အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၀)-ဒုတိယပိုင်း
ငြိမ်းချမ်းခြင်းဆိုတာကို အကိုကြီးနှင့်နေမှ မိုးစက်ခံစားဖူးတော့သည်။ မိုးစက်ဘ၀တွင် သူတပါး အတွက်သာ အသက်ရှင်ခဲ့သည်။ ယခုမှ မိမိအတွက် အသက်ရှင်သန်ခြင်းကို နားလည်တော့သည်။
မိုးစက်သည် အိမ်တွင်နားနေရင်း အကိုကြီးလည်း မရှိသဖြင့် ဘယ်လောက်ပျင်းစရာကောင်းသည်ကို သိရတော့သည်။
ထိုအခါမှ မိမိ အတူနေလာသည့် ၂နှစ်နီးပါးတွင် ညအိပ်ချိန်သာ အကိုကြီးနှင့်ခွဲခဲ့သည်ကို ပြန်တွေးမိသည်။ တရက်လျှင် ၁၈ နာရီခန့် အကိုကြီးနှင့်အတူရှိနေခဲ့သည်။ အတူသွား၊ အတူစား၊အတူအလုပ်လုပ်၊ အတူယောဂကျင့်၊ အတူ Gym ဆော့၊ အတူ စား၊ အတူတူ စကားပြော၊ ဘ၀အဖော်ဆိုတာ ဘာလဲဆိုတာကို မိုးစက်ပြန်တွေးကြည့်မိသည်။
အကိုကြီးနှင့် မိမိ sex မပါသော်လည်း တစ်ဦးစိတ်ကို တစ်ဦးနားလည်ပေးသည်။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖြည့်ဆည့်းပေးသည်။ တကယ်တန်းပြောရလျှင် မိမိက အကိုကြီးကို ဘာမှ မဖြည့်ဆည်းပေးနိုင်ပါ။ အကိုကြီးကသာ မိမိကို လိုလေသေးမရှိဖြည့်ဆည်းပေးခဲ့သည်။ နှင်းကလေး ကိုယ်စားမိမိကို ပျိုးထောင်ပေးနေသည်ကို သိပါသည်။မိုးစက်အနေဖြင့် မိမိကို ချစ်လို့၊ သံယောဇဉ်တွယ်လို့ လုပ်ပေးခြင်းမဟုတ်သည်ကို မိမိ သိပါသည်။
နှင်းကလေး ၏ နေရာတွင်အစားထိုးရသည်ကို သိသည့်တိုင်အောင် သူ့ကို မိမိတွယ်တာမိသည်။ လေးစားသည်။ သူ့အကြင်နာကို လေးစားသည်။ သူ့အတွေးအခေါ်ကို ကိုးကွယ်သည်။ ရှင်းရှင်းပြောလျှင် အင်မတန်ကို ပြတ်သားသည့် သူ့လိုလူမျိုးဖြစ်ချင်သည်။ မိမိချစ်သူကို ဘယ်တုန်း ကမှ အထိခိုက်မခံသည့် လူမျိုး။ ချစ်သူအတွက် အသက်ပင်စွန့်ဝံ့သည့် လူမျိုး။ ထိုသို့သောလူမျိုး မိမိဖြစ်ချင်သည်။ အချစ်ခံရသောသူထက် ချစ်သောသူဖြစ်ချင်သည်။ အကာကွယ်ခံရသည်ထက် ကာကွယ်ပေးသောသူဖြစ်ချင်ပါသည်။အကိုနှင်းထန်နှင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စတစ်ခုလုံးကို မိုးစက် အိမ်တွင်နားရစဉ် အသေးစိတ်ပြန် တွေးနေမိသည်။
ညီမလေးကြောင့် သူ့အနားကို သွားရင်း သူ၏ချစ်ခြင်းကို ခံခဲ့ရသည်။ မိမိငြင်းသည့်ကြားမှ သူ့ချစ်သူ အဖြစ်ကို ရောက်ရှိခဲ့သည်။ မိမိက ယောကျာ်းစစ်စစ်တစ်ဦးဖြစ်သော်လည်း သူ့အပွေ့အဖက်အနမ်း များ ကမိမိကို ရင်တုန်လှုပ်ရှားလာစေခဲ့သည်။ သူပြောသည်လည်းမှန်ပါသည်။ သူမျက်စိကွယ်သွားပြီး မိုးပွင့် ထွက်သွားခဲ့စဉ်က လက်ထပ်ပွဲတွင် မိမိသူ့ကိုလက်ထပ်မည်ပြောစဉ်က သူက မိမိကိုတကယ့် လင်မယားလိုနေနိုင်မှ လက်ခံပါဟုပြောခဲ့ဖူးသည်။