•unicode
နံနက် ၆ နာရီ ။
တိုးဂိတ်မှ ဖြတ်ကျော်လာပြီး ကားကို ဦးတဟိုမောင်းလာလိုက်သည်။ မနက်ခင်းဖြစ်၍ကားလမ်းကတော့ အနည်းငယ်ရှင်းနေသည်။ ခရီးသွားကားများကတော့ တစ်စီး၊နှစ်စီးသာတွေ့ရသည်။ မောင်းရင်းမောင်းရင်း အမှတ်၁စစ်ဆေးရုံ ရှေ့မှကျော်လာခဲ့သည်။ စိတ်ထဲမှာတော့ တစ်ယောက်သောသူကို အံ့သြစေချင်သော စိတ်နှင့်ပျော်နေမိသည်။
ရန်ကင်းအိမ် ရောက်တာနှင့်ခဏနားပြီး သူဆီအပြေးသွားမည်။ မမျှော်လင့်ပဲ တွေ့လိုက်ရသောကြောင့် သူဘယ်လိုခံစားရမလဲ ဆိုတာကို သိပ်သိချင်သည်။ စသော စသော အတွေးများနှင့် ကြည်နူးနေခဲ့သည်။
' ကဲ.....အတွေးတွေခဏရပ် အရင်ဆုံး ရန်ကင်းအိမ်ကို အမြန်ဆုံးရောက်အောင် မောင်းပါဦးကွာ '
ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး ကားကို ခပ်မြန်မြန်မောင်းလာခဲ့လိုက်သည်။ နီနီခင်ဇော်၏ သစ္စာမပျက်ကျေး သီချင်းသံသည်လည်း ရေဒီယိုမှတစ်ဆင့် ကားတစ်ခုလုံးကို လွှင့်ပျံ့သွားသည်။
ကျောက်ကုန်း ကုန်းပေါ်အတိုင်းတက်သွားပြီး မေဓိနီဘုန်းကြီးကျောင်းရှိရာ သို့ချိုးကွေ့လိုက်သည်။ ရန်ကင်း (၂) ကျောင်းရှေ့ရောက်တော့ ကိုယ့်ငယ်ဘဝကို ပြန်သတိရသွားသည်။ ကျောင်းကိုကျော်ပြီး ဘယ်ဘက်လမ်းချိုးလေးသို့ကွေ့ဝင်လိုက်သည်။ ရောက်ပါပြီ....။
အိမ်ရှေ့ ဒါန်းလေးပေါ်တွင် ထိုင်စောင့်နေသူက သက်ပဏ္ဏာမေ ခေါ် သက်သက် ။ အဝါရောင် ညဝတ်ဂါဝန်လေးနှင့် အတူဝင်းဝါနေသော အသားအရည် ။ ခါးလောက်ထိရောက်နေသော ဆံပင်ရှည်ရှည်လေးတွေက လေယူရာယိမ်းနေသည်။ သက်သက်ကို ကျွန်တော်ချစ်ပါသည်။ သို့သော် ညီမလေးတစ်ယောက်ထက်ပိုသော သံယောစဉ်မျိုးနဲ့တော့ ချစ်၍မရပါ။
ကျွန်တော့်ကားကိုမြင်တော့ သူက ခြံတံခါးကို အပြေးလာဖွင့်သည်။ ကျွန်တော်လည်း သူ့ကို ပြုံးပြ၍ ကားကို အိမ်ရှေ့၌ ထိုးရပ်လိုက်သည်။ ကားနားသို့ ပြေးလာပြီး တံခါးလာဖွင့်ပေးသည်။
' ကိုကို ရောက်တာစောသားပဲနော် '
' အင်း....စောတယ်၊ ညကစောစောထွက်လာလိုက်တာ၊ မေချိုနဲ့ဦးမောင်ရော '