Chapter 6
ကိုယ်ခံပညာခန်းမတစ်ခုလုံးက တိတ်ဆိတ်နေခဲ့ပြီး ရှင်းပြလို့မရနိုင်သော တင်းမာမှုတစ်ခုက လေထုထဲတွင်ရှိနေသည်။
စုန့်ခယ်က တစ်ခန်းပြီးတစ်ခန်းသွားကာ အခြေအနေကိုစစ်ဆေးဖို့တံခါးကိုတွန်းဖွင့်လိုက်သည်။
မီးဖိုချောင်တွင် ကွဲအက်နေသောပန်းကန်အပိုင်းအစများက ကြမ်းပြင်တွင်ပြန့်ကျဲနေသော်လည်း မည်သူမျှ ရှိမနေပါ။
တပည့်များ၏ အိပ်ဆောင်တံခါးများနှင့် ပြတင်းပေါက်များကပွင့်နေကာ နံရံများပေါ်တွင် အနက်ရောင်သွေးစွန်းကွက်များ ပြန့်ကျဲနေသော်လည်း မည်သူမျှ ရှိမနေပါ။
လေ့ကျင့်ရေးကွင်းများကလည်း ဗလာဖြစ်နေပြီး စက်ပစ္စည်းမျိုးစုံ ပြန့်ကျဲနေပြီး တိုက်ပွဲအရိပ်အယောင်များလည်း နေရာအနှံ့တွင် ကျန်ရစ်နေသော်လည်း ခုချိန်ထိတော့ သက်ရှိတစ်ယောက်တစ်လေမျှ ရှာမတွေ့သေးပေ။
လမ်းလျှောက်နေရင်းနဲ့ သူမရဲ့ အမူအရာက ပိုပြီးလေးနက်လာသည်။ သူမ၏ နှလုံးသားသည် ရေခဲရေထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး ပင်လယ်၏နက်နဲသည့်အပိုင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားသလိုပင်။
နောက်ဆုံးတွင် တရားထိုင်ခန်းအတွင်းမှ စူးစူးရှရှ အသံများကြားလိုက်ရသည်။
ဒီမှာများ ရှိနိုင်မလား...?
တံခါးကို သော့ခတ်မထားဘူး။ စုန့်ခယ်တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာတွန်းဖွင့်လိုက်သည်။
တစ်ချက်ဝေ့ကြည့်လိုက်ရာ အခန်းတွင်းအခြေအနေမှာ လုယက်ခံထားရပုံရသည်။ ပရိဘောဂအများစုက မှောက်ကျပြီး ဗီဒိုများကလည်း ပြိုလဲနေကာ စားပွဲတစ်ခုဆို အပိုင်းပိုင်းကွဲကြေကာ အမွှေးတိုင်မီးဖိုမှပြာများပင် မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။ နောက်တစက္ကန့်အကြာမှာ သူမမျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး အတွင်းထဲကိုဆက်ကြည့်ဖို့ သူမ အကြည့်ကို ရွှေ့လိုက်တယ်။