အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၉)
စနေထွဋ်ခေါင်သည် မိုးစက်ခွံကျွေးသော မွေးနေ့ကိတ်ကို တကိုက်ကိုက်လိုက်မိစဉ် ရင်ထဲမှပူနွေး သော ခံစားချက်တစ်ခုက နှလုံးသားထဲ ငြင်သာစွာလှည့်ပတ်လာတော့သည်။
“ကျေးဇူး ညီလေး”
“ကျွန်တော်က ပြောရမှာပါ အကိုကြီး။ ကျေးဇူးပါ.။”
နှစ်ဦးသား မျက်လုံးခြင်းဆုံကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။ တူညီသော သံယောဇဉ် လေးများက နှစ်ဦးသားကို ရစ်ပတ်စပြုလာလေပြီ။
စောမြ၀တီသည် သားလေး အာကာနှင်းထန်ကို ပွေ့ကာ ပရိတ်သတ်ကို နူတ်ခွန်းဆက်သရင်း ခြံဝသို့ တမျှော်မျှော်လုပ်နေရသည်။ ဦးမင်းထန်က စောမြ၀တီလက်မှ မြေးလေးကို လာပွေ့ကာခေါ်သွား လိုက်သည်။ ထို့နောက် တနေရာမှ ဖုန်းဆက်ကာ မန်နေဂျာများကို အမိန့်ပေးလိုက်သည်။ မိမိသား ကို မပါပါ အောင်ခေါ်ခဲ့ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
“နှင်းထန်မပါရင် နောက်တနေ့မင်းတို့တွေ အလုပ်ကို လာဖို့မလိုဘူး။”
မန်နေဂျာများသည် မိမိတို့ကို အပြစ်မရှိပဲ အလုပ်ထုတ်လို့မရသည်ကိုသိသော်လည်း ဦးမင်းထန်ကို နှစ်ရှည်လများ လက်တွဲလာခဲ့သဖြင့် အမျက်ရှမည်ကို မလိုလားသောကြောင့် မောင်နှင်းထန်ကို ရှိခိုး ဦးတင်မတတ် တောင်းပန်ကာ မွေးနေ့ပွဲကို အပါခေါ်ခဲ့ကြရသည်။ လူအများက ၀ိုင်းတောင်းပန် သည်က တကြောင်း၊ မိမိဖခင်နှင့် မိမိကြားမှ မန်နေဂျာများ အနေကြပ်သည်ကို မလိုလားသော ကြောင့် နှင်းထန် မလွှဲသာပဲ လိုက်ပါလာခဲ့ရသည်။
မိမိသဘောဖြင့်ဆိုလျှင် နှင်းထန် ၀တီ့ခြံထဲကို ခြေချဖို့မဆိုထားနှင့် ခြံရှေ့ပင်ဖြတ်မလျှောက်ပေ။ စောမြ၀တီ၏ သားလေးကို သူ့အိမ်ပေါ်လာတင်ထားကတည်းက သားအဖ စကားမပြောဖြစ်တာ ကြာလေပြီ။ ဟိုတယ်တွင် ၁လခန့်သွားနေကတည်းက ဦးမင်းထန် နောက်တခါ မြေးကို ခေါ်မလာ တော့ပေ။ နှင်းထန်သည် မိမိဇနီးဖြစ်သူ၏ အမှတ်သည်းခြေကြီးသည်ကို တထပ်တည်းသွားတူခြင်း ဖြစ်သည်။ ဘူးဆိုလျှင် ဖရုံမသီးသည့် သားကို နောက်ထပ်အလစ်ငိုက်တိုက်ခိုက်ရန် မြေးတစ်နှစ်ပြည့် မွေးနေ့ကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
“ဆရာ ကျွန်တော်တို့လာပြီနော်။ နောက် ၅ မိနစ်ဆိုရင်ရောက်ပြီ။”
“အေး…အေး..။”
ဦးမင်းထန်ကျေနပ်စွာပြုံးလိုက်သည်။ တီးဝိုင်းခေါင်းဆောင်ကို အဆင်သင့်ပြင်ထားရန်ပြောလိုက် သည်။ မန်နေဂျာများ၏ အလိုကို အားနာလိုက်လျောလျှင် ပရိတ်သတ်ရှေ့တွင် သူ့သားလေး အကြောင်းကြေငြာသည်ကို နှင်းထန် ကန့်ကွက်မည်မဟုတ်ပေ။
မွေးနေ့ကိတ်ခွဲရန်နှင့် မွေးနေ့သီချင်းတီးခတ်သီဆိုရန် အစီအစဉ်ကို ကွက်တိဆောင်ရွက်ရန် တပည့် များကိုမှာကြားထားလိုက်သည်။
နှင်းထန်တို့ကားများ ခြံထဲသို့ တန်းစီဝင်ရောက်လာကြသည်။ သားဖြစ်သူ ကားပေါ်မှ ဆင်းလာသည် နှင့် ဦးမင်းထန် အချက်ပြလိုက်သည်။ တီးဝိုင်းမှအစီအစဉ်ကြေငြာသူက ကြိုတင်ပေးထားသည့် စာရွက်ထဲမှအတိုင်း ပရိတ်သတ်ကို ကြေငြာပေးလိုက်သည်။
“မွေးနေ့ရှင် သားလေး အာကာနှင်းထန်ရဲ့ ဒယ်ဒီနှင်းထန်ကို ပရိတ်သတ်များ လက်ခုပ်သြဘာလေး နဲ့ ကြိုဆိုပေးကြပါ ခင်ဗျာ။ ”
အစီစဉ်တင်ဆက်သူ၏ ကြေငြာသံအဆုံး ဦးမင်းထန်၏ တပည့်များနှင့် အလံရှူးများဝိုင်းတီးလိုက်သည့် လက်ခုပ်သံနှင့် အတူ ပရိတ်သတ်များကလည်း သံယောင်လိုက်ကာ တီးလိုက်ကြသည်။
နှင်းထန်သည် ဖခင်ဖြစ်သူ၏ အစီအစဉ်ကို ရိပ်မိလိုက်ကာ လှမ်းလက်စခြေလှမ်း တန့်သွားပြီး မျက်နှာထားတင်းသွားသည်။ မွေးနေ့ပွဲကို အကြောင်းပြပြီး ၀တီ့ကလေးကို မိမိကလေးဖြစ်ကြောင်း တရားဝင်ကြေငြာရန် စီစဉ်ထားသည်ကို သိလိုက်သော တချက်ပြုံးလိုက်သည်။ အေးစက်သောအပြုံး။
အကြင်နာတရားကင်းမဲ့သော အပြုံးကို မိမိပြုံးတတ်သည်မှာကြာလေပြီ။
“မောင်နှင်းထန် ဦးတို့ တောင်းပန်ပါတယ်ကွာ။ ခဏလောက် မျက်နှာပြပြီး ပြန်ကြတာပေါ့နော်။ ”
နှင်းထန်သည် နံဘေးမှ မဆီမဆိုင်တောင်းပန်နေကြသော မန်နေဂျာကြီးများကို ကြည့်ကာ ခေါင်း တချက်ငြိမ့်လိုက်ပြီး အထူးဝိုင်းသို့ ဆက်လက်လာခဲ့ကြသည်။ ထိုဝိုင်းတွင် စောမြ၀တီသည် ပြင်သစ်မှ တိုက်ရိုက်မှာယူထားသော တန်ဖိုးကြီး အ၀တ်အစားဖြင့် မင်းသမီးတစ်ပါးပမာ လှပ တင့်တယ်လို့နေသည်။ ကလေးကလည်း ၀၀ကစ်ကစ်ဖြူဖြူဖွေးဖွေးဖြင့် ပြုံးချိုသောမျက်နှာကို ပိုင်ဆိုင်ထားသဖြင့် တကယ်ကို ချစ်စရာကောင်းလှသည်။ စောမြ၀တီကို မုန်းသည့်ကြားမှ နှင်းထန် ကလေး ချစ်စရာကောင်းသည်ကို သတိပြုမိလိုက်သည်။
“ကလေးရေ… မင်းကံဆိုးလို့ စောမြ၀တီရဲ့ ဗိုက်ထဲ ၀င်စားတာပေါ့နော်။ မင်းသာ အခြားကလေးဖြစ် ရင် မင်းကို ငါ သေချာပေါက်ချစ်မိမှာပဲ။ အခုတော့ကွာ မင်းလည်းကံဆိုးလို့ ငါ့လိုလူနဲ့ တွေ့ရတယ်။”
နှင်းထန် ကလေးကိုတချက်လှမ်းကြည့်ကာ အသံတိတ်လှမ်းပြောနေမိသည်။
ပရိတ်သတ်များကတော့ ပြဇာတ်ဆန်ဆန်၊ ရုပ်ရှင်ဆန်ဆန် မန်နေဂျာ ၈ ဦးခန့် ခြံရံပြီး ကြွချီလာသော ကလေး အဖေကို စိတ်ဝင်စားစွာစောင့်ကြည့်နေကြသည်။
Company ပိုင်ရှင် သူဌေးတွင် ပထမ မယားကြီးရှိပြီး ယခု ငွေရှိသည့် ဆွေမျိုးမကင်းသည့် မိန်းကလေးနှင့် ထပ်ပြီးတိတ်တိတ်ပုန်းလက်ထပ်ကာ ကလေးတစ်ယောက်ရထားသလို သတင်းထွက် နေသည်မဟုတ်လား။ ယခု ကလေးမွေးနေ့ကတော့ စောမြ၀တီ၏ သားလေးဟုသာ ဖော်ပြထား သော်လည်း အစီအစဉ်ကြေငြာသူမှ ကလေး၏ ဒယ်ဒီဟု ထုတ်ဖော်ကြေငြာနေသဖြင့် ကလေးနှင့် ပတ်သတ်မှုကို တရားဝင်သိရှိသွားကြသည်။
တီးဝိုင်းကလည်း Birthday song ကို တီးခတ်သီဆိုကြသကဲ့သို့ စားပွဲထိုးတစ်စုကလည်း ၅ ထပ်ရှိသည့် မွေးနေ့ကိတ်ကြိးကို တွန်းလှည်းပေါ်တင်ကာ တွန်းလာခဲ့သည်။ မီးစလိုက်ကလည်း ကိတ်နှင့်အတူ ရွေ့လျားလာပြီး နှင်းထန်နှင့် ၀တီတို့ သားအမိတို့ ၃ ဦးထံတွင် ရပ်သွားသည်။
“သားသား အာကာနှင်းထန် ကိုယ်စား ဒယ်ဒီ နှင်းထန်က မွေးနေ့ကိတ်ကို လှီးပေးပါတော့မယ် ခင်ဗျာ။ ပရိသတ်အားလုံး မွေးနေ့ရှင်လေးကို ဂုဏ်ပြုသောအားဖြင့် မွေးနေ့သီချင်းကို ကျွန်တော် တို့ အဖွဲ့နဲ့ အတူ သီဆိုပေးကြပါ ခင်ဗျာ။”
နှင်းထန်သည် မဲ့ပြုံးပြုံးကာ မွေးနေ့ကိတ်ကို လှီးရန် ဓါးကို ကောက်ကိုင်ကာ အမြန်လှီးချလိုက်သည်။
“ဒယ်ဒီ နှင်းထန်မှ ပထမဆုံး ကိတ်ကို သားသားလေးကို ခွံကျွေးပေးပါ ခင်ဗျာ။”
နှင်းထန်သည် ကိတ်မုန့်နှင့် နံလေးတွင် အောင်နိုင်သူအပြုံးဖြင့် ကလေးချီကာ ရပ်နေသော စောမြ၀တီ ၏ မျက်နှာကို ပစ်ပေါက်လိုက်ချင်သော်လည်း ရှယ်ယာရှင်များ၊ စီးပွားရေး လောကမှ လုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက် company များတက်ရောက်လာသောကြောင့် ကလေးကို အသာခွံ ကျွေးလိုက်သည်။
“နောက် ကိတ်မုန့်ကို သားသားလေးကို မွေးပေးတဲ့ မာမီကို ခွံပေးပါဦးခင်ဗျာ။”
နှင်းထန်သည် ဖခင်ဖြစ်သူကို မကျေမနပ်တစ်ချက်လှမ်းကြည့်လိုက်ပြီး အင်မတန်ကို ရွံမုန်းလှသော် လည်း ဟန်ဆောင်ပြုံးကာ စောမြ၀တီကို မုန့်ခွံကျွေးလိုက်သည်။ စောမြ၀တီသည် အင်မတန်ကို ကျေနပ်လှစွာဖြင့် ပါးစပ်ကိုဟကာ ကိတ်ကိုလှမ်းစားလိုက်စဉ် ကိတ်က ပြုတ်ကျကာ င်္အကျီပေါ် ပြုတ် ကျသွားတော့သည်။ ပွဲလာပရိတ်သတ်တချို့ အာမေဋိတ်သံ ထွက်ပေါ်လာသည်။ စောမြ၀တီ မျက်နှာ ပျက်သွားသည်။ ကိုကို တမင်ပညာပြခြင်းဖြစ်သည်။ မိမိပါးစပ်နားရောက်ခါနီးမှ တမင် ကိတ်မုန့်ကို လွှတ်ချလိုက်ခြင်းဖြစ်သည်။ စောမြ၀တီသည် အ၀တ်စားပေသွားသည်ထက် မိမိကို လုံးဝ စေတနာ မရှိသည့်အပြင် မုန်းတီးနေသော ကိုကိုအမုန်းကြောင့် မျက်ရည်ဝဲသွားသည်။ ပင့်သက်ကို ရှိုက်လိုက် မိသည်။
“ဆောရီး စောမြ၀တီ။ ကျွန်တော် ပျော်လွန်းလို့ လက်တုန်ပြီး ကိတ်မုန့်ပြုတ်ကျသွားတယ်။ ကဲ သားလေး အတွက် မွေးနေ့လက်ဆောင်ကို ဖောက်ပြပါရစေ။ ”
နှင်းထန်က လက်ဟန်ပြလိုက်သဖြင့် မိမိပြင်ဆင်ထားသော လက်ဆောင်ကို တပည့် ၄ ဦးက သယ်ကာ ပရိတ်သတ်ထဲ ၀င်လာသဖြင့် ပရိတ်သတ်၏ အာရုံက လက်ဆောင်ထံသို့ ရောက် သွားသည်။ နှင်းထန်သည် လက်ဆောင်စာရင်းကို ယူကာ စင်မြင့်ပေါ်မှ အစီအစဉ် တင်ဆက် သူထံပေးကာ ဖောက်ပြီး ကြေငြာစေသည်။
တန်ဖိုးကြီးလက်ဆောင်များ နှင့် ကစားစ၇ာများစွာကို ကြေငြာရင်း လူအများ အာရုံလွှဲသွားစဉ် နှင်းထန် ချက်ခြင်းပြန်ထွက်သွားတော့သည်။
စောမြ၀တီသည် ကျောခိုင်းထွက်သွားသည့် ကိုကို့ကိုစိုက်ကြည့်ရင်း သားလေးကို တချက်လေး ပင်ပွေ့မသွား၊ နမ်းမသွားသည့် သူ့ကို နာကျင်ဝမ်းနည်းစွာ စိုက်ကြည့်နေမိသည်။ သေချာပြီ။ မိမိ ကြောင့် ကိုကို သားလေးကို မုန်းသွားလေပြီ ။ စောမြ၀တီ၏ ပါးပြင်တွင် မျက်ရည်စီးကြောင်းတစ်ခု ဖြတ်စိးသွားသည်။ သို့သော်တစ်သျူးကို ယူကာ မသိမသာသုတ်ပစ်လိုက်ပြီး အပြုံးတုဖြင့် လက်ဆောင်များ ကြေငြာနေသည်ကို ဆက်ကြည့်နေလိုက်သည်။ သားလေးကတော့ ဘာမှ မသိပဲ အပူအပင်ကင်းစွာဖြင့် ၀တီ့ရင်ခွင်ထဲတွင် ဆော့ ကစားနေသည်။
နှင်းထန်သည် မွေးနေ့ပွဲမှ အိမ်သို့တန်းပြန်လာခဲ့သည်။ မိမိလုပ်ရပ်ကို ပြန်တွေးပြီး ရွံမုန်းမိသည်။ ဖခင်ကြီးကို တန်ပြန်တိုက်ခိုက်ရင်း လူကြားထဲ စောမြ၀တီကို အရှက်ခွဲလိုက်ရသည်ကိုတော့ စိတ်မကောင်းပေ။ ကလေးကိုလည်း မြင်ယောင်ပြီး သက်ပြင်းရှိုက်မိသည်။ မိုးစက်ကိုလည်း သတိရမိ သည်။ မိုးစက်သာ ရှိလျှင် ဘာပြောလိမ့်မလဲ။ ကလေးကိုဥပက္ခာပြုသည့် မိမိကို မုန်းမှာသေချာသည်။
သူနှင့်တွေ့စဉ်က ကလေး ကိစ္စကို အပြတ်ရှင်းရန် သူမှာသွားသည်က ထောင်ချောက်မှန်း မိမိ သိလိုက်သည်။ မိုးစက်က ကလေးဒီလောက်ချစ်တာ။ စောမြ၀တီကို သူမုန်းသည့်တိုင် အပြစ်မရှိသည့် ကလေးကို ရက်ရက်စက်စက် စွန့်ပစ်ခိုင်းသည်က သူ့စရိုက်နှင့်မကိုက်ပေ။ သူပြောသည့် အတိုင်း မိမိလုပ်လျှင် မိုးစက်မိမိကို သေချာပေါက်မုန်တော့မည်။ မလုပ်လျွှင် မိုးစက်ကို မိမိသေချာပေါက် လက်လွတ်ရတော့မည်။ မိုးစက် မိမိကို တမင်ထောင်ခြောက်ထဲမှာထားခဲ့ခြင်းဖြစ်သည်။
သြော် အင်မတန်ကို ရိုးသားသည့် မိုးစက်ပင်လျှင် ပညာတွေ တတ်နေပါလား ဟုတွေးမိသည်။ သို့သော် နှင်းထန် မမှုပါ။ ဓါးတောင်ကို ကျော်ရပြီး မီးပင်လယ်ကိုဖြတ်ရပါစေ မိုးစက်ရှိရာကို မိမိအရောက်သွားမည်။ မိုးစက်မိမိကို မုန်းတီးသွားပါစေ မိုးစက်ကို မိမိရအောင်ပြန်ယူမည်။
“ချာတိတ်ရေ…. မင်းဆီကို အရောက်လာဖို့ ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ကို ပြောင်းလဲ လိုက်ရတော့မယ်။ ကိုယ့်သားကို လျစ်လျူရှုပြီးမင်းကို ရအောင်ပြန်ယူမယ်။ မင်းမကျေနပ်လို့ကိုယ့် ကို သေလုအောင်မုန်းနေပါစေ မင်းရင်ခွင်မှာနေပြီး မင်းပေးတဲ့ အပြစ်မှန်သမျှကို ခံယူမယ်။ အဲဒါ မင်းကို ချစ်လို့ပဲ မိုးစက်ရေ…မင်းကြောင့် ကိုယ် ဒီလိုဆိုးဝါးသွားရတာပါ ”
နှင်းထန်သည် အိပ်ယာထက်တွင် လှဲလျောင်းကာ မိုးစက်၏ ဓါတ်ပုံကို ကြည့်ကာ စကားပြောနေမိ သည်။ သက်ပြင်းရှိုက်ပြီး မိုးစက်ပုံလေးကို ရင်ခွင်ထက်တွင်ဖက်ကာ အိပ်ပျော်အောင်အိပ်လိုက်တော့ သည်။
“ချစ်တယ် မိုးစက်ရယ်။ မင်းကို အရမ်းချစ်တယ်။”
နှင်းထန် မူးမူးနှင့်ရေရွတ်ကာ အိပ်ပျော်သွားတော့သည်။
အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၉) -ဒုတိယပိုင်း
“အကို….အကို…”
နှိုးလာမှ မောဟိုက်စွာဖြင့် အသက်ကိုရှုနေမိသည်။ အိပ်မက်ထဲတွင် အကိုမိမိကို တကြော်ကြော် အော်ခေါ်နေသည်။ မိမိကမြင်သော်လည်း သူက မမြင်ပေ။အကိုက မိမိကို လိုက်ရှာရင်းချောက်ကမ်း ပါးကို ဦးတည်နေခဲ့သည်။ မိမိက အော်ဟစ်သတိပေးသော်လည်း သူကဘာမှမမြင်ပဲ ရှေ့ဆက်တိုးနေ သောကြောင့် သူ့ကို သတိပေးရန်အော်ရင်း အလန့်တကြားနှိုးလာခဲ့သည်။
မိုးစက် မနက်လေးနာရီတွင် ၀သုန့်ထံဖုန်းခေါ်လိုက်သည်။
“ဟယ်လို ဘာလို့ မနက်စောစောစီးစီး ဖုန်းခေါ်တာလဲ လဒရဲ့။”
ဝသုန်အိပ်ချင်မူးတူးနှင့်ထောပနာပြုသည်။
“sorry သူငယ်ချင်း။ ငါ အရေးကြီးတာ မေးချင်လို့။”
“မင်း ဘိုးတော် အကြောင်းလား။”
ဝသုန်က သမ်းလိုက်ပြီး ပျင်းရိစွာမေးလိုက်သည်။ မိုးစက် အနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။
“အင်း။ သူ ဘာတွေဖြစ်နေလဲ။”
“မင်းပြောသလို သူ ၀တီတို့ သားအမိကိုခွာဖို့ကြိုးစားနေတယ်။ မနေ့က ကလေး တနှစ်ပြည့်မွေးနေ့ မှာ ကိတ်မုန့်ခွဲတော့ ကလေးကိုတော့ကောင်းကောင်းခွံကျွေးပါတယ်။ ကလေးအမေကိုယ်ပေါ် ကိတ်မုန့်တုံးကို တမင်ကျအောင်လုပ်လိုက်တယ်ကွ။ စောမြ၀တီတော့ မျက်နှာပျက်သွားလိုက်တာ များကွာ။ သူက ခပ်တည်တည်နဲ့ တောင်းပန်ပြီး ပရိတ်သတ်ကို အာရုံလှည့်စားပြိး ထွက်သွားတယ် ကွ…ကာယကံရှင်တော့မသိဘူး။ ဘေးကကြည့်နေတဲ့ ငါတောင် ၀တီကို သနားချင်သလိုလိုတောင် ဖြစ်မိတယ်။ အကိုနှင်းထန်က တကယ်သွေးအေး ရက်စက်တဲ့သူပဲ.. မင်း ပြတ်လက်စနဲ့ သံယောဇဉ် ပြတ်ပါစေတော့။ သူက ကြောက်ဖို့ကောင်းတယ်ကွ။”
မိုးစက် သက်ပြင်းရှိုက်မိသည်။ သူ့ကို ဒီလိုဖြစ်ဖို့ မိမိမရည်ရွယ်ခဲ့ပါ။ သို့သော် အချိန် ၄ လခန့်ကျန် သေးတာပဲလေ။ ဒီကာလအတွင်း ဘာဖြစ်မည်ကို မည်သူမှ မပြောနိုင်သေးပေ။ မိမိကတော့ ကလေး အပေါ်သူစိမ်းကားပြတ်တောက်လွန်းသည်ကိုတော့ မနှစ်သက်ပါ။
အပြစ်မရှိသော ကလေးကို မမုန်းစေချင်ပါ။ သူ့လိုကလေးချစ်တတ်သူက သူ့သွေးသားကို မုန်းတီး နေတာကို မိုးစက်မမြင်ချင်ပါ။ လုပ်ရန်တနည်းကတော့ မိမိကို သူမုန်းသွားမှဖြစ်တော့မည်။ ဒါကလည်း ဖြစ်နိုင်ပ့ါမလား။ သူ မိမိကိုဘာကြောင့် ဒီလောက်တန်းတန်းစွဲဖြစ်နေတာလဲ။ မိမိသာ သူစိတ်ဆင်းရဲအောင် သူမကြိုက်တာချည်းပဲလုပ်လျှင် သူမုန်းသွားမှာ သေချာသည်။
“အကို…ကိုယ့်သွေးသားကို မမုန်းပါနဲ့။ ရက်စက်တဲ့သူကို ကျွန်တော် သဘောမကျဘူး။”
မိုးစက်တိုးတိတ်စွာပြောလိုက်မိသည်။ ၀သုန်နှင့်ဖုန်းပြောပြီး အိပ်မပျော်တော့သဖြင့် ထကာရေချိုးပြီး ယောဂကျင့်ရန်ထွက်လာခဲ့သည်။
“စောလှချည်လား မိုးစက်။ ”
“ဟုတ်ကဲ့ အကိုကြီး။ အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာလို့။”
“အတိတ်က ရုန်းမထွက်နိင်သေးဘူးလား မိုးစက်။”
“ရုန်းထွက်ဖို့ ကြိုးစားနေဆဲပါ အကိုကြီး။”
သူငြိမ်သွားပြီး
“ဘာမှ စိတ်ထဲမှာ ကြိုတင်မတွေးထားနဲ့။ ဖြစ်လာတဲ့အပေါ် အကောင်းဆုံးလုပ်သွားလိုက်ပါ။ နောက်ဆုံးမှာ မှန်သွားလိမ့်မယ်။ ပြီးတော့ မင်းစိတ်ကို တင်းမထားနဲ့။ စိတ်ကိုလျှော့ထား။ ဖြစ်လာတဲ့ အရာအားလုံးကို လက်ခံလိုက်ပါ။ မင်းအရာအားလုံးကို အမှန်တိုင်းမြင်လာလိမ့်မယ်။”
သူထူးထူးဆန်းဆန်း မိုးစက်ကို စကားဆိုခဲ့သည်။ မိုးစက်က မိမိရင်ထဲကအကြောင်းကိုများ ကြိုသိနေ သလားဟုပင်ထင်လိုက်မိသည်။ သို့သော် အကိုကြီး၏စကားကိုကြားပြီး စိတ်ထဲ အနည်းငယ် သက်သာရာရသွားသည်။
“ကျေးဇူးတင်ပါတယ် အကိုကြီး”
သူကပြုံးရုံသာပြုံးနေလိုက်သည်။နံနက်ခင်းနေခြည် ဖြာကျနေသော အကိုကြီးပုံရိပ်က မိမိကိုစောင့် ရှောက်နေသော နတ်တမန်နှင့်တူနေသည်။ တကယ်လည်း အကိုကြီးက မိမိကိုစောင့်ရှောက်ပေးနေ သည်မဟုတ်လား။
ဦးမင်းထန်သည် နောက်နည်းတမျိုးကို သုံးပြန်သည်။ Company သို့ ကလေးကို ခေါ်လာသည်။ ၀န်ထမ်းများက သူဌေးကြီး၏ မြေးကိုဝိုင်းပြီး ချီးကျူးစကားပြောလိုက်၊ ချော့မြူလိုက်လုပ်နေသော် လည်း နှင်းထန်က သူနှင့်မဆိုင်သလို ဖာသိဖာသာနေသည်။
“ဒယ်ဒီ အလုပ်ကို ကလေးတွေ မခေါ်လာပါနဲ့။”
“ဟ.. ငါ့မြေးကို ချစ်လွန်းလို့ မခွဲနိုင်လွန်းလို့ ခေါ်လာတာဘာဖြစ်လဲ။ မင်းထိန်းနေရလို့လားကွ..”
“အစည်းဝေးခန်းမထဲထိခေါ်တာ လွန်တယ် ဒယ်ဒီ။ ကျွန်တော်တို့က အလုပ်အကြောင်းဆွေးနွေးတဲ့ နေရာမှာ အာရုံနောက်တယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုခွဲခြားပါ ဒယ်ဒီ။ ဒယ်ဒီ့မြေးကို အိမ်မှာ ကြိုက်သလောက်ချစ်ပြလို့ရတယ်။ အလုပ်ထဲ ခေါ်လာတာတော့ လွန်တယ်ဗျာ။”
ဦးမင်းထန်က သားမျက်နှာကို စေ့စေ့ကြည့်ကာ
“သူ့အဖေကို မြင်ဖူးစေချင်လို့ ခေါ်လာတာဟေ့။ မင်းရဲ့သားကို မင်းဘယ်နှစ်ခါ ချီဖူးသလဲ။ ကလေး မျက်နှာကိုရော မင်းမှတ်မိရဲ့လား။ မင်းရဲ့ သားလေးက သိပ်ကို သနားစရာကောင်းနေပြီသား။ မင်း စိတ်ကိုလျှော့လိုက်ပါတော့။ မင်းဒီလိုရက်စက်နေရင် မိုးစက်ကလည်း မင်းကိုမုန်းသွားလိမ့်မယ်။”
နှင်းထန် ဖခင်ကြီးကို နာကျင်စွာကြည့်ကာ
“မိုးစက်က ကျွန်တော့်ကို မုန်းပြီးသား ဒယ်ဒီ။ ကျွန်တော် ဘယ်လိုလုပ်လုပ် သူမုန်းနေမှာပဲ။ ၂ နှစ်ပြည့်လို့ သူပြန်လာရင် ကျွန်တော် သူနဲ့ သတင်းကို တရားဝင်ထုတ်ပြန်ပြီး တရားဝင်ပေါင်းသင်း မယ်။ အဲ့ဒီအခါ စောမြ၀တီနဲ့ ကလေး ပိုအရှက်ကွဲလိမ့်မယ် ဒယ်ဒီ။ သူ့အကြောင်း ပွဲသိပ်မထုတ်ပါ နဲ့။ ဖာသိဖာသာ လူမသိအောင်နေတာ သူ့အတွက်ပိုအကျိုးရှိလိမ့်မယ်နော်။ ”
ဦးမင်းထန် ဒေါပွသွားသည်။။
“မင်း လူစကားမှ နားလည်သေးရဲ့လား နှင်းထန်။ မင်းသဘာဝကို လွန်ဆန်လို့ ဒီလိုဖြစ်ရပြီးပြီ။ တော်ပါတော့။ မင်းမိသားစုကိုလက်ခံပြိး ပုံမှန်ဘ၀နဲ့ နေသွားလိုက်ပါတော့။”
“ကိုယ်ချစ်တဲ့သူနဲ့ အတူနေတာ ပုံမှန်ပါပဲ ဒယ်ဒီ။ မိုးစက်က ကာမပိုင်မရှိတဲ့ လူလွတ်ပါ။ ကျွန်တော်လည်း လူလွတ်ပါ။ လွတ်လပ်သူအချင်းချင်းအတူနေတာ ဘယ်သူမှ မထိခိုက်ပါဘူး။”
“မင်းမှာ မိန်းမနဲ့ ကလေးရှိတယ်လေ…အာကာနှင်းထန်က မင်းရဲ့သား”
“ငွေကြေးနဲ့လဲလို့ရလာတဲ့ အကျိုးဆက်ပါ။ ကျွန်တော့် အရှက်ရဲ့ သက်သေပါ ဒယ်ဒီ။ ဒီကလေးကို မြင်နေရတာ ကျွန်တော့် ကိုယ်ကို ငွေနဲ့ ရောင်းလိုက်ရတဲ့အကြောင်းကို အမြဲသတိရစေတယ်။ ဒါကို မမေ့အောင် ခေါ်ခေါ်လာပြတဲ့ ဒယ်ဒိကို ကျေးဇူးတင်ပါတယ်။ ”
နှင်းထန် ပြောကာလှည့်ထွက်လာခဲ့သည်။ ဦးမင်းထန်သည် သားရင်ထဲမှာ ဒဏ်ရာနက်နက်ကို မြင်လိုက်ရပြီး သက်ပြင်းသာချလိုက်မိသည်။ ရင်ခွင်ထဲက ကလေးကတော့ ဘာမှ နားမလည်ပဲ အဘိုးရင်ခွင်တွင် ပျော်နေသည်။
စောမြ၀တီသည် အခန်းပြင်မှ သူတို့ သားအဖနှစ်ဦးပြောသည်ကို နားထောင်ပြီး မျက်ရည်ကျကာ လှည့်ထွက်သွားသည်။ ကိုကို့ရင်ထဲကို မိမိဒဏ်ရာ ဒီလောက်ပေးခဲ့မိတာ ၀တီလုံးဝမသိခဲ့ပေ။ မိမိ လည်းနာကျင်ရသည်။ ကိုကိုလည်း နာကျင်ရသည်။ ပြီးတော့ သားလေးလည်း အမုန်းခံရသည်။ မိမိမှားသွားပြီထင်သည်။
စောမြ၀တီ သည်ခေါင်မိုးထက်တွင်တက်ကာ လွတ်လပ်စွာငိုကြွေးနေမိသည်။ ရင်ကို ထုကာထုကာ ငိုနေမိသည်။ မိမိအတွက်တော့မဟုတ်။ သားလေးအတွက်ဖြစ်သည်။
“သားရယ် မေမေ့ မိုက်ပြစ်ကြောင့် မင်းဒယ်ဒိီ မင်းကို မုန်းနေပြီ။ သားရယ် မေမေ ဘယ်လိုပြန်လုပ်ရ မလဲ ။ မင်းအဖေကို မမုန်းလိုက်ပါနဲ့။သူက ကြင်နာတတ်သူပါ။သူ့အကြောင်းကို မေမေ အသိဆုံးပါ။”
စောမြ၀တီ ပြောလိုက်ငိုလိုက်နှင့် တယောက်တည်းယူကျူံးမရ ဖြစ်နေမိသည်။
“ကိုကိုရယ် သားလေးကို မမုန်းလိုက်ပါနဲ့။ သားလေးမှာ အပြစ်မရှိပါဘူး။ ၀တီ့အပြစ်တွေပါ။ သားလေး ကို ချစ်ပေးပါ ကိုကိုရယ်။ သားလေးကို မမုန်းလိုက်ပါနဲ့။”
စောမြ၀တီ ငိုနေသည်ကို အကွယ်တစ်နေရာမှ လူတစ်ဦးက ရပ်ကာ ကြည့်နေမိသည်။
ထိုသူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ထို့နောက်လှည့်ထွက်သွားခဲ့သည်။ စောမြ၀တီကတော့မသိပဲ ဆက်လက်ငိုကြွေးနေဆဲဖြစ်သည်။