•unicode
သူနဲ့တွေ့ပြီး ပြန်လာသည့်နေ့မှစ၍ အဆက်သွယ်သိပ်မရခဲ့တာ တစ်လကျော်ခဲ့ပြီ။
တပ်ကအလုပ်တွေကိုဖိလုပ်နေရ၍ သူ့ကိုခဏမေ့သွားသလို ဖြစ်ခဲ့သည်။ ရှေ့တန်းကပြန်ဝင်မည့် အဖွဲ့များပြန်ရောက်မည်ဖြစ်သောကြောင့် ပို၍အလုပ်ရှုပ်သည်။ အလုပ်တွေက ထပ်ဆင့်ထပ်ဆင့်တိုးတိုးလာပေမယ့် အမြဲမပျက် ဖုန်းမျက်နှာပြင်ပေါ်ကသူ့မျက်နှာလေးကိုကြည့်ပြီးမှ အိပ်ပျော်သည်။သူလည်းဖုန်းမဆက်ပါ။ ဖုန်းအဆက်သွယ်မရတာကြာပြီ။
သူဘာတွေများလုပ်နေသလဲ ။ ဘာကိစ္စတွေရှိလို့ ဖုန်းတောင်ဆက်လို့မရတာလဲ၊ သူကအရာရာကို လျှို့ဝှက်လွန်းသည်။ဖုန်းကဆက်တိုင်း စက်ပိတ်ထားပါသည်ဟုသာပြောသည်။
အခုလဲ ဖုန်းမကိုင်ပါ။
သူညဂျူတီများရှိနေလို့လား။ အတွေးများက သူ့ဆီကိုသာရောက်နေသည်။ လူကတော့ အိပ်ရာပေါ်တွင် လှဲရင်း သူ့ဓာတ်ပုံလေးကို ကြည့်ကာ အလွမ်းဖြေနေရသည်။' လွမ်းလိုက်တာ ညီရယ်....'
သက်ပြင်းရှည်ကိုဆွဲ၍ချမိသည်။
တကယ်ဆို သူနဲ့ကျွန်တော် ဘာမှမဆိုင်ပါ။
ကျွန်တော်က သူ့အတွက်တော့ သူစိမ်းတစ်ယောက်ပါ။' ဘာတွေတွေးပြီး ငိုင်နေရတာတုန်း ကိုယ့်လူရဲ့၊ သက်ပြင်းတွေကလည်း ချလိုက်တာ ၊ အဆောင်ခေါင်မိုးတောင်လန်ကုန်တော့မယ် '
' ဘာမှမဟုတ်ပါဘူးကွာ '
ပြည့်စုံက အိပ်ရာဘေးတွင်ဝင်ထိုင်လိုက်သည်။
' နေပါဦး ဟိုတလောက သွားတွေ့တယ်ဆိုတာ ဘယ်သူလဲ၊ မင်းကောင်မလေးလား ၊ မင်းကတော့ လျှိုတယ်နော် '
ထွဋ်ကိုက သဘောကျသွာ ရယ်သည်။
' ကောင်မလေး မဟုတ်ပါဘူးကွာ၊ကောင်လေးပါ...ကောင်လေး '
' ဟမ်......မင်းပြောတော့ ငါ့ကလေးနဲ့သွားတွေ့လိုက်ဦးမယ်ဆို '
' အေးလေ ၊ ဘာဖြစ်လဲ'
' ထွဋ်ကို .... ၊ မင်း မဟုတ်မှလွဲရော'
ထွဋ်ကိုက ဘာမှမဖြေ၊ရယ်၍သာ ဖုန်းကိုဟန်မပျက် ဆက်ကြည့်နေသည်။