ဂျယ်ယွန်းရဲ့သတင်းပေးကောင်းမှုကြောင့် အခု သူတို့အိမ်ကလေးမှာ လူစုံတတ်စုံ။ ဆောနူအမေအပြင် ဆောနူအမ၊ ဆောင်ဟွန်းမိဘတွေအပြင် ဆောင်ဟွန်းညီမကပါ ရောက်လို့နေသည်။
ရန်သူနဲ့မျက်နှာချင်းဆိုင် ပြန်တွေ့ရတာမို့ သိပ်တော့မကျေချင်ပေမဲ့ သားဖြစ်သူမျက်နှာကိုထောက်ပြီး အင်တင်တင်နဲ့သာ ဆောနူအမေ ကျေအေးလိုက်ရသည်။ ကာယကံရှင် ဂျယ်ယွန်းကတော့ ဆောင်ဟွန်းအဖေကိုယ်တိုင် တောင်းပန်တာမို့ သူလဲ ပြန်မတွေးချင်တော့တာနဲ့ အမုန်းတရားတွေကို ကျေအေးပေးလိုက်တော့သည်။
ဆောနူပြန်ရောက်လာပြီဆိုလို့ အထုပ်တွေ အထုပ်တွေနဲ့ ရောက်ချလာတာ တစ်ခါလာလဲ ဆောနူဖို့ နောက်တစ်ခါလဲ ဆောနူဖို့ ဒါ့အပြင် ယယ်ဂျီကပါ နိုင်ငံခြားကနေ မှာပေးထားတဲ့ စကင်ကဲက setလိုက်။ ဆောင်ဟွန်း သိပ်တောင်မကြည်ချင်တော့။ အစ်ကိုဖြစ်သူကို ရေခဲမုန့်တစ်ခုတောင် မသဒ္ဒါတဲ့သူက.. ဆောနူအတွက်ဆိုပြီး ၀ယ်ပေးတာ သိန်းနဲ့ချီ။
“ နင်တစ်ခါတစ်လေလဲ ငါ့ကို အဲ့လိုဂရုစိုက်ပေးပါလား နင့်ကြောင့် စိတ်ဆင်းရဲရလွန်းလို့ ဒီမှာ အရေးအကြောင်းတွေ ပေါ်နေပြီ “
“ အမယ် ကိုကို့ထက် ယယ်ဂျီက ပိုပြီး စိတ်ဆင်းရဲရတာပါနော် ကိုကိုမူးရူးပြဲကွဲတုန်းက စိတ်ပူလိုက်ရတာ စားလို့တောင်မ၀င်ဘူး “
မောင်နှမနှစ်ယောက် တကျက်ကျက်ဖြစ်နေတာကိုကြည့်ရင်း ဆောနူ ပြုံးမိသည်။ ဆောအာကတော့ အေးအေးဆေးဆေးသမားမို့လို့ အဲ့လိုတကျက်ကျက်မဖြစ်တတ်။ များသောအားဖြင့် မောင်ဖြစ်သူ သူ့ကိုသာ ဦးစားပေးလေ့ရှိသည်။
“ ဆောနူ လာဦး “
အခုလဲ အနောက်ဘက်ခြံကလေးမှာ အသားကင်နေတုန်း အမဖြစ်သူ လှမ်းခေါ်တာမို့ မီးဖိုကိုခဏပိတ်ကာ အပြေးလေးသွားလိုက်သည်။
“ ဆောနူ နူနားကို သေချာကြည့်ပြီးပြော မင်းတကယ် အဲ့လူမှ အဲ့လူပဲဆိုတာ သေချာပြီလား “
“ နူနား အဲ့မေးခွန်းကို ကျွန်တော့်ကိုမေးတာ ဆယ်ခါမကတော့ဘူး “
“ အိမ်ထောင်သည်ဖြစ်ပြီဆို မင်းကြုံတွေ့ရမှာတွေက အများကြီးနော် အထူးသဖြင့် ပတ်၀န်းကျင်… “