ဆောင်ဟွန်းနိုးလာတော့ သူ့ကိုယ်ပေါ်မှာ စောင်ပါးပါးလေးတစ်ထည်။ ဆောနူများ လာထားပေးသွားတာလား?? မဖြစ်နိုင်မှန်းသိပေမဲ့လဲ ဆောနူမဟုတ်ရင် ဘယ်သူလာထားမှာလဲ။ ဆေးရုံကလူတွေက အဲ့လောက် သဘောမကောင်းနိုင်။ ဂျောင်၀န်းကလဲ အိမ်ပြန်သွားပြီ။ ဒါဆို ဂျောင်၀န်းများ စောစောရောက်လာတာလား?? နာရီကို ကြည့်မိတော့ မနက် 5နာရီ။ သူအကြာကြီး အိပ်ပျော်သွားတာပဲ။ မနေ့က တစ်နေ့လုံး ဘာမှမစားရသေးလို့လားမသိ ဗိုက်ထဲမှာ အောင့်နေသလို။ ဆောနူမနိုးခင် မျက်နှာလေးကို တစ်ချက်ကြည့်ချင်လို့ အခန်းထဲကို အသာလေး၀င်သွားတော့...
သေသေချာချာ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ စောင်တွေနဲ့ ရှင်းလင်းနေတဲ့ ကုတင်။ ဆောနူရဲ့ အကျီအိတ်တွေ အသံုးအဆောင်တွေကလဲ စားပွဲပေါ်မှာ တစ်ခုမှမရှိတော့။
ဆောနူ မ ရှိ တော့ ဘူး....
ဆောင်ဟွန်း ဆေးရုံအခန်းထဲက ပြေးထွက်လာပြီး Reception counterဆီကို ပြေးသွားမိသည်။
" ဟို ဟို ဟိုလေ.. အခန်းနံပါတ် 246က လူနာ ဂင်ဆောနူ... "
" အာ ဂင်ဆောနူက လွန်ခဲ့တဲ့ နှစ်နာရီကတင် ဆေးရုံကနေ ဆင်းသွားပါပြီ။ "
" ဗျာ... "
ဆောင်ဟွန်းရဲ့ ခေါင်းထဲမှာ လုံး၀ ဘာမှလဲမကြားတော့သလို... ဘာမှလဲ မမြင်တော့။ ဖုန်းကို ကမန်းကတန်းထုတ်ပြီး ဂျောင်၀န်းဆီ ဖုန်းလှမ်းဆက်တော့...
" ဗျာ!!! ကျွန်တော်ဆေးရုံကိုတောင် မလာရသေးဘူး။ ဂျယ်ယွန်းဟျောင်းတို့ အန်တီလေးတို့ကော ဖုန်းဆက်မေးပြီးပြီလား။ ဟဲလို ဟဲလို ဟျောင်း.. "
ဆောင်ဟွန်း ဖုန်းပြန်ဖြေဖို့အားတောင်မရှိတော့။ ဆောနူက သူ့ကို ထားသွားပြီလား...။ ဘယ်ကိုထွက်သွားတာလဲ။ ဘယ်မှာ လိုက်ရှာရမလဲ...။
သိပ်မကြာသေး။ ဆေးရုံကို အသည်းအသန်လိုက်လာကြတဲ့ ဂျယ်ယွန်းရယ် ဆောနူမေမေရယ် ဂျောင်၀န်းရယ်။
" ဆောနူ ငါ့သားလေး ဆောနူ ဘယ်မှာလဲ။ "
ဆောနူမေမေမှာ သတိလစ်မတတ်..။
" ငါ့သားလေး ဘယ်ကိုထွက်သွားတာလဲ!!!!။ "
ဂျယ်ယွန်းနဲ့ ဂျောင်၀န်းလဲ သတိလစ်လောက်တဲ့အထိဖြစ်နေတဲ့ ဆောနူမေမေကို ထိန်းရ။ မလှုပ်မယှက်နဲ့ ဘာအသံမှလဲမထွက် ကျောက်ရုပ်လို ငြိမ်နေတဲ့ ဆောင်ဟွန်းကိုလဲ ကြည့်ရနဲ့။