သလွန်ဘေးဘက်တွင် စိုးရိမ်ပူပန်မှုပြည့်လျှံနေသောမျက်ဝန်းတွေဖြင့် သလွန်ထက်မှသတိမေ့နေသောကောင်လေးကို စိုက်ကြည့်နေမိသည်.. ဖြည်းညှင်းစွာပတ်တီးစီးပေးနေသော သမားတော်ကိုလည်း စိတ်မရှည်ဟန်ဖြင့် ခဏခဏလှည့်ကြည့်နေမိသည်.. ပါးစပ်ကမေးချင်နေပေမယ့်လည်း ဂရုတစိုက်ပတ်တီးစီးပေးနေသောကြောင့်အနှောင့်အယှက်ဖြစ်မည်စိုး၍ နှုတ်ဆိတ်နေရသည်..
ကျေးဇူးပြု၍ ပြန်နိုးထပေးပါ.. တခုခုသာဖြစ်သွားခဲ့ရင် သူ့ကိုယ်သူ တစ်သက်လုံးခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ.. သူ့ကြောင့် သူချစ်ရတဲ့ကောင်လေး တခုခုဖြစ်သွားခဲ့ရင်..
ဘုရား ဘုရား အတွေးနဲ့တင် တုန်လှုပ်ခြောက်ခြားဖို့ ကောင်းလှပါလား..
ကျေးဇူးပြု၍ မိုးနတ်မင်းကြီး ကယ်တင်စောင်မပါ..
နောက်ဆုံးတော့ ကုသမှုပြီးဆုံးပြီး သမားတော်ကြီး ထိုင်ရာမှထလိုက်သည်..
"သမားတော်ကြီး"
သူ့ရဲ့ စိုးရိမ်ပူပန်မှုမျက်ဝန်းအစုံကို သမားတော်ကြီးမြင်သွားတော့ သေချာရှင်းပြသည်..
"ဒဏ်ရာကတော့ မစိုးရိမ်ရတော့ပါဘူး.. နှလုံးတည့်တည့်ထိသွားတာမဟုတ်တော့ တော်သေးတယ်.. ကျွန်တော်မျိုး အစွမ်းကုန်ကုသပေးထားပါတယ်.. ခဏနေရင် သတိရလာတော့မှာပါ.. ဒီရက်ပိုင်းအတွင်းတော့ နေ့တိုင်းဆေးထည့်ပြီး အနားယူရပါလိမ့်မယ်"
သမားတော်ပြန်သွားတော့မှ စိုးရိမ်ပူပန်နေသောသူ့စိတ်အစဉ်ကို လျှော့ချလိုက်တော့သည်.. ထိုအချိန်မှ သူလည်း အရမ်းပင်ပန်းနေပြီဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိလိုက်သည်.. ပင်ပန်းမှာပေါ့.. တလမ်းလုံး မြင်းနဲ့ဒုန်းစိုင်းပြန်လာခဲ့ပြီး ရောက်ရောက်ချင်း သမားတော်ခေါ်ကာ Ji jiကို ကုသပေးခဲ့ရသည်.. သူတလမ်းလုံး ဘယ်လောက်တောင် စိုးရိမ်စိတ်တွေ များခဲ့ရလည်းဆိုတာ သူကိုယ်သူအသိဆုံးပင်.. မျက်လုံးထဲတွင် ဘာမှမမြင်ဘဲ ငါးရက်တာခရီးကို တရက်ထဲနှင့် အရောက်ပြန်လာတာကို ကြည့်ခြင်းဖြင့် သူဘယ်လောက်စိတ်ပူပန်နေခဲ့လဲ ခန့်မှန်းနိုင်သည်.. ခုချိန်ထိ သွေးအလိမ်းလိမ်းနဲ့ တိုက်ပွဲဝင်ဝတ်စုံကိုတောင် မလဲရသေး..