•unicode
သွေးတွေ.....။
ညမီးရောင်ကခပ်ဖျော့ဖျော့ ။ ကားသံများကလည်း ဆူညံနေသည်။ ရုံးစုရုံးစုလူအုပ်ကြီးအလယ် သွေးအိုင်ထဲ၌ လဲကျနေသူတစ်ယောက်နှင့် လဲကျနေသူအားပွေ့ဖက်၍ အော်ခေါ်နေသော သူတစ်ယောက်။နားထဲတွင် သဲ့သဲ့မျှ ပြန်ကြားလာသော အသံတစ်ခုကြောင့် သူရုန်းထလာခဲ့သည်။တလောကလုံးကသည် အမှောင်တိဖုံးလွှမ်းနေသည်။အမှောင်ထဲတွင်သူ လမ်းလျှောက်နေသည်။အလင်းရောင် တစ်စမျှမတွေ့ ။
' ညီ.......ညီရေ....သတိထားပါဦးကွာ '
အသံကြားရာနောက်သို့ သူလိုက်နေသည်။ဆက်လိုက်နေသည်။မှောင်နေဆဲ။အမှောင်ကမ္ဘာအတွင်းမှ သူမလွတ်မြောက်နိုင်သေးပါ။
တိုးတီးပြောနေကျသော စကားသံတွေကို သူကြားနေရသည်။အသံတွေနောက်ကို သူဆက်လိုက်ခဲ့သည်။အမှောင်ထဲမှာပဲ ယောင်လည်လည်နှင့် ဆက်လျောက်နေသည်။
လျှောက်ရင်းလျှောက်ရင်း သူတစ်နေရာသို့ ပြုတ်ကျသွားသလိုခံစားရသည်။ လေတွေကလည်း တအားတိုက်နေသည်။ မြေကြီးနှင့်ခြေထောက်တို့သည်လည်း အခုထိအဆက်သွယ်မရသေးပါ။
ချောက်ဟုထင်သည်။သူချောက်ထဲပြုတ်ကျသွားသည်။
ခဏအကြာတွင်ပဲ သူမြေကြီးပေါ်သို့ကျလာသည်။ ဦးခေါင်းနှင့် ကျောက်တုံးဟုယူဆရသော မာကျောသောအရာတစ်ခုနှင့် ရိုက်မိသောကြောင့် အားခနဲ အော်လိုက်သည်။' အား....'
သူသတိရလာပြီ။လူနာစောင့်များကလည်း အပြေးတစ်ပိုင်းနှင့် သူ့အနားကပ်လာကျသည်။
' သား...သား သတိရလာပြီလား '
မေမေ့အသံ။မေမေ့အသံပါ ။သို့သော် သူမေမေ့ကို မမြင်ရပါ။အသံပဲကြားနေရသည်။အရာအားလုံးက အလင်းမရပဲ အမှောင်ဖုံးနေသည်။
' ညီ .... ညီ သတိရလာပြီလား '
ကိုမြတ်သူ အသံကြားရပြန်သည်။သူဘာမှမမြင်ရပါ။ အသံတွေပဲကြားနေရသည်။သူစကားပြောဖို့ ကြိုးစားလိုက်သည်။အသံထွက်နိုင်ရန် ကြိုးစားကြည့်သည်။
' မေမေ...'
' မေမေ ဒီမှာရှိတယ်လေ သား '
ဘေးနားကပ်လျက်မှ မေမေ့အသံကိုသူ ထပ်ကြားရသည်။
မေမေ့လက်ကို သူဆွဲကိုင်လိုက်သည်။