Unicodeအဖြူရောင်စာရွက်ကလေးတွေကိုကြည့်ကာ တစ်စုံတစ်ရာကို တွေးတောနေတဲ့အမျိုးသမီးမျက်နှာ၌ အပြုံးရိပ်ကိုမတွေ့ရ။ဖိုင်တစ်ခုနဲ့တွဲထားတဲ့ လူနာတွေရဲ့မှတ်တမ်းကိုအသေအချာကြည့်နေစဉ်မှာပင် ကြားလိုက်ရသည့် စကားစုက ထိတ်လန့်စရာ။
"ဒေါက်တာ အရေးပေါ်လူနာ။အခြေအနေဆိုးတယ်"
"ဘယ်လိုဖြစ်တာလဲ"
"ကားအက်ဆီးဒင့်တဲ့"
"ဟုတ်ပြီ အားလုံးအသင့်ပြင်ထား။တို့ဆေးရုံအုပ်နဲ့တွေ့ရမယ်ထင်တယ်"
ကိုင်ထားသည့်စာရွက်တွေသည် ထိတ်လန့်ဖွယ်စကားကြောင့် လက်ထဲမှမမြဲလိုက်ပေ။အခန်းထဲမှပြေးထွက်သွားသည့် သူမခြေလှမ်းတွေသည်ပြေးသွားသကဲ့သို့ မြန်ဆန်လွန်းနေလေသည်။အခန်းတစ်ခန်းထဲရောက်မှသာ အတော်လေးတည်ငြိမ်သွားတော့သည်။
"ဒေါက်တာထားလဲ့ရီကို တာဝန်ပေးလိုက်တာမို့ အသေအချာဆောင်ရွက်ပါ"
"ဟုတ်ကဲ့စိတ်ချပါ။ကျွန်မကိုခွင့်ပြုပါဦး"
အလျင်အမြန်ပြေးထွက်ခဲ့တဲ့ ခြေလှမ်းတွေ...။စင်္ကြန်လမ်းပေါ်မှာဖြတ်ပြေးနေတဲ့ခြေလှမ်းတွေ...။လိုအပ်သည်များကိုပြင်ဆင်ပြီး ခွဲခန်းထဲကို ခြေချမိတော့ လက်ထောက်ဆရာဝန်တွေသည် အသင့်ဖြစ်နေလေပြီ။
မီးလုံးကြီးအောက်မှာ မြင်နေရသည့် မျက်နှာသည် ထားအတွက် ရင်းနှီးနေသည်။ဒီမျက်နှာပိုင်ရှင်...။တစ်ခါမက နှစ်ခါနီးပါးတွေ့ခဲ့ဖူးတဲ့ ကလေးမလေး...။မထင်မှတ်ဘဲဆုံတွေ့ခဲ့သော်လည်း ဒီအကြိမ်ဆုံတွေ့ခြင်းက စိတ်မချမ်းမြေ့စရာ။အက်ဆီးဒင့်လူနာဆိုတာ တွေ့တဲ့အခါတုန်းက စနောက်ခဲ့တဲ့ကလေးမလေးတဲ့လား။မီးရောင်အောက်က မျက်နှာကိုကြည့်ကာ တအံ့တသြဖြစ်နေသည်မို့ စိတ်အစုံကမတည်ငြိမ်ချင်ပေ။ဘယ်လိုရေစက်တွေနဲ့များလာဆုံနေရသလဲ။
ဘယ်လိုလူပဲဖြစ်နေနေ ဒီခွဲခန်းထဲရောက်ရင်တော့ ထားရဲ့လူနာပင်မဟုတ်လား။စိတ်အစုံကိုတည်ငြိမ်အောင်ထိန်းပြီး ခွဲစိတ်မှုကိုစတင်လေသည်။ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည်မှုရှိသော်လည်း ဒီတစ်ခါမှာတော့ ထားတုန်လှုပ်မိသည်။တစ်စုံတစ်ရာချွတ်ချော်တိမ်းပါးသွားမှာကို ကြောက်ရွံ့မိသည်။

YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Romansaဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်