Chapter 8
စုန့်ခယ်သည် ခေါက်စားပွဲရှေ့တွင်ရပ်နေကာ စစ်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်လူနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ စားပွဲပေါ်တွင် ရှော့ဖြစ်ပြီးပေါက်ကွဲသွားသော အနက်ရောင်သေတ္တာက ရှိနေသည်။ သူမ၏ အပြစ်ကင်းစင်မှုကို ဖော်ပြရန် ထိုစက်ကို စစ်ဝတ်စုံဝတ်လူရှေ့သို့ သိမ်မွေ့စွာ တွန်းပေးလိုက်သည်။
အရပ်မြင့်မြင့်လူက မီးလောင်နေသော ဝါယာကြိုးများနှင့် ဆားကစ်များကို ငုံ့ကြည့်ပြီးနောက် သူမကို ပြန်ကြည့်လိုက်သည်။ ရုတ်တရက် သူက "ဝိုး" ဟု ပြောလိုက်သည်။
စုန့်ခယ်က အလွန်ထိတ်လန့်နေသည်။ သူမက လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ခေါင်းခါကာ
"မဟုတ်ဘူး၊ ကျွန်မကြောင့် မဟုတ်ဘူး!"
"ဟုတ်တယ်၊ မင်းကြောင့် မဟုတ်ဘူး"
အရပ်မြင့်မြင့်လူက ကြီးမားသောအပြုံးဖြင့် သူမကိုပြုံးပြလိုက်ပြီး
"ဗိုလ်ကြီး! ထောက်လှမ်းရေးကိရိယာက ပျက်သွားပြီ”
တပ်မှူးက ချဉ်းကပ်လာပြီး စစ်ဆေးရန် ငုံ့ကြည့်လိုက်သည်။ အနက်ရောင်သေတ္တာ၏ လေဝင်လေထွက်အကန့်သည် မီးခိုးများထွက်နေသေးသည်။ ခလုတ်တစ်ခုကို နှိပ်လိုက်သည်၊ အချက်ပြမီးသည် နှစ်ခါ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီးနောက် ပြန်ပျောက်သွားသည်။ သူသည် ထိုအရာကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေပြီးနောက် စုန့်ခယ်အား စိုက်ကြည့်ကာ သူမ၏လက်များကို သတိပြုမိကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"တကယ် ကျွန်မကြောင့် မဟုတ်ဘူး၊ သူ့ဘာသာသူ ပေါက်ကွဲသွားတာ!"
စုန့်ခယ်က ဆက်လက်ရှင်းပြသည်။ သူမ ဘာမှ မလုပ်လိုက်ဘဲ ဒီနှစ်ယောက်က သူမကို ပိုက်ဆံတောင်းရင် ဘာလုပ်မလဲ။
"မင်းလက်ကိုပြ" ကပ္ပတိန်၏အသံက အေးစက်နေသည်။
စုန့်ခယ်က သူ့လက်ဖဝါးကို နာခံစွာ ဖြန့်လိုက်သည်။ သူမ၏ လက်များကို ပတ်တီးဖြူဖြင့် ပတ်ထားပြီး သူမ၏ လက်ဆစ်များမှ စတင်ကာ သူမ၏ လက်ကောက်ဝတ်၊ လက်ဖျံနှင့် တံတောင်ဆစ်များ တဝိုက်တွင် ရစ်ပတ်ကာ တီရှပ်အင်္ကျီလက်များအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ လက်ချောင်းများမှလွဲ၍ အရေပြားကို မမြင်ရပါ။
"ပတ်တီးကို ဖြုတ်လိုက်" ဟု ထိုလူက စကားလုံးတိုင်းကို ပြတ်သားစွာပြောပြီး အမိန့်ပေးသည်။
စုန့်ခယ်သည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပတ်တီးအလွှာများကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ နူးညံ့သော သူမ၏လက်ဖဝါးတွင် အရည်ကြည်ဖုအချို့ရှိပြီး သူမ၏လက်မောင်းပေါ်တွင် သေးငယ်သောအခြစ်ရာများရှိသည်။ အတန်ငယ်ရှည်လျားသော်လည်း အလွန်နက်နဲသည်မဟုတ်၊ အနာဖေးများတောင် တက်နေပြီဖြစ်သည်။
"မ-မတော်တဆ ခြစ်မိတာပါ" ဟု သူမက ရှင်းပြသည်။
ထိုလူက ချက်ချင်း မတုံ့ပြန်ဘူး။ သူက တင်းမာသောအမူအရာဖြင့် သူမ၏လက်ကို စိုက်ကြည့်နေသည်။ သူ့ရှေ့က မိန်းကလေးငယ်သည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ရံဖန်ရံခါ အနက်ရောင်သေတ္တာဆီသို့ လှမ်းကြည့်ကာ ငွေလျော်ရမည်ကို စိုးရိမ်နေပုံပေါ်သည်။
ထိုအရာတို့သည် သာမန်ရိုးရိုးခြစ်မိရာများသာဖြစ်ပြီး ဗီဇပြောင်းလဲခြင်းလက္ခဏာများ ကင်းမဲ့နေသော်လည်း ကပ္ပတိန်သည် အတွေးထဲတွင် တိတ်ဆိတ်နေပုံရပြီး သူ့အကြည့်များက စုန့်ခယ်မှတဆင့် တစ်ခုခုကိုဆက်စပ်နိုင်ဖို့ရန် ကြိုးစားနေပုံရသည်။
သူတို့ဘေးနားရှိ အရပ်ရှည်ရှည်လူသည် မနေနိုင်တော့ဘဲ
"ဗိုလ်ကြီးကလည်း ကောင်မလေးကို မခြောက်နဲ့လေ ဗိုလ်ကြီးက သူ့ကို စိုက်ကြည့်နေတော့ ဟိုကလန့်လို့ စကားတောင်ထစ်နေပြီ။ ဟားဟား!"
စုန့်ခယ်က တွေးလိုက်သည်၊ လန့်လို့မဟုတ်ဘူး သူမက နဂိုကတည်းက စကားထစ်တာပါ။
"မင်းစွမ်းရည်ကို နိုးထလာပြီလား" အမျိုးသားက ရုတ်တရက်မေးလိုက်တယ်။ သူ့အသံက အေးစက်မာကျောလေတယ်။
စုန့်ခယ်က ဘာမှပြန်မဖြေသလို သူမမျက်နှာက စိတ်ရှုပ်ထွေးမှုကို ပြသနေတယ်။
သူမရဲ့လျို့ဝှက်စွမ်းရည်ကို ထုတ်ဖော်မပြချင်ပါဘူး၊ အနည်းဆုံးတော့ လောလောဆယ်တော့ မပြချင်သေးပါဘူး။ လောင်ချန်းနှင့် ကိစ္စ ဖြစ်ပျက်ပြီးနောက် သူမ၏သတိက ပို၍ပင် ကြီးလာသည်။ ဤလူများသည် သူစိမ်းများဖြစ်ရုံသာမက၊ သူမကဲ့သို့ စွမ်းရည်ရှိသူများလည်း ဖြစ်ကြပါသည်။ သူမသည်သူတို့ကိုမယုံနိုင်ပေ၊ ကိစ္စတွေဆိုးလာလျှင် ဒုက္ခဖြစ်လာနိုင်သည်။
အရပ်ရှည်သောလူက စုန့်ခယ်ကို ခေါင်းမှ ခြေဖျားအထိ စိုက်ကြည့်ရင်း
"အဲလိုပုံ မပေါ်ပါဘူး သူ့ရဲ့ခြေလက်သေးသေးလေးတွေကိုပဲ ကြည့်ပါ သိပ်..."
တင်းကျပ်စွာ ချည်နှောင်ထားသော ရွှီရှင်းကိုထမ်းထားသော လူထွားတစ်ချို့က ကြယ်ပျံ၏ အထူးခန်းထဲသို့ လျင်မြန်စွာ သွားနေကြသည်။ အရပ်မြင့်မြင့်လူ၏အသံက တိုးလာပြီး သူ၏နှာခေါင်းကိုထိလိုက်သည်။ "ခြေလက်သေးသေးလေး" ရှိသည့် ရွှီရှင်းက သူတို့ကို မည်မျှဒုက္ခရောက်စေခဲ့သည်ကို ရှင်းရှင်းလင်းလင်း အမှတ်ရမိသေးသည်။
ထိုလူက အရပ်မြင့်မြင့်လူ၏ ရေရွတ်သံကို ဂရုမစိုက်ဘဲ
"မင်း အဲဒီဗီဇမျိုးပြောင်းကလေးကို ကယ်လိုက်တယ်" လို့ တိုက်ရိုက် ထောက်ပြပါတယ်။
အေးစိမ့်မှုက စုန့်ခယ်ရဲ့ကျောရိုးတစ်လျှောက်ကို ပြေးဆင်းသွားတယ်။ သူမသည် လျင်မြန်စွာ တွေးမိလိုက်သည်။ သူမြင်သွားတာလား။ ဘယ်လောက်ထိမြင်သွားလဲ။ သစ်သားအပိုင်းအစကို အကာအကွယ်အဖြစ် ပြောင်းလဲခဲ့စဉ်က သူမအလွန်သတိထားခဲ့ပြီး ရေခဲများကိုပိတ်ဆို့ပြီးနောက် ချက်ချင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။ တိုက်ပွဲဖြစ်နေတုန်းမှာ သူ ဘယ်လိုလုပ် သတိထားမိခဲ့လဲ။
"အကိုက်ခံရသူတွေအားလုံးက ခြွင်းချက်မရှိ နောက်ဆုံးကျ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားမှာပဲ သူတို့ကို ကယ်တာက အသုံးမဝင်ဘူး"
ထိုလူ၏ အေးစက်သောအမူအရာမှာ စုန့်ခယ်ကို အပ်တစ်ချောင်းကဲ့သို့ ထိုးနှက်နေလေသည်။ သို့သော်လည်း သူမက "သူတို့-သူတို့က ဖုတ်ကောင်တွေ မဖြစ်သေးဘူး" လို့ ခေါင်းမာမာနဲ့ ရှင်းပြတယ်။
အနည်းဆုံးတော့ သူမ သူတို့ကို ကယ်တင်ခဲ့စဉ်က အဒေါ်ချင်းနဲ့ ရှောင်ပေါင်က ဖုတ်ကောင်တွေအဖြစ် မပြောင်းလဲသေးပါဘူး။ သူတို့ကို မကောင်းဆိုးဝါးတွေလို မဆက်ဆံသင့်ဘူး။
ထိုလူက လက်မခံဘဲ "အချိန်တစ်ခုအတွင်းပြောင်းတော့မှာ" တဲ့။
စုန့်ခယ်သည် ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ မငြင်းနိုင်ပေ။
တပ်မှူးက ငယ်ရွယ်သောမိန်းကလေးကို ဘာကြောင့် တင်းမာစွာဆက်ဆံနေရသလဲကို မသိတာကြောင့် အန့်ချီဝမ်က တင်းမာမှုကို ပြေလျော့ဖို့ ကြိုးစားလိုက်သည်။
"မစ္စ၊ သိပ်စိတ်မပူပါနဲ့ ကျွန်တော်တို့က အန္တရာယ်မပေးပါဘူး ကျွန်တော်တို့က Azure Phoenix တပ်မတော်၊ Azure Phoenix ရဲ့ တပ်ဖွဲ့၁၁ကပါ ကျွန်တော့်နာမည်က အန့်ချီဝမ် ဒါကတော့ ကျွန်တော်တို့ရဲ့ဗိုလ်မှူး၊ ကပ္ပတိန် ဝူကျွယ်မင်ပါ"
သူသည် သူ၏ညာဖက်လက်ဖဝါးကိုလှန်လိုက်ရာ လျှပ်စီးကြောင်းများကို သူ့လက်ထဲတွင် ဘောလုံးတစ်လုံးအဖြစ် ပေါင်းစပ်လိုက်ပြီး
"မင်းလည်း စွမ်းရည်တစ်ခု နိုးထထားခဲ့ရင် ကျွန်တော်တို့နဲ့ လာပူးပေါင်းလို့ရတယ် ကြည့်လေ၊ ရှေ့ခန်းဆို ခုထိဘယ်သူမှမရှိသေးဘူး" သူသည် ကြယ်စင်၏ အထူးခန်းဆီသို့ လက်ဟန်ပြသည်။
စုန့်ခယ်က သူ့လက်ဖဝါးထဲက လျှပ်စီးလက်နေတဲ့ ဘောလုံးကိုစိုက်ကြည့်ရင်း နှုတ်ခမ်းတွေကို ပွတ်သပ်ရင်း
"ဟင့်အင်း၊ ကျွန်-ကျွန်မမှာ စွမ်းအားမရှိဘူး"
"မရှိရင် အနောက်မှာနေ" ဝူကျွယ်မင်က သူ့အကြည့်တွေကို ရုတ်လိုက်ပြီး ခပ်သွက်သွက်ထွက်သွားတယ်။
အန့်ချီဝမ်သည် သူ့နောက်သို့ လိုက်သွားပြီး ပုံမှန်အခန်းတွင်းသို့ ဝင်တော့မည့် စုန့်ခယ်ကို တစ်ချက်ကြည့်လိုက်သည်။
"ဗိုလ်ကြီး၊ သူ့မှာ စွမ်းရည်ရှိတယ်လို့ သံသယရှိနေတုန်းလား မဖြစ်နိုင်ဘူး မဟုတ်ဘူးလား Azure Phoenix ဆိုတဲ့ နာမည်တောင် ပြောလိုက်တာပဲကို၊ သူ့မှာ တကယ်စွမ်းရည်ရှိရင်၊ ကျွန်တော်တို့နဲ့ လိုက်လာတာက ပိုလုံခြုံမှာပေါ့ ဘာမှ ဖုံးကွယ်ထားစရာ မရှိဘူး သူမဟာ သာမန်လူတစ်ယောက်ပဲ နေမှာပါ"
ဝူကျွယ်မင်၏ လေသံက အေးစက်နေပြီး
"သံသယဖြစ်စရာမရှိရင် ပိုကောင်းတာပေါ့"
ဝူကျွယ်မင်သည် စွမ်းရည် နိုးထလာပြီးနောက် ပို၍ပင် သတိရှိလာခဲ့သည်။ မကြာသေးမီက ထူးဆန်းပြီး ပြင်းထန်သော စွမ်းအင်အတက်အကျကို ခံစားခဲ့ရသော်လည်း ၎င်းမှာ ခဏတာမျှသာဖြစ်သည်။ ထိုအချိန်တွင်၊ စုန့်ခယ်နှင့် ဗီဇပြောင်း နှစ်ယောက်ကသာ ထိုလမ်းကြောင်းတွင် ရှိနေခဲ့သည်။
ထောက်လှမ်းကိရိယာ ပျက်သွားသော်လည်း စမ်းသပ်ရန်နေရာကို ရှာမတွေ့မချင်း သူမကို ထိန်းသိမ်းထားရမည်။ ဒါပေမဲ့ သူတို့အဖွဲ့မှာ အရေးတကြီး တာဝန်တစ်ခု ရှိသေးတယ်။ သူတို့က ဒီမှာ အချိန်မဖြုန်းနိုင်ဘူး။ သူမသည် စွမ်းရည်အသုံးပြုသူဟု သံသယရှိနိုင်သူတစ်ဦးသာဖြစ်ပြီး ပြဿနာများစွာကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ သူမ ငြင်းတော့လည်း ငြင်းတယ်ပေါ့။
ထို့အပြင်၊ ဗီဇပြောင်းများကိုကယ်တင်ရန် အမိန့်ကိုလျစ်လျူရှုမည့်သူသည် Azure Phoenix နှင့် မသက်ဆိုင်ပါ။
*
ကြယ်ပျံရဲ့ သာမာန်အတန်းမှာ...။
ဤနေရာရှိ ခရီးသည်များသည် ထုံထိုင်းနေကြသလိုပင်။ စုန့်ခယ် ဝင်လာချိန်မှာ သူမအပေါ် အာရုံစိုက်မှု သိပ်မရှိခဲ့ပါဘူး။ နေရာတဝိုက်ကို သူမလှည့်ပတ်ကြည့်လိုက်တော့ အနောက်ဘက်မှာထိုင်ခုံအလွတ်တွေ တန်းစီနေတာကို သူမ သတိထားမိတယ်။ ခေါင်းငုံ့ပြီး ထောင့်မှာ ထိုင်လိုက်တယ်။
သိပ်မကြာခင်မှာပဲ စက်နှိုးပြီး ကြယ်ပျံကအရှိန်မြှင့်လာပြီး အကန့်အသတ်မဲ့ မိုးကောင်းကင်ထဲကို ရောက်သွားခဲ့တယ်။
ကြယ်ပျံသည် ဖွင့်ထားနိုင်သော ပြတင်းပေါက်များပါရှိသည့် ပတ်လမ်းနိမ့်သော ယာဉ်ပျံဖြစ်သည်။ ရှေ့ထိုင်ခုံရှိ ခရီးသည်များသည် ပြတင်းပေါက်များကို ဖွင့်ထားကာ နွေနှောင်းပိုင်းရှိ ပြင်းထန်သော ညနေခင်းလေနုအေးကို အထဲသို့ တိုက်ခတ်စေပြီး ထိုလေအေးကအုံ့မှိုင်းစိုစွတ်သော လေထုကိုသယ်ဆောင်လာသည်။ ယာဉ်အတွင်းရှိ လူတိုင်းအပေါ်တွင် လွမ်းမောဖွယ်လေထုတစ်ခု ပျံ့ကျဲနေပြီး စုန့်ခယ်က ရှိုက်ကြီးတငင် ရှိုက်သံအချို့ကိုပါ ကြားနေရသည်။
လူတိုင်း၏ နှလုံးသားများသည် ပြောမပြနိုင်သော အရိပ်များဖြင့် ဖုံးလွှမ်းထားသည်။
သူတို့ရဲ့ မွေးရပ်မြေနဲ့ ဝေးနေရပြီဖြစ်ပြီး အနာဂတ်က မသေချာဘူး။ သူတို့ ရှင်သန်နိုင်ပါ့မလား၊ ဘယ်လောက်ကြာကြာခံနိုင်ရည်ရှိမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
စုန့်ခယ်သည် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။ မြူခိုးတွေကြောင့် ဒီညတော့ လကို မမြင်ရတော့ဘူး။ ပင်လယ်ရေသည် မည်းမှောင်နေပြီး သီးခြားကျွန်းစုများ၏ အလင်းရောင်မှိန်မှိန်များက တဖြည်းဖြည်း နစ်မြုပ်ကာ ည၏အမှောင်ထဲတွင် ရောထွေးသွားသည်။ ဒါကလည်း ခရိုင် 177 က သူမနဲ့ ပိုပိုဝေးလာတယ်လို့ ဆိုလိုတာပါ။
နှုတ်ဆက်ပါတယ် ငါ့ရဲ့အိမ်။
စုန့်ခယ်သည် သူမ၏ နှလုံးသားထဲတွင် တိတ်ဆိတ်စွာ နှုတ်ဆက်လိုက်သည်။
ကြယ်ပျံထွက်ပြီး တစ်နာရီခန့်အကြာတွင် ရွှီဝေကော်သည် သူ၏အသိစိတ်ကို ပြန်လည်စုစည်းပြီး သတိပြန်ဝင်လာပုံရသည်။
သူသည် ထိုင်ခုံမှ အမြန်ထကာ တာဝန်ထမ်းဆောင်နေသော စစ်သားများတပ်စွဲထားသည့်ရှေ့သို့ ကျွမ်းကျင်စွာ လျှောက်သွားခဲ့သည်။ သူ့ပိုက်ဆံအစွမ်းက ထိရောက်မှုမရှိတော့ဘူးဆိုတာ သူသဘောပေါက်ပုံရတယ်။ သူက ပရီမီယံစီးကရက်ဗူးကိုထုတ်ပြီး ဖော်ရွေတဲ့လေသံနဲ့ စစ်သားတစ်ယောက်ဆီ ချဉ်းကပ်ခဲ့တယ်-
"ဟေ့ သူငယ်ချင်း ခင်ဗျားတို့ကို တစ်ခုမေးပါရစေ ဒီကြယ်ပျံ ဘယ်ကို ဦးတည်သွားနေတာလဲ"
စစ်သားက စီးကရက်ကို လက်ခံပြီး နှစ်ကြိမ်ပွတ်သပ် ရှူရှိုက်ပြီးနောက် မီးမညှိဘဲပြန်ပေးကာ
"အနီးနားက D-class မြို့" ဟုဆိုသည်။
စီးကရက်ဘူးကိုကိုင်ထားတဲ့ ရွှီဝေကော်ရဲ့လက်က နှစ်ကြိမ်တုန်ယင်သွားပြီး သူ့အသံကလည်း
"D-class?! ဘာလို့ D-Class လဲ ငါတို့ မြောက်ဘက်ကို မသွားဘူးလား... မြောက်ဘက်က အခြေစိုက်စခန်းတွေလေ??"
စစ်သားသည် ခေါင်းကိုလှည့်ကာ ရွှီဝေကော်ကို ပြုံးမပြဘဲ မျက်မှောင်ကြုတ်ကာ
"အတူတူပဲလေ ကျွန်တော်တို့က အနီးနားက D-class မြို့ကို ပြောင်းရွှေ့နေကြတာ နောက်ထပ်နှစ်ရက်လောက်နေရင် ကယ်ဆယ်ရေးအဖွဲ့က ရောက်လာတော့မှာ၊ ပြီးရင် ခင်ဗျားတို့ကို အနီးဆုံး အရေးပေါ် စခန်းဆီ ခေါ်သွားမယ်"
ရွှီဝေကော်၏အမူအရာက ခက်ထန်လာသည်။ သူ ခေါင်းငုံ့ပြီး စစ်သားကို တစ်ခုခုပြောနေပုံရပြီး သူ့ခံစားချက်တွေက အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော်လည်း စစ်သား၏ သဘောထားမှာ အေးစက်ပြီး စိတ်မရှည်ဖြစ်နေပြီ။ သူက ရွှီဝေကော်ကို ခေါင်းယမ်းပြလိုက်ပြီး
"မသိဘူး.. အထက်အမိန့်ကိုပဲ လိုက်နာပြီး အစီအစဉ်အတိုင်းပဲ လုပ်ရမယ်"
ကြယ်ပျံပေါ်ရှိလူအများစုသည် အိပ်ချင်စိတ်မရှိကြပေ။ ရွှီဝေကော်သည် မည်းမှောင်သောအမူအရာဖြင့် သူ့ထိုင်ခုံသို့ပြန်လာသည်နှင့် သတင်းအချက်အလတ်များကို မေးမြန်းရန် လူအများက သူ့ကို ဝိုင်းထားကြသည်။
"မစ္စတာရွှီ၊ သွားမေးလိုက်တာ တကယ် ဉာဏ်ကောင်းတယ် ကျွန်မလည်း မေးချင်နေတာ၊ ဒါက ဘယ်ကို ဦးတည်နေတာတဲ့လဲ"
"နောက်ထပ် ဘယ်သွားပါ့မလဲ ငါတို့ကို တခြားနေရာမှာ သေဖို့စောင့်ခိုင်းတာ"
"စစ်သားတွေက ငါတို့ကို ကယ်ပေးတာမဟုတ်ဘူးလား၊ ငါတို့ကို လုံခြုံတဲ့နေရာကို ခေါ်သွားပေးမှာမလား"
"ဒါကို မင်းတို့ တကယ်ယုံတယ်ပေါ့? လုံခြုံတဲ့နေရာဆိုတာ အဲ့လောက်ရှာဖို့လွယ်လား ငါတို့လိုလူတွေအတွက်တော့ ကံတရားနဲ့ပဲ ဆိုင်တယ်!"
"ကံကြမ္မာပဲ" ဟု သူပြောသော်လည်း သူ့အမူအရာမှာ နာကြည်းမှုနှင့် ထေ့ငေါ့ခြင်းများဖြင့် ပြည့်နေသည်။
"မစ္စတာရွှီ၊ ဘာကိုဆိုလိုတာလဲ အတွင်းအချက်အလက်တွေ ကြားထားသေးလား"
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စိုးထိတ်စွာ မေးသည်။
ရွှီဝေကော်က ပြောတဲ့သူကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတယ်
" ကမ္ဘာပျက်ကပ်က သူ့ဘာသူ ဖြစ်လာတာလို့ မင်းထင်လား "
"နေရောင်ခြည် လှုပ်ရှားမှုကြောင့်ဆို"
"မဟုတ်တာတွေ!" ရွှီဝေကော်၏ အသံသည် တုန်လှုပ်သွားပြီး
"အရေးပေါ် စခန်းတွေ အများကြီး၊ စွမ်းရည်အသုံးပြုသူတွေလဲ အများကြီး နှစ်ရက်သုံးရက်အတွင်း ဒီလောက် အားလုံးကို စီစဉ်နိုင်ပါ့မလား ငါပြောပြမယ်၊ သူတို့ ဒီအကြောင်းကို ဟိုးအရင်ကတည်းက သိထားကြတာပဲ အခုဆို အဆင့်အတန်းတွေက ပြောင်းလဲတော့မှာ စွမ်းရည်အသုံးပြုသူတွေက သာလွန်လာကြပြီး၊ ငါတို့လို သာမန်လူတွေကတော့ တစ်ခါသုံး ဘဝလောက်ပဲ၊ ပြီးတော့ ငါတို့က သူတို့အတွက် ရုပ်သေးသပ်သပ်ပဲ နောက်ဆုံးကျရင်တော့ ငါတို့အားလုံး ဖုတ်ကောင်တွေ ဖြစ်သွားကြလိမ့်မယ်!"
အပြာရောင်အလင်းတန်းများသည် စုန့်ခယ်၏လက်ဖဝါးတွင် တဖျပ်ဖျပ် ပေါ်ထွက်နေပြီး သူမ၏လက်ချောင်းများကြားတွင် သွက်လက်စွာ ကခုန်နေလေရဲ့။ ချွန်ထက်သော ဓါးက သူမ၏ နူးညံ့သော အသားအရေကို ပွတ်တိုက်မိသော်လည်း ကလေးအရုပ်ကဲ့သို့ ဆော့ကစားနေဆဲပင်။ ရွှီဝေကော်၏ "စွမ်းရည်အသုံးပြုသူများက သာလွန်ပြီး သာမာန်လူများသည်တော့ တစ်ခါသုံးဘဝများသပ်သပ်သာ" ဟူသော စကားများကို ကြားသောအခါတွင် အလင်းတန်းလေးသည် လှပစွာကွေ့ကောက်သွားပြီး အေးချမ်းစွာ ဖြာထွက်သွားသည်။
စောနက စကားပြောခဲ့တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်နှာကချဉ်လာကာ
"မစ္စတာရွှီ ၊ ကျွန်တော်တို့က တစ်ခါသုံးဘဝတွေဆိုတော့လဲ အသက်ရှင်နေသရွေ့ ဘယ်ကိုပဲ သွားသွား ကိစ္စမရှိပါဘူး"
ဟုပြောရင်း သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်၊
"ဒါပေမယ့် ခင်ဗျား သားက စွမ်းရည်ရှိတယ် မဟုတ်ဘူးလား ခင်ဗျားမှာတော့ ထွက်လမ်းရှိမှာပေါ့"
ရွှီဝေကော်၏ မျက်လုံးများသည် အသက်သွေးကြောကို ပြန်ဆုပ်ကိုင်နိုင်လိုက်သကဲ့သို့ တောက်ပလာသည်။ သူသည် အခြားသူ၏စကားကို ဆက်နားမထောင်နိုင်တော့ဘဲ သူ့ကိုယ်သူ ရေရွတ်ရင်း
"ဟုတ်တယ်! ငါ့သားက စွမ်းရည်ရှိတယ်!"
ရွှီဝေကော်၏ စုံစမ်းမေးမြန်းမှုအပြီးတွင် ယာဉ်ထဲရှိလေထုသည် တစ်ဖန် ဆိုးရွားစွာ ကျဆင်းသွားခဲ့သည်။ အချို့က သီးသန့်ပိုင်းခြားထားသော အထူးအခန်းကို မှင်တက်စွာ စိုက်ကြည့်နေကြပြီး အချို့က စွမ်းရည်များက ဘယ်လို ဖြစ်ပေါ်လာပြီး သူတို့ ဘာကြောင့် ကံမကောင်းခဲ့ကြောင်းကို တိုးညှင်းစွာ ဆွေးနွေးကြသည်။ သို့တိုင် မည်သူမျှ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို ရှာမတွေ့နိုင်သလို ရှေ့တန်းမှ လက်နက်ကိုင်စစ်သားများကို မေးခွန်းထုတ်ရဲသော သတ္တိလည်း မရှိပါ။
...
နံနက်လေးနာရီထိုးခါနီးတွင် ကြယ်ပျံသည် အသံတိတ်သွား၏။
ထိုအချိန်တွင် ပုံမှန်တန်းရှိ ခရီးသည်အများစုမှာ အိပ်ပျော်နေကြသည်။ ကျန်လူအနည်းငယ်မှာ ပင်ပန်းနွမ်းနယ်နေမှန်း သိသာထင်ရှားစွာ မျက်လုံးမှိတ်ထားကြသည်။ သိမ်မွေ့သော စက်သံများ လှုပ်ရှားသံများကို အလွယ်တကူ လျစ်လျူရှုထားခဲ့သော စုန့်ခယ်သည် ရုတ်တရက် မှိန်းရာမှနိုးထလာကာ သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူမသည် ပြတင်းပေါက်ကိုဖွင့်ကာ ပြတင်းပေါက်အထစ်ပေါ်သို့တက်ကာ သွက်သွက်လက်လက်ပင် တောက်တဲ့တစ်ကောင်ကဲ့သို့ ပြတင်းပေါက်ဘောင်ကိုတွယ်ကပ်ကာ အောက်ကိုငုံ့ကာ ထွက်သွားခဲ့သည်။ အနည်းငယ် လှုပ်ရှားရင်း၊ သူမသည် ကြယ်ပျံထိပ်ပေါ်သို့ တက်ခဲ့သည်။ နံနက်ခင်းမှေးမှိန်နေသောအလင်းရောင်မှတစ်ဆင့် ကြယ်ပျံသည် အမှန်တကယ်ကို အခန်းများ ပိုင်းခြားထားကြောင်းသူတွေ့လိုက်ရသည်။ အထူးအတွင်းခန်းသည် သုံးစွဲသူများကိုယ်တိုင်ပင် စက္ကန့်ပိုင်းအတွင်း သီးခြားလေယာဉ်ငယ်အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်စေပါသည်။ ထို့နောက် လမ်းကြောင်းပြောင်းကာ မတူညီသော ဦးတည်ရာသို့ဦးတည်ကာ သူတို့နှင့်ပင် လမ်းခွဲကာသပ်သပ်ထွက်သွားသည်။
စုန့်ခယ်သည် အော်ဟစ်ပြီး ရုန်းရင်းဆန်ခတ်ရလောက်အောင် မမိုက်မဲခဲ့ပါ။ သူမသည် အခြားလေယာဉ်တစ်စင်း အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြယ်ပျံပေါ်၌ ရပ်ကြည့်နေခဲ့သည်။ ထို့နောက် သူမပတ်ဝန်းကျင်ကို သတိပြုမိပြီး မကြာမီပင် အံ့အားသင့်သွားသည်—မြို့လယ်တွင် ရင်းနှီးသော အထင်ကရအဆောက်အအုံတစ်ခုက သူမကို ဖမ်းစားသွားခဲ့သည်။
အနီးနားက D-class မြို့ဆိုတာ ဒီဟာလား။
မိုးလင်းသည်နှင့် ဆင်ခြေဖုံးရပ်ကွက်ရှိ ဟွားမြို့ (D99 ခရိုင်) ၏ ဆင်ခြေဖုံးရပ်ကွက်ရှိ စားသောက်ကုန် ဂိုဒေါင်တစ်ခုတွင် ပုံမှန်တန်းကြယ်ပျံက တိတ်တဆိတ် ဝင်ရောက်လာသည်။
ဤစတုဂံပုံဂိုဒေါင်သည် ဧရိယာ 500 စတုရန်းမီတာခန့်ကျယ်ဝန်းပြီး ယာယီစခန်းအဖြစ် ပြောင်းလဲထားခဲ့သည်။ တောင်ဘက်တွင် ဝင်ပေါက်တစ်ခုတည်းသာရှိသော နံရံသုံးဘက်တို့ကို အလုံပိတ်ထားသည်။ လက်နက်ကိုင် မဟာမိတ်တပ်သားတစ်စုသည် ဝင်ပေါက်ကိုကင်းလှည့်ပြီး ကင်းစခန်းများကို နှစ်ကီလိုမီတာအကွာတွင် ဖြန့်ကြက်ထားသည်။ အပေါ်ယံအားဖြင့်၊ လုံခြုံရေးအစီအမံများသည် လုံးဝကိုတင်းကြပ်ထားသည်ပင်။
ကြယ်ပျံပေါ်မှ ခရီးသည်များအားလုံး ဆင်းကာ စစ်ဆေးရန်တန်းစီလိုက်ကြပြီး တိတ်ဆိတ်နေသော သိုးအုပ်ကဲ့သို့ ဂိုဒေါင်ထဲသို့ ဝင်သွားကြသည်။ စုန့်ခယ်သည် လူတန်း၏နောက်ဘက်မှ လိုက်လာကာ သူမ၏ခြေလှမ်းများသည် တဖြည်းဖြည်းနှေးကွေးလာပြီး အရှေ့မှလူနှင့် အကွာအဝေးကို ခြားလိုက်တော့သည်။
ဤနေရာသည် လုံခြုံသည်ဟု ထင်ရသော်လည်း သွားလာလှုပ်ရှားမှုတွင် ကန့်သတ်ချက်များ ရှိလာနိုင်ဖွယ်ရှိသည်။ အတွင်းထဲရောက်ရင် အပြင်ထပ်ထွက်ဖို့ခက်တယ်။ စုန့်ခယ်သည် သူမ၏ ဘေးကင်းရေးကို အခြားသူများထံ အပြည့်အဝ အပ်နှင်းထားခြင်းမရှိပေ။ အရင်ကတည်းက သူမမှာ တခြားအစီအစဉ်တစ်ခုရှိခဲ့တယ်။
လူများသည်ကို အခွင့်ကောင်းယူပြီး အနီးနားရှိ လမ်းကြားတစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။
______________