[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၄🦋
🦋 ~ 🦋 ~ 🦋
///ခွပ်...ခွပ်///
နံရံကို အားပြင်းပြင်းနဲ့ နှစ်ချက်ပစ်ထိုးလိုက်တော့မှ ရသမှာ နေသာထိုင်သာရှိသွားရသည်။စိတ်ထဲက အလိုမကျမှုနဲ့ ဒေါသတရားမှာ အခုထက်ထိ အရှိန်မသေသေးပါ။
"ရသ! ဘာလုပ်တာလဲ ဟမ်! ကြည့်ပါဦး လက်ကသွေးတောင်ထွက်လာပြီ!"
နေနိုင်းက ရသရဲ့ရေချိုးခန်းမှာ လက်ဝင်ဆေးနေရာမှ ထွက်လာချင်း ကပြာကယာပင် ရသရဲ့လက်ကိုဆွဲကာ ဝမ်းနည်းဒေါသနဲ့ဆူသည်။
"ငါ့ကိုခနလောက်လွှတ်ထ..."
"ဟင့်အင်း မင်းအနာတရဖြစ်မှာကို ငါကဒီတိုင်း လွှတ်ထားမယ့်သူလား! မရူးနဲ့ ရသ... လာထိုင်ပါ ငါဆေးထည့်ပေးမယ်၊"
နေနိုင်းက ရသကို မရမကပင်ထိုင်စေကာ ဆေးသေတ္တာယူလျက် ပတ်တီးစည်းသည်အထိ ရသရဲ့ဒဏ်ရာကို တာဝန်ယူလေ၏။
"အ!"
"ကြည့် ခုတော့နာရပြီမလား...ကြည့်ပါဦး တော်တော်ပွန်းသွားတာ...ခွေးကောင်! ဘာလို့ ကိုယ့်အသားကိုယ်နာအောင်လုပ်ရတာလဲလို့! မကောင်းတဲ့ကောင် အီးဟီး..."
နိုင်းက ရသရဲ့လက်ကို တယုတယဆွဲယူထားလျက် ပတ်တီးနဲ့လက်ကိုကြည့်ပြီး ရှိက်ကြီးတငင် ငိုလေသည်။ထိခိုက်မိသူမှာ ရသလား၊သူလားပင် မသည်းကွဲတော့ပါ။
ဒါဟာ ဟိုးကတည်းက သူ့အကျင့်လေးတစ်ခုပင်။ရသ တစ်ခုခုကြောင့် ထိခိုက်လာမိတိုင်း ရသထက် ပိုခံစားကာ မျက်ရည်လွယ်သည်။ရသကို သေးသေးလေးကအစ မထိခိုက်စေချင်တဲ့ သူငယ်ချင်းလေးက အစ်ကိုတစ်ယောက်လိုမျိုး သိပ်အားကိုးရသည်။
"ငါမနာပါဘူး နိုင်းရဲ့...မငိုနဲ့တော့ နော်၊"
"ရသ...ရက်မြတ်ကို မချစ်ပါနဲ့တော့လားဟင်၊သူ့ကို ချစ်နေရတာ မပင်ပန်းဘူးလား၊သူက ဘယ်လိုလူဆိုတာ သိရက်သားနဲ့..."
ဒါဟာ ရသကို ကိုယ်ချစ်ရတဲ့သူအနေနဲ့ ကိုယ်ပဲပိုင်ချင်လို့ ပြောနေတာမဟုတ်။ကိုယ့်သူငယ်ချင်းလည်းဖြစ်တဲ့အပြင် ကိုယ်မြတ်နိုးတန်ဖိုးထားရသူမို့ သူ့ဘဝညစ်နွမ်းစေမှာမျိုး မလိုလား၍ပင်။