ပုံမှန်အတိုင်း စီးမြောနေသော ကျွန်တော့်ရဲ့ ဘဝထဲကို ဒီလိုမျိုး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နေ့ရက်တစ်ရက်က ဒီလောက် ခပ်မြန်မြန် ခုတ်မောင်းနှုန်းနဲ့ ပြေးဝင်လာလိမ့်မယ်လို့ တစ်ကြိမ်တစ်ခါမှ ကြို မစဉ်းစားခဲ့ဖူးတာတော့ အမှန်ပဲ....
ဘာလိုလိုနဲ့ နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက် ဖြစ်လာတဲ့ သူမရယ်...
သူမရဲ့ မပြီးမပြတ်နိုင်တဲ့ စာမေးပွဲတွေရယ် ...
ပြီးတော့ ကျွန်တော်ရဲ့ တစ်ထပ်ပြီးတစ်ထပ် မြင့်မားလာတဲ့ အလုပ်စာရွက်စာတမ်းတွေ ...စိတ်ကုန်စရာ ထို အဖျက်သမားတွေကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် အလွမ်းပြေ ကြည့်ရမယ့် အချိန်တွေက တဖြည်းဖြည်း ပို ကြဲလာသလို ခံစားရတယ်...
"ဟဲလို Namu"
ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ သူမ ကျွန်တော့်ဆီကို ခပ်မြူးမြူးအသံလေးနဲ့ ဖုန်းစဆက်လာတယ်...
ညဆိုင်းတွေ ဆက်တိုက် ဆင်းနေရလို့ ကျွန်တော့်မှာ အိပ်ချိန်ပုံမှန် မရှိ စားချိန်ပုံမှန် မရှိဘဲ တကယ် အားတွေ ပျက်နေခဲ့တာ... ပြီးတော့ သူမကိုလည်း တကယ် သတိရနေခဲ့တာ...အလုပ်ကနေ အိမ်ကို ပြန်ရောက်တော့ မနက် တစ်နာရီခွဲ...
အိပ်ရာပေါ်မှာ ပင်ပင်ပန်းပန်းနဲ့ မျက်လုံးတွေ မှိတ်ထားရင်း... မြည်လာတဲ့ ဖုန်းကို ဘယ်သူမှန်း သေချာတောင် မကြည့်ဘဲ ကောက်ကိုင်လိုက်တဲ့အချိန်မှာ သူမ အသံလေးကို မမျှော်လင့်ဘဲ တန်းကြားလိုက်ရလို့ ကျွန်တော် ဘယ်လောက် သေမတတ် ဝမ်းသာသွားသလဲ ဆိုတာ သူမကို ပြောရင် သူမ ယုံမှာတောင် မဟုတ်..."ကျွန်မ ပြောစရာရှိတယ် Namu"
မနက်တစ်နာရီခွဲကြီး ဖုန်းလှမ်းဆက်ပြီး ပြောရလောက်တဲ့ အကြောင်းအရာဆိုရင် သာမာန် အကြောင်းအရာ မဟုတ်မှန်း ကျွန်တော် ဖျတ်ခနဲတော့ ရိပ်မိလိုက်တယ်...
ဒါပေမယ့် သူမ အသံဟာ အလောတကြီး နိုင်မနေဘဲ နည်းနည်းလေးတောင် မြူးနေသေးတာကို ခံစားမိသလောက် အဲ့ဒီပြောစရာဆိုတာက တအားကြီး လန့်ဖျတ်စရာ အရေးကြီးကိစ္စတော့ မဟုတ်တာ သေချာတယ်..."အင်း .. ချစ်... ပြောလေ ဘာလဲ"
"ဒါနဲ့ နေရော ကောင်းရဲ့လား... ခုတလော ထမင်းရော အချိန်မှန် စားဖြစ်လား"