•unicode
တစ်လတင်းတင်းပြည့်ခဲ့ပြီ ။
အချိန်ဆိုသည်မှာ တရွေ့ရွေ့နှင့် မြန်မြန်ကုန်ဆုံးသွားခဲ့သည်။သူ့မျက်နှာလေးကို မော်ဖူးခွင့်မရခဲ့တာ တစ်လရှိခဲ့ပြီပေါ့။ နေ့တိုင်းလွမ်းပါသည်။ အချိန်ပြည့် သတိတွေရသည်။ တွေ့ခွင့်မရှိတော့တာလေးပါပဲ။ဖြစ်နိုင်လျှင် သူ့အနားကိုပြေး၍ သွားလိုက်ချင်သည်။ မိုင်ပေါင်းများစွာဝေးတဲ့ နေရာမှနေ၍ ပြေး၍လာတွေ့ချင်သည်။ သို့သော် လွတ်လပ်သောသာမန်ပြည်သူတစ်ယောက်မဟုတ်ပေ။ အမိတပ်မတော်၏ သမိုင်းပေးတာဝန်ကြောင့်သာ သည်နေရာတွင်သူရောက်နေရသည်။
နောင်တောင်းကုန်းပေါ်တွင် သူတစ်ယောက်တည်းရှိသည်။ ဘုရားပေါ်မှ ဆည်းလည်းသံများသည် တလွင်လွင်ကြားနေရသည်။ ရင်ပြင်ပေါ်တွင် တစ်ယောက်တည်း ရပ်နေမိသည်။ အဝေးမှ စိမ်းပြာရောင်တောင်တန်းကြီးများကို တစ်ဆက်တည်းတွေ့နေရသည်။ တိမ်စိုင်များကလည်း လေနှင်ရာ မျောနေသည်။ ဆောင်းလေလေးများကတော့ အတားဆီးမဲ့စွာ တိုက်ခက်နေသည်။
ဘုရားရင်ပြင်ပေါ်မှ အောက်သို့ဝေ့ကြည့်လိုက်တော့ ကလေးတွေက ဘောလုံးကန်နေကျသည်။ ကိုရင်လေးတွေလည်းပါသည်။ သူတို့ဘဝလေးတွေက မပြည့်စုံပေမယ့် အေးချမ်းသည်။ အလိမ်အညာမရှိ မုသားကင်းစင်စွာပြုံးနိုင်သည်။ အပူပင်ကင်းစွာ လွတ်လွတ်လပ်လပ် ပျော်မွေ့နိုင်သည်။
အတောင်မစုံသေးသည့် အရွယ်သည် လွန်စွာအေးချမ်းသည်။ ခံစားချက်မရှိ၊အချစ် အမုန်းရယ်မသိ နှင့် အပူပင်သိပ်ကင်းသည်။ ခံစားချက်တွေ သိမြင်လာတဲ့အရွယ် ၊ နှလုံးသားမှာ အရောင်သွေးစုံလာတဲ့အချိန် ၊ အတောင်စုံလာသည့် တစ်နေ့တွင်တော့ လောကဓံဟူသော လေဟုန်ကိုခွင်း၍ ပျံသန်းကျရဦးမယ်။
ပျံလိုက်စမ်းပါ။ အမြင့်တစ်နေရာသို့ ပျံသန်းလိုက်စမ်းပါ။ နှလုံးရှိရာနေရာသို့ ပျံသန်းလိုက်ကျစမ်းပါ ။ ကြိုးကြာငှက်များပမာ မိုင်ထောင်ချီအောင် အားအင်အသစ်တွေနဲ့ ပျံသန်းလိုက်ကျစမ်းပါ။
ကောင်းကင်ကြီးသည် အပြာတစ်ဝက် လိမ္မော်ရောင်တစ်ဝက် ကြေးနီရောင်တစ်ဝက်နှင့် ရှိနေသည်။
နေဝင်မည် ။ ငှက်ကလေးများလည်း အိပ်တန်းတက်ကြပြီ။
သူ့ဘဝလည်း နေဝင်ရဦးမည်။ သို့ပေမယ့် နေဝင်အိပ်တန်းတက်ကျသော ငှက်များပမာ ကြင်နာသူရှိရာနေရာသို့ သွားရဦးမည်။ သူ သိပ်ချစ်တဲ့ ညီ့ဆီပြန်ရဦးမည် ။ နှစ်ယောက်ကြားမှာဖြစ်ပေါ်နေသည့် အဖုအထစ်လေးများပျောက်ကွယ်သွားမည့် တစ်နေ့ ညီဆီ သူအပြီးပြန်လာမည်။