•unicode
သူဒီနေ့ ဆေးရုံဆင်းမည်။
နှုတ်ဆက်ရပေမည်။ ခွဲခွာရပေမည်။
အိမ်ရှင်ဆိုသည်မှာ ဧည့်ဝတ်ကျေရမည်။
ထို့ကြောင့် သူ့ကိုနှုတ်ဆက်ရန် အပေါ်သို့တက်လာခဲ့သည်။ကော်ရစ်တာတစ်လျှောက်သည် ဆူညံမနေပါ။ တိတ်ဆိတ်၍လည်းမနေပါ။ ဆေးရုံစည်းကမ်းနှင့်အညီ အေးဆေးနေသည်။လူနာများသည်လည်း စည်းကမ်းအကြောင်း အထူးပြောစရာမလိုပေ။ သူတို့တစ်တွေလည်း တပ်မတော်သားတွေပဲလေ။ သူတို့က ရှေ့တန်းမျက်နှာပြင်တွင် ပြည်သူနှင့် တိုင်းပြည်အတွက် အသက်ပေး၍ ရဲရဲဝင့်ဝင့် တိုက်ခိုက်ကာကွယ်သည်။ သေနတ်ကိုင်၍ အသက်ပေးနိုင်မှ စစ်တိုက်ရသည်ဟုမဆိုပေ။
ဤစစ်ဆေးရုံကြီးသည်ကား ရှေ့တန်းစစ်မျက်နှာပြင်တည်း။ နိစ္စဒူဝ လူနာများ၏ အသက်ကို ကယ်တင်ရသည်။ အရေးပေါ်ဆိုလျှင်လည်း အရေးပေါ်။ ခွဲစိတ်ခန်းသည် ရန်သူ့စခန်းပေ။ မိမိကြောင့် လူနာအသက်ကို ကယ်တင်နိုင်သလို ၊ မိမိကြောင့်လည်း လူနာ့အသက်အား မရဏမင်းလက်ထဲသို့ အပ်နှံလိုက်ရတက်သည်။
မရဏမင်းနှင့် စစ်ခင်းရသော ဤစစ်မြေပြင်သည်သာ၍ ခက်ခဲသည်။အခန်းဝတွင်တွေ့လိုက်ရသည်က သူ့ကျောပြင်။ ဖော်ပြ၍မရသော ခံစားချက်တစ်ခုကိုရိုက်ချိုး၍ အခန်းအတွင်းသို့ဝင်လာခဲ့သည်။
' ပစ္စည်းတွေ သိမ်းပြီးပြီလား အကို'
သားရေအိတ်အညိုရောင်ထဲသို့ အဝတ်စားပစ္စည်းတွေထည့်နေရင်းက သူ့အားမော့ကြည့်၍ ပြုံးပြသည်။
' သိမ်းပြီးပြီညီ '
ထက်ဘုန်းရှိန် ခေါင်းညိတ်ပြလိုက်သည်။
' ဘာတွေလိုအပ်သေးလဲ အကို၊ သောက်ဖို့ဆေးတွေရော ရပြီလား '
' အင်း ရပြီ၊ကိုယ့်သူငယ်ချင်းတစ်ယောက် ကိုယ်စားသွားထုတ်ပေးနေတယ်ညီ '
ပြုံး၍သာ ကြည့်နေမိသည်။
မျက်နှာတစ်ခုလုံးက ထူးထူးခြားခြား ကြည်လင်နေသည်။ သပ်ရပ်သေသပ်စွာ ဖီးထားသော ဆံပင်တို့မှာလည်း ကြည့်ကောင်းသည်။' monday uniformနဲ့ ညီကလိုက်တယ်နော်၊ ကြည့်လို့ကောင်းတယ် '
' ဟုတ်လား ၊ အကို့လောက်တော့ ဘယ်ပုံလာပါ့မလဲဗျ '