါပြီနော်၊"
မဟာ နှုတ်ခမ်းတွေကွေးညွတ်သွားရသလို ကပြာကယာပင် အကောင့်နိမ်းလေးကိုဖတ်မိတော့...
"ခွန်းနေနိုင်း..."
တစ်လက်စတည်း ပရိုဖိုင်တင်ထားတဲ့ပုံလေးကို ကြည့်မိတော့ အသည်းယားမိရသည်။ဟုတ်တယ်လေ စာကြည့်တိုက်ဖြစ်ဟန်ရှိတဲ့နေရာမှာဖြစ်ပြီး စာဖတ်နေရာမှ ဓာတ်ပုံရိုက်ပေးသူက လှမ်းခေါ်လို့ အမှတ်တမဲ့လှမ်းကြည့်ပုံရတဲ့ အူကြောင်ကြောင်မျက်ဝန်းလေးတွေနဲ့။ကလေးဆန်ဆန် လက်နှစ်ချောင်းကထောင်ထားသေး၏။
Onlineလို့ပြနေတာမို့ မဟာလည်း ကီးဘုတ်ပေါ်မှာ စာလုံးအချို့အမြန်ရိုက်ပစ်မိသည်။
"ကျေးဇူးတင်ရင် ကျေးဇူးပြန်ဆပ်ပေါ့၊"
သူ့ဆီကပြန်စာကို ၅မိနစ်လောက်တော့ စောင့်လိုက်ရသည်။
"ဘယ်လိုဆပ်ရမလဲခင်ဗျာ၊"
မဟာလည်း ပြုံးလိုက်ပြီး...
"မုန့်တစ်ခုခုလိုက်ကျွေးမလား၊ကိုယ်မနက်ဖြန်အားတယ်၊"
သူ့ဆီက ပြန်စာကိုစောင့်ရတာ သိပ်ရင်ခုန်ဖို့ကောင်းသည်။
"အိုကေ ဘာစားချင်လဲ၊"
"မုန့်ဟင်းခါး"
သူ့ဘက်က ပြန်စာကြာပေမယ့် မဟာကတော့ conversationထဲကပင်မထွက်ပဲ ဒိုင်းခနဲပင်။
"ဟာ အတော်ပဲ...အကိုတို့က မုန့်ဟင်းခါးဆိုင်ဖွင့်ထားတာလေ၊အဲ့ဒါစားချင်ရဲ့လား၊အပြင်မှာလိုက်မကျွေးချင်လို့မဟုတ်ပဲ အကို့အဖွားလက်ရာက လူကြိုက်များကြလို့ပါ၊မစားချင်ရင် အပြင်မှာ လိုက်ကျွေးပါ့မယ်၊"