အပိုင်း (၈)
-----ဖူဟောက်ရောက်လာချိန်မှာတွင် ကုတင်ပေါ်ထိုင်ကာ လက်ဖက်ရည်သောက်နေသည့် လင်းချန်ကို မြင်လိုက်ရ၏။ စောင်ခြုံထားပြီး ဆံပင်များကလည်း စိုနေဆဲပင်။
ပါမောက္ခဖူခမျာ အေးစက်လှသော အခန်းထဲ ခြေချချချင်းမှာပဲ လေးဘက်လေးတန် နံရံဖြူများကာရံထားပြီး အထီးကျန်လှသော စားပွဲလေးတစ်လုံးသာ ရှိသည့်အခန်းကို မြင်လိုက်ရသည့်အခါ လင်းချန်ကုတင်ဘေးသို့ အပြေးသွားလေ၏။
"စီနီယာရယ် .. ဒီနေရာမျိုးက စီနီယာနေသင့်တဲ့နေရာမျိုးမဟုတ်ဘူးလေ"
လင်းချန်က သူ့ကို တစ်ချက်ငဲ့ကြည့်ရုံသာကြည့်ပြီး ဘာတစ်ခွန်းမှ ပြန်မပြောပေ။
"ကျွန်တော်နဲ့အတူ လိုက်နေလှည့်!"
ဒီတစ်ကြိမ်မှာတော့ ခေါင်းဆောင်ရှင်း၏ စူးစိုက်ကြည့်ချင်းကို ခံလိုက်ရလေ၏။
ရှင်းချုံလျန်က ဘာလို့ သူ့ကို ထိုကဲ့သို့ ကြည့်သလဲ ဖူဟောက်နားမလည်သော်လည်း ထိုအကြည့်များကြားမှ စိတ်မရှည်သည်းမခံနိုင်မှုများကို ခံစားမိသည်။
ပိုပြီး နားလည်လွယ်အောင် အဓိပ္ပာယ်ဖွင့်ကြည့်သော် - 'မင်း ဘာစကားတွေ လာများနေတာလဲ!'
ဖူဟောက်သည် ရှင်းချုံလျန် သူ့ကို အပြစ်တင်နေခြင်းမှာ လင်းချန်တွေးတောနေမှုကို အနှောင့်အယှက်ပေးမိခြင်းကြောင့်ဟု အထင်မှားမိ၏။ ထို့ကြောင့် ချက်ချင်းပါးစပ်ပိတ်လိုက်သည်။ အေးစက်နေသည့်ကြမ်းပြင်ကိုလည်း အမှုထားမနေတော့ဘဲ လိမ်လိမ်မာမာပဲ ထိုင်ချနေလိုက်၏။
လင်းချန်ကတော့ ဘာစကားမှမပြော။ ဖူဟောက်က စကားတစ်ခွန်း ဝင်မပြောခင် အလေးအနက်စဉ်းစားချင့်ချိန်နေရသည်။
"ကွင်းဆက်လူသတ်သမားမဟုတ်တာရော မဖြစ်နိုင်ဘူးလား"
လင်းချန်ခေါင်းငြိမ့်လိုက်သည် - "ဒီလူတွေက လူသတ်မှုကြောင့် သေတာဆိုတဲ့ သက်သေမရှိဘူး"
သူက စကားလုံးများကို ဂရုတစိုက်ရွေးချယ်သုံးနှုန်းသွားသည်။ ဘေးတွင် ထိုင်နေသည့် ရှင်းချုံလျန်က ရုတ်တရက်မေး၏ - "ဒီမနက် သေမှုသေခင်းအဖွဲ့က ပန်းခြံထဲကအမှုမှာ ကြိုးကွင်းကို တမင်ပျက်စီးအောင် လုပ်ထားတယ်လို့ အတည်ပြုသွားတယ်"
YOU ARE READING
လွှမ်းမိုးခြင်းနိယာမ
Mystery / Thrillerချန်အာ့ ၏ ဖန့်ကျွေ့ရှင်းလီကို ဘာသာပြန်ဆိုပါသည် အတွဲ (၁) - သဲတစ်ပွင့် အတွဲ (၂) - နှစ်လမ်းသွား အတွဲ (၃) - သင်္ချိုင်းသုံးမြေ အတွဲ (၄) - သံစဉ်လေးသွယ် အတွဲ (၅) - မြောလွင့်ခြင်းပဉ္စဂံ