•unicode
တစ်ညလုံးလည်း အိပ်၍မပျော် ။ အိပ်ရာပေါ်၌ ဟိုဘက်လှိမ့်လိုက်၊ သည်ဘက်လှိမ့်လိုက်နှင့်သာ မိုးလင်းသွားခဲ့သည်။ အထင်လွဲမှုတွေ ၊ သဝန်တိုမှုတွေ အားလုံး၏ တရားခံသည် သူသည်သာဖြစ်သည်။ သူသိတာတစ်ခုတည်းရှိသည်။
ရင်ကွဲမည်။
ဟုတ်သည် အကိုနဲ့သာ တစ်သက်ဝေးခဲ့ရလျှင် သူရင်ကွဲရမည်။ ညက တော်တော်စိတ်ဆိုးသွားသည်ဟု ထင်ရသည်။ ထင်ရသည်မဟုတ်၊တကယ် စိတ်ဆိုးသွားတာပါ။ဖြေရှင်းရမည်။ သူ့စိတ်ဆိုးရလောက်သည့် အကြောင်းရာ အားလုံးကို နားလည်အောင် ဖြေရှင်းရဦးမည်။ သူပေးသမျှ အပြစ်ကိုလည်းခံပါမည်။
သက်ပြင်းရှည်တစ်ခုကို ဆွဲချလိုက်ပြီး အိပ်ရာပေါ်မှ အတင်းရုန်း၍ ထထိုင်လိုက်သည်။ ကုတင်နှစ်လုံးကြား နံရံတွင် ချိတ်ဆွဲထားသော လေးထောင့်ပုံစံ တိုင်ကပ်နာရီအား လှမ်းမော့ကြည့်လိုက်သည်။
နံနက် ကိုးနာရီ ။
ကိုမြတ်သူကတော့ အခန်းထဲတွင်ရှိမနေ။ ဂျူတီသွားပြီဟုထင်သည်။ ရေချိုးခန်းထဲဝင်၍ မျက်နှာသစ်၊ သွားတိုက်ခြင်းကို လေးကန်စွာပြုလုပ်ပြီး ထွက်လာသည်။ တဘက်အား ပခုံးပေါ်တင်ပြီး အခန်းဝသို့လျှောက်လာခဲ့သည်။အခန်းရှေ့တွင် ကိုမြတ်သူက ပန်းချီထိုင်ရေးနေသည်။
' ဂျူတီမဝင်ရဘူးလား အကို၊ညပိုင်းကျတာလား ဒီနေ့ '
' eveningကွ ဒီနေ့က ၊ ညီရော '
' တူတူပဲ ၊ ညက အိပ်တာနောက်ကျသွားလို့ ထင်တယ် ခေါင်းနည်းနည်းမကြည်ဘူး '
ပန်းချီရေးနေရာမှ သူရှိရာဖက်သို့ လှည့်လာသည်။
' ဟုတ်လားညီ၊ဆေးသောက်မလား၊နေမကောင်းချင်လို့များလား '
' ရပါတယ် အိပ်ရာထ နောက်ကျလို့ ခေါင်းနောက်နေတာပါ ၊ ဒါနဲ့ အကိုဘာပုံဆွဲနေတာလဲ '
ပန်းချီးကားချပ်ရှိရာသို့ သူပြန်လှည့်သွားသည်။