နောက်ထပ်သုံးလေးရက်အထိကို ဘာမှမစားပဲ ဆောင်ဟွန်း ဆိုဂျူတွေပဲ လိှမ့်သောက်နေသည်။ အခုလဲ သူ၀ယ်ထားတဲ့ ပုလင်းတွေ အကုန်ကုန်သွားလို့ ဆောနူဓာတ်ပုံဘေးနားက ပိုက်ဆံအိတ်ကို ယူပြီး စတိုးဆိုင်ဘက်ကို ထွက်လာခဲ့သည်။
လေးပုလင်းထပ်၀ယ်ပြီး အိမ်ပြန်လာတော့ အိမ်တံခါးက ပွင့်နေသလို... သူခုဏကတည်းက အသိစိတ်မကပ်တာနဲ့ ဖွင့်ပြီး ထားခဲ့တာထင်သည်။
တခြားထွေထွေထူးထူး ဘာမှမတွေးတော့ပဲ အိမ်ထဲ၀င်လာတော့....
" ပြန်လာပြီလား။ တစ်အိမ်လုံး အမှိူက်တွေဖွထားလိုက်တာများ ကျွန်တော်မရှိတုန်း လုပ်ချင်ရာတွေ လုပ်နေတယ်ပေါ့။ "
ဆောနူရဲ့ တတွတ်တွတ်နဲ့ ပွစိပွစိပြောနေတဲ့အသံကို ကြားနေရပြန်သည်။ သူ ဆောနူကို သတိရနေတာ တကယ်အရူးတစ်ပိုင်းဖြစ်ခါနီး။ ကြားယောင်နေတဲ့ အဲ့အသံကို လျစ်လျူရှုလိုက်ပြီး အပေါ်ထပ် သူ့အိပ်ခန်းကို ဆိုဂျူပုလင်းတွေနဲ့ တတ်သွားဖို့ပြင်တော့....
" အော်ဟော် ဒီလူကြီး သူများကပြောနေတာကို အရေးမစိုက်ဘူး။ အရက်နံ့တွေ ဟောင်နေတာပဲ ရေချိုးပြီးမှ အခန်းထဲ၀င်စမ်းပါ။ သူများက ခုဏလေးတင် အခန်းသန့်ရှင်းရေးလုပ်ထားတာကို။ "
သူ ဆောနူအသံ ထပ်ကြားပြန်ပြီ။ ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်းကြီး။
" ဆိုဂျူပုလင်းတွေ နည်းတာမဟုတ်ဘူး ရှင်းလင်းထားရတာ ဘာလို့ အဲ့လောက်တောင် သောက်နေတာလဲ။ ဆိုဂျူသောက်တာ မကြိုက်ပါဘူးဆို တမင်ရွဲ့နေတာလား လူကို။ ရေခဲသေတ္တာထဲ မေမေတို့ထားထားေပးတဲ့ ဟင်းဘူးတွေလဲ တစ်ခုမှမထိ။ ဒီရက်ပိုင်း ဘာမှမစားတဲ့ပံုပဲ။ အဲ့လို ကျပ်ကျပ်လုပ် ရောဂါရမယ်။ အခုလဲ ထပ်၀ယ်လာပြန်ပြီ။ ဒီလူနဲ့တော့။ "
သူထင်ယောင်ထင်မှားကြားနေတဲ့အသံ မဟုတ်တော့လို့ အနောက်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့ အေပရွန်ကြီး၀တ်ပြီး အမှိုက်ထုပ်တွေသယ်ကာ ရှင်းလင်းနေတဲ့ ဆောနူ။ ဒီတစ်ခါ သူမြင်ယောင်နေတဲ့ ပုံရိပ်ယောင်မဟုတ်တော့ပါ။
သူ့ကိုကျောပေးထားတဲ့ ကျောငယ်လေးကို ပြေးဖက်လိုက်တော့ သူ့လက်ထဲကအရုပ်ေလးက လေတွေလို ပျောက်မသွား။