အပိုင်း - (၂၇)

4.3K 371 4
                                    

" မမကြီး... မမကြီးရေ "

ခင်ခင် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ဖို့ပြင်နေတုန်း အိမ်ရှေ့ကခေါ်သံကြားသည်မို့ ထွက်လာခဲ့သည်။

ကိုကိုကျော်နဲ့ ခင်ခင်က တနင်္လာနေ့မွေးရက်ဖြစ်ပြီး မောင်ငယ်ကဗုဒ္ဓဟူးသားဖြစ်သည်မို့ တစ်ပတ်မှာထိုနှစ်ရက်တော့ ကျောင်းကိုဆွမ်းချိုင့်ပုံမှန်ပို့သည်။ ကျန်တဲ့ရက်တွေမှာတော့ အိမ်ရှေ့ကိုဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေကိုသာ ဆွမ်း၊ဟင်း လောင်းလှူဖြစ်သည်။ ဒီနေ့က မောင်ငယ့်မွေးရက်ဖြစ်တာကြောင့် ခင်ခင်က ထုံးစံအတိုင်း ဆွမ်းချိုင့်ပြင်သည်။ 

ကိုကိုကျော်ကတော့ ရွာကပြန်လာကတည်းက မောင်ငယ့်အကြောင်း စကားစမခံတာကြောင့် ခင်ခင့်မှာ ကြိတ်ပုန်းကာရင်မောရပြန်သည်။ လောကကြီးမှာ ပြေးကြည့်လို့မှနှစ်ယောက်တည်းရှိတဲ့သွေးရင်းနှစ်ယောက် စိတ်အခန့်မသင့်ဖြစ်နေကြတော့လည်း ခင်ခင် မနေသာ။ ဒီကိစ္စမှာတော့ ကိုကိုကျော့်ဘက်ကလည်း မှန်သလို မောင်ငယ့်ဘက်ကလည်း မှားသည်မဆိုနိုင်။ မနေသာတဲ့အဆုံးတော့ ခင်ခင့်မှာ မတော်ရသေးတဲ့မက်ကလေးကို အပြေးအကူအညီတောင်းရတော့သည်။

" ဟယ်... မောင်ငယ်... တစ်ယောက်တည်းပြန်လာတာလား "

" တစ်ယောက်တည်းပေါ့ဗျာ့... ကလေးတွေပင်ပန်းမှာစိုးလို့ ခွေးပုနဲ့ပဲထားခဲ့တယ် "

" မဟုတ်ပါဘူး မောင်ငယ်ရဲ့... မမကြီးက ဒင်္ဂါးလေးရော ပါလာမယ်ထင်တာ "

" ဒင်္ဂါး... ရွှေဒင်္ဂါးက ဘာလို့ပါလာရမှာလဲ "

အိမ်ရှေ့အဝင်ပေါက်မှာ ဖိနပ်ချွတ်နေရင်းက ခင်ခင့်ကိုတစ်ပြန်မေးလာသည့်မောင်ငယ်ကြောင့် ခင်ခင် သက်ပြင်းချကာ ခေါင်းခါပြလိုက်တော့သည်။ 

" မောင်ငယ်ရယ်... မင့်မလည်း ချစ်လည်းချစ်ချင်သေး... ချစ်လည်းမချစ်တတ်သေးတော့ ဖြစ်နေပါကောလား "

" မမကြီးပြောတာ ကျွန်တော်နားမလည်ဘူး "

" ကဲပါ. လာ.. အိမ်ထဲအရင်ဝင်ဦး... အခါးရည်သောက်မလား... အိုးရေပဲသောက်မလား "

ခင်ခင်ခေါ်ရာနောက်ကို လိုက်လာပေမယ့် မောင်ငယ့်မျက်လုံးတွေက တောင်ကြည့်မြောက်ကြည့်။ သူ့အစ်ကိုကိုရှာနေပုံထောက်သည်။ ဧည့်ခန်းထဲမှာ ကျွန်းခုံကြီးမှာ ဝင်ထိုင်ပြီးတာနဲ့ မောင်ငယ်က စကားဆက်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now