[Birthday Present]
ခါတိုင်းထက် အချမ်းဓာတ် နည်းနည်းလေး ပိုတဲ့ စိတ်လှုပ်ရှားဖွယ် မနက်ခင်းတစ်ရက်...
ဆွယ်တာတွေရော ဂျက်ကက်တွေရော အထပ်ထပ်ဝတ်ပြီး စာကြည့်တိုက်ထဲမှာ ဟိုစာအုပ်လှန်လှောလိုက် ဒီစာအုပ်လှန်လှောလိုက် ဗျာများနေတုန်း... ထပ်ပြီး နတ်သမီးပုံပြင်တစ်ပုဒ်လိုမျိုး... ကျွန်တော့်အရှေ့ကို သူမ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတယ်...
"ရော့ ဒါ ယူ"
ပြူးတိပြူးကြောင်နဲ့ မော့ကြည့်လိုက်တဲ့အချိန်မှာ လက်ထဲကို ကိုင်းဆွဲစက္ကူအိတ်တစ်အိတ် သူမက ထိုးထည့်ပေးတယ်...
"ကိုယ် ဒီမှာ ရှိနေမှန်း ဘယ်လိုသိလဲ"
သူမ ပေးတဲ့ စက္ကူအိတ်ကို မဆိုစလောက် လှစ်ဟကြည့်ရင်း ကျွန်တော် ပဟေဋ္ဌိပွားလိုက်တယ်.. ဒါပေမယ့် သူမက ဘာမှပြန်မဖြေဘူး...
"ရှပ်အင်္ကျီပါလား
ဟင်? ဒီနေ့ ကိုယ့်မွေးနေ့လည်း မဟုတ်ပါဘူး"မွေးနေ့ရက်ကို မှားပြီးများ သိထားသလား ပုံစံနဲ့ ကျွန်တော် သူမကို ကြောင်တောင်တောင် ငေးမိတဲ့အခါ သူမက တစ်ခုခုကို ပြောတော့မလို ပါးစပ်ဟလာပြီးမှ... နောက်... မကောင်းတတ်တဲ့ပုံစံနဲ့ လှစ်ခနဲ ပါးစပ်ပြန်ပိတ်သွားတယ်...
"တော်ရဲ့လား တစ်ချက်လောက် ဝတ်ကြည့်ပါဦး"
ဒီနေ့က ဘာနေ့ထူးနေ့မြတ်မှလည်း မဟုတ်ဘဲ ဗြုန်းစားကြီး ရှပ်အင်္ကျီလက်ဆောင်တွေ ကောက်ပေးရုံတင်မက ဝတ်ပြဖို့ပါ စိတ်အားထက်ထက်သန်သန် တောင်းဆိုလာတဲ့ ရည်းစားဖြစ်သူ...
ကျွန်တော့်မှာ မိုးထိမြောက်အောင် ခုန်ပေါက် ပျော်ရွှင်ချင်ပါသော်လည်း စိတ်ချလက်ချ မပျော်ရွှင်ရဲသေး... တော်ကြာနေ အဲ့ဒီအင်္ကျီက ကျွန်တော့်အတွက် မဟုတ်ဘဲ အချစ်တော်အိုပါးကြီးကို လက်ဆောင်ပေးမလို့ ဆိုမှ ဂွိရော...
အေးလေ မဖြစ်သေးပါဘူး ဆိုပြီး နောက်မှ ဝမ်းနည်းပက်လက် မကြေကွဲရအောင် အရင် တရားဝင် ထုတ်မေးကြည့်ဖို့ ဆုံးဖြတ်မိတယ်...