•unicode
ကျွန်တော့်အတွက် လသာသော ဤညသည် လှလေသလား သတိမထားမိ ။
ရွက်ဝါများကကြွေနေသည်။ လကြီးကလည်းသာနေသည်။ ဟုတ်ပါသည်။ လသာသော ညတညသည် လှပပါသည်။ သို့သော် လမင်းကြီးက အဖော်မပါ တစ်ကိုယ်တော် အထီးကျန်စွာနှင့် သာနေသည်။ ကြယ်ရောင်ကိုပင်မတွေ့ရ ။
ကောင်းကင်ကြီးက နီစွေစွေ ခပ်မှိုင်းမှိုင်းနှင့် လမင်းကြီးကတော့သာစမြဲပေ။ မိုးတိမ်များကလည်း မှိုင်းဖျော့ဖျော့နှင့် လေနှင်ရာပြေးနေသည်။ တောင်လေတဖြူးဖြူးနှင့် ရာသီဥတုက ချမ်းစိမ့်စိမ့်ရယ်။
'ထွေတလာလာ၊ နေမသာသာ ၊ချမ်းပင် ချမ်းမြအေး၊ မှိုင်းမှိုင်းဝေဝေ ၊ မိုးပင် မိုးကစွေ ၊ မှိုင်းမှိုင်း ဝေဝေ၊ ဆောင်းဦး ဆောင်းဦး ဟေမာ ၊ကိုယ်ထီးနေရာမှာ.... '
ထွေတလာလာ ကြိုးသီချင်းကြီး တစ်ပုဒ်အား စိတ်ထဲတွင် ညည်းမိသည်။
အင်း.....။သည်ရာသီ ၊ သည်အရပ်နှင့် သည်ကြိုးသီချင်း လုံးဝအံကိုက်ပါ ။
' ကိုယ်ထီးနေရာမှာ ' သိပ်ကို အဓိပ္ပာယ်ရှိတဲ့စာသား ။ လွမ်းစရာကောင်းလှသော စာသား ။
မှန်ပါသည် ။ ကျွန်တော် အထီးကျန်နေပါသည် ။ ကျွန်တော့် ဘေးတွင်အမြဲရှိတက်သော ဘဝလက်တွဲဖော် ချစ်ရသူလေးကို လွမ်းသည်။
တောင်ပေါ်မှ လှမ်းမြင်နေရသော ထုံးစေတီလေးကို လှမ်း၍ဖူးတိုင်း လွမ်းရသည်။ ထုံးစေတီ မဟုတ်ပါ၊ လွမ်းစေတီပါ ။
' သတိရလိုက်တာ ညီရယ်....'
မြေပြင်ပေါ်တွင် ရှိသော ကျောက်စရစ်ခဲတစ်ခုကို ကောက်ကိုင်လိုက်ရင်း ပြုံးမိသည် ။
သည်လောကကြီးတွင် အသက်ရှင်နေထိုင်သော ကျွန်တော် ထွဋ်ကိုသည် ၊ အသက်နှင့်လူလုပ်နေခြင်းလည်း မဟုတ်ပေ ၊ အရှက်နှင့်လူလုပ်နေခြင်းလည်း မဟုတ်ပေ၊ အချစ်နှင့်သာ....။
မှန်ပါသည် ။
ကျွန်တော်ဟာ ညီ့ကိုချစ်သော ချစ်ခြင်းနှင့်ယှဉ်၍ အသက်ရှင်နေထိုင်သော လူသားတစ်ယောက်ဖြစ်ကြောင်းညီသိအောင် ကျောက်စရစ်ခဲလေးများမှ တဆင့် ပြောပေးလိုက်ပါ ။