U version
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်
“ နီရဲပြီး ချိုနေတာပဲ မမရာ ”
“ အေး အရည်ကလည်း ရွှမ်းမှ ရွှမ်းပဲ ”
“ အွန်း…စားလို့ကောင်းလိုက်တာ ”
လူခြေတိတ်လို့နေသည့် ဖရဲခင်းတစ်ခုအတွင်း အကျအနထိုင်ကာ ကြီးမားကာလုံးဝန်းလို့နေသည့် နီနီရဲရဲဖရဲသီးမှည့်တစ်လုံးအား တစ်ဝက်စီခြမ်းကာ တစ်ယောက်တစ်ခြမ်းနှုန်းဖြင့် အားပါးတရာစားလို့နေသည့် ကလေးငယ်နှစ်ယောက်။ နှုတ်ခမ်းတစ်ဝိုက်တွင်လည်း ဖရဲသီးအရည်အတချို့ဖြင့်ပေရေကာ ရဲပတောင်းခပ်လို့နေသည်မှာ မသိလျှက် ဒဏ်ရာရထား၍ နီရဲနေသည့်ဟန်ပေါ်လို့နေ၏။
“ စားတာလည်း ရှေ့နောက်ကြည့်စားဦး… မတော်လို့ အပျိုကြီး တွေ့သွားရင် ငါတို့တော့ ဂွမ်းပြီ ”
“ သိပါတယ် မမရဲ့… အသုလည်း အရိပ်အခြေကြည့်ရင်းစားနေတာပါ ”
ဘေးဘီဝဲယာကို မျက်လုံးကစားရင်း သူခိုးချောင်း ချောင်းကာ ပြောလိုက်သည့် သွေးရဲ့စကားအား ခွန်းတုန့်ပြန်ရင်း ပြောလိုက်သည့် သုတ
ဟုတ်တာပေါ့ဗျာ။ ထိုကလေးနှစ်ယောက်ကတော့ အတုမရှိတဲ့ သူကြီးလေးနဲ့ သောတ တို့ရဲ့ အမြွှာကလေးနှစ်ယောက်ပင်ဖြစ်ပေသည်။ ဖြစ်ပုံကတော့လား ရွာအရှေ့ပိုင်းက အပျိုကြီး ဒေါ်ဘုတ်ရဲ့ ဖရဲခင်းထဲဝင်ပြီး ကြီးပေ့၊လှပေ့၊ရဲပေ့၊ ချိုပေ့ ဆိုတဲ့ ဖရဲသီးမှည့်တစ်လုံးအား လူမသိအောင် ခိုးစားနေကြခြင်းဖြစ်ပေသည်။
“ အမလေး! ကုန်ပါပြီ! ကုန်ပါပြီ!… ဟဲ့ ကလေးနှစ်ကောင် နင်တို့ ငါ့ဖရဲသီးတွေကိုခိုးစားနေကြတယ်ပေါ့လေ! ဟုတ်လား!!? ”
အသံခပ်စွာစွာဖြင့် မကျေမချမ်းအော်ပြောလိုက်သည့် အသံမှာ သူတို့နှစ်ယောက်၏ အနောက်မှ ဟိန်းခနဲ့။
“ ဟာ! အပျိုကြီးတွေ့သွားပြီ အမြန်ပြေးမှ! ”
ဒေါနှင့် မောနှင့် သူတို့ရှိရာဆီကို ပြေးလာနေသည့် အဒေါ်ကြီးကြောင့် သွေးမှ စကားဆိုလျက် နှစ်ယောက်သား စားလက်စ ဖရဲသီးခြမ်းကြီးအား ပစ်ချကာ ထိုနေရာမှ ထ ပြေးလေ၏။
YOU ARE READING
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]
Short Storyတစ်နေ့ တစ်နေ့ ခင်ဗျားရဲ့ ဆူပူကြိမ်းမောင်းတဲ့ဆဲဆိုအော်ဟစ်သံလေးတွေကိုမှမကြားရရင် ကျုပ်ရင်ထဲမှာဟာတာတာကြီးနဲ့ နေလို့မကောင်းဘူးဗျ...