[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၃🦋
🦋 ~ 🦋 ~ 🦋
"ဒါနဲ့ နိုင်း...မဟာမင်းမြတ်က ဘာအလုပ်လုပ်တာလဲ ချမ်းသာလား၊"
ရက်မြတ်က စိတ်ကူးပေါက်ရင်ပေါက်သလိုပဲ နေနိုင်းရဲ့အိမ်မှာ လာအိပ်တတ်သူဖြစ်သလို နေနိုင်းကိုလည်း သူပျင်းရင်ပျင်းသလို သူ့အိမ်လာအိပ်ဖို့ ခေါ်တတ်သည်။သူ့အိမ်နဲ့နေနိုင်းတို့အိမ်က တစ်လမ်းသာခြားတာမို့ သိပ်တော့မဝေးလှ။
အခု နေနိုင်းက ရက်မြတ်ရဲ့အိမ်မှာဖြစ်သည်။
ရက်မြတ်က မှန်တင်ခုံမှာထိုင်ကာ maskကပ်ပြီးပေါင်းတင်ရင်းမေးလာတာမို့ ...
"ငါလည်းသေချာတော့မသိပါဘူး မနေ့ကမှခင်တာကို၊ကြည့်ရသလောက်တော့ ပိုက်ဆံရှိလူတန်းစားထဲကပဲထင်ပါတယ်၊"
"သူသာသူဌေးဆို ကောင်းမယ်နော်၊ရုပ်ရည်လေးက လုံးဝငါ့typeကြီးကွ၊အသက်လေးလည်းငယ်တယ် အရမ်းကြိုက်...အဲ ဒါပေမယ့် သူဌေးသားဆိုရင်တော့ စဉ်းစားရဦးတော့မယ်၊ဘာလို့လဲဆိုရင် ငါပြောနေကြအတိုင်းပဲ သူဌေးသားထက် သူဌေးကမှ ပိုသေချာတာမို့၊"
ဖြစ်နိုင်ရင် ရက်မြတ်ရဲ့အတွေးထဲကို နေနိုင်း ခနလောက် ဝင်ကြည့်ချင်သည်။သူ့အတွေးထဲမှာက အမြဲငွေပဲရှိတာမလား။သူ့ကြည့်ပြီး နေနိုင်းမှာ ရင်မောရသည်။
"မင်းမှာ ဟိုလူကြီးရှိနေတာပဲကို၊မင်းပဲပြောတော့ သူက မင်းကိုလုံးဝငြိနေပြီဆို၊"
"ငြိတာတော့ငြိနေတာပဲ အလွတ်ကိုမပေးလို့ခက်နေတာကွ၊ငါလည်း သူနဲ့ခြေငြိမ်ချင်ပါတယ်၊သူသာငါ့ကို အတည်တရားဝင်ကြေငြာပြီး သူ့ဘဝထဲမှာ နေရာပေးရင်ပေါ့၊အဲ့လိုသာဖြစ်လာခဲ့ရင် ငါထပ်ပြီး သိုက်တူးစရာမလိုတော့ဘူးလေ၊"
ရက်မြတ်လည်း ပြောရင်းစိတ်မပါတော့တာမို့ မျက်နှာပေါ်က ကပ်လက်စမက်စ်ကို ချက်ချင်းပြန်ခွာကာ အမှိုက်ခြင်းထဲ ဝဲပစ်လိုက်မိသည်။
တစ်ဆက်တည်းမှာပဲ အတွေးထဲဝင်လာတဲ့ တစ်ယောက်သောသူရဲ့ မျက်နှာလေး။
"နိုင်း...မင်းဘယ်လိုထင်လဲ၊"
"ဘာကိုတုန်း၊"