အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၂)စနေထွဋ်ခေါင် သည် မိုးစက်အပေါ်ခံစားချက်မရှိအောင် အတင်းထိန်းချုပ်ထားသော်လည်း တနေ့ တခြား တိုးတိုးလို့သာလာခဲ့သည်။ ရေနွေးငွေ့များနှယ် အတင်းဖိနှိပ်လေ ကန်ထွက်လေ ဆိုသည့် အချစ်၏ သဘောကို စနေထွဋ်ခေါင်မေ့သွားခဲ့သည်။ မိုးစက် သူ့ချစ်သူအပေါ် အချစ်တို့ နက်ရှိုင်း သည်ကို မိမိအသိဆုံးဖြစ်သည်။ အိပ်မက်ထဲမှာ အမြဲယောင်ယမ်းခေါ်သည်အထိ သူ့နှလုံးသားထဲ တွင် နှင်းထန်ရှိနေဆဲဖြစ်သည်ကို သိတော့ မိမိခံစားချက်ကိုလည်း ထိန်းရသေးသည်။
အနေကြာလို့ သံယောဇဉ်တွယ်တာလား။ မိုးစက်ကိုက ချစ်စရာကောင်းလွန်းသည့် အမူအကျင့်နှင့် စိတ်ထားလေးပိုင်ဆိုင်ထားလို့ တွယ်တာသလားတော့ မသိပေ။ နှင်းကလေးနှင့်မတူသည့် မချစ်ဖြင့် မိုးစက်အပေါ် မိမိတွယ်တာမိလေပြီ။
မိုးစက်ကတော့ မိမိ ဆက်ဆံရေး အနည်းငယ်တင်းမာသည်ကို သိသည့်တိုင် သူ့ဖက်မှ မပြောင်းလဲပဲ ဆက်ဆံနေနိင်သဖြင့် တခါတခါ မိမိဖာသာရှက်မိသေးသည်။ သို့သော် မိမိနှလုံးသားကို ကကွယ်ရန် စနေထွဋ်ခေါင် မိုးစက်ကို မိမိညီလေးအရင်းလို အတင်းစိတ်နှလုံးသွင်းနေလိုက်သည်။
“ညီလေး။ ငါ့ညီလေး…”
ညီလေး ဂါထာကို တနေ့ကို အခါ ၁၀၀၀ လောက်ရွတ်နေရသည်။ ၂ နှစ်ပြည့်ပြီးလျှင် နှင်းထန် သေချာပေါက် မိမိအိမ်တံခါးဝကို ရောက်လာပြီး မိုးစက်ကို ခေါ်မှာသေချာသည်။ ထိုအခါ မိုးစက် ဘယ်လောက်တင်းခံနိုင်မှာပါလိမ့်။ ပြန်ပါသွားဖို့က ၅၀ ရာခိုင်နှုန်း ကသေချာနေသည်။ ထိုအခါ ခံစားချက်များဖြင့် မိမိက အသက်ကြီးမှ ၀က်သက်ပေါက်သည့်ဒဏ်ကိုခံစားနေရဦးမည်။
စနေထွဋ်ခေါင် မိုးစက်နှင့် အတူ ဆောက်လုပ်ဆဲအဆောက်အဦးကို သွားစစ်သည့်နေ့က စနေထွဋ်ခေါင်၏ သံမဏိစည်းက ကြိုးပေါက်သွားခဲ့သည်။ ချိုးဖောက်လိုက်သည့်အရာက မိမိအပေါ် ထားသည့် သံယောဇဉ်များဖြစ်သည်။
ဆိုဒ်ထဲ ကိုယ်တိုင်ဝင်စစ်သည်ကို မိုးစက်က ထပ်ချပ်မကွာလိုက်လာခဲ့သည်။ တထပ်ပြီးတထပ်စစ် လာရင်း အဆောက်အဦးအနောက်ဘက်ကို သွားစစ်စဉ် ရုတ်တရက် ပုံထားသည့်အုတ်ပုံက ရုတ်တရက် ပြိုကျလာခဲ့သည်။ သစ်သားများ၊ သံချောင်းများပါ စနေထွဋ်ခေါင်ပေါ်ပိကျလာခဲ့သည်။