ပြတင်းပေါက်သို့ထိမှန်လာသောမိုးစက်တချို့နှင့်ဘေးခြံရှိသရက်ပင်ပေါ်မှသရက်သီးများတဖုတ်ဖုတ်ကြွေကျနေခြင်းကနှိုင်းအားမိုးသည်းထန်စွာရွာနေကြောင်းအသိပေးနေသည်။ နှိုင်းရုတ်တရတ်အပျော်ပိုးလေးဝင်သွားကာ အိမ်အောက်ထပ်သို့ပြေးဆင်းသွားသည်။အိမ်ထဲရှိကော်ထိုင်ခုံပုလေးကိုယူကာအိမ်ရှေ့ဆင်ဝင်အောက်တွင်ထိုင်လိုက်ပြီး ကျဆင်းနေသောမိုးရေစက်များကိုလက်ဖြင့်ခံကာ မိုးရေစက်လေးများ၏အေးမြစင်ကြယ်မှုကိုခံစားနေလေမိ၏။ဘာရယ်ကြောင့်မှန်းမသိနှိုင်းမိုးရွာလျှင်ပျော်မိသည်။မိုးရာသီတွင်မွေးဖွားသောကြောင့်လား ကိုယ်ကိုယ်တိုင်ပဲမိုးရေစက်လေးတွေလိုလွတ်လပ်ချင်၍လာမသိ ပျော်တာကိုပဲ သိသည်။
"နှိုင်းလေး မိုးရေတွေပက်နေတယ်လေ အအေးမိအုံးမယ်"
"ရပါတယ် အနုကလည်း နှိုင်းကမိုးရွာတာကြည့်ချင်လို့ကို"
"ဒါဆိုလဲအထဲဝင်ပြီးကြည့်ပါလား နှိုင်းရဲ့ လာအနုကော်ဖီဖျော်ပေးမယ်"
"အဲ့တာဆိုလဲပြီးရော ခဏနေရင်ဝင်ခဲ့မယ်နော်"
မေမေဆုံးပြီးကတည်းကအနုနဲ့ပဲအနေများသည်မဟုတ်လား အနုကနှိုင်းရကိုသားသမီးရင်းခြာတစ်ယောက်လို့စောင့်ရှောက်သည်။နှိုင်းရအားအရိပ်တကြည့်ကြည့်နှင့်ချစ်ပါသည်။နှိုင်းရကလဲအနုအားကိုယ့်မိဘသဖွယ်သဘောထားကာအနုဆုံးမသမျှကိုလေးစားလိုက်နာပါသည်။မေမေကလဲမှာထားသည်မလားအနုကဒုတိယအမေလို့။အနုကနှိုင်းရကိုသာမကမေမေကိုလည်းတအားချစ်ပါသည်။မေမေမဆုံးခင်တည်းကအမေမရှိသောမေမေ့အားပြုစုယုယခဲ့သူပင်။မေမေကျန်းမာရေးမကောင်းတုန်းကလဲ အနုကပင်ပြုစုပေးခဲ့ရသည်။
ဖေဖေကလည်းဂရုစိုက်ပါသည်။တာဝန်ဝတ္တရားရှိသည်ဆိုသည့်အတိုင်းပေါ့ ဖေဖေနှင့်မေမေ သည်လူကြီးချင်းသဘောတူကာပေးစားထားသောကြောင့်တစ်ဦးနှင့်တစ်ဦးမေတ္တာကြီးမားခြင်းမရှိ တာဝန်ဝတ္တရားအရသာချစ်သည်။မေမေကတော့ချစ်ရှာပါသည် သို့သော်ဖေဖေ့တွင် မေမေနှင့်မယူခင်ကတည်းက ဖေဖေအသည်းနင့်အောင်ချစ်ရပါသောမယ်ပျိုမဒီရှိသည်လေ။ထို့ကြောင့်သာဖေဖေကမေမေနှင့်သဘောတူထားသည် မေမေ့အားယူရမည်ဟုကြီးကြီးတို့၏အမိန့်အားအကြောက်အကန်ငြင်းဆန်ခဲ့ပါသော်လည်း အမများကိုချစ်ကြောက်ရိုသေလေးစားရသောဖေဖေသည်နောက်ဆုံးတွင့်ကြီးကြီး၏တစ်သွေးတစ်သံတစ်မိန့်အားပြားပြားဝပ်၍လိုက်နာခဲ့ရသည်။သို့ရာတွင် ငယ်ချစ်ဦးအနှစ်တရာဆိုသည့်အတိုင်း ဖေဖေသည်သူ၏ပျိုမဒီကိုမည်သည့်အခါမျှမေ့ပျောက်ခြင်းမရှိ ဖေဖေ၏စိတ်အစုံသည်ထိုပျိုမဒီဆီတွင်ပဲကျင်လည်ကျက်စားနေလေတော့မေမေ့ခမျာအဖြည့်ခံဖြစ်ခဲ့ရသည်။နောက်ဆုံးအကျိုးဆက်မှာကားအချစ်မပါသောအိမ်ထောင်ရေး၏နောက်ဆက်တွဲပြဿနာများပင်ဖြစ်လေသည်။အိမ်ပြန်နောက်ကျခြင်းများ၊မူးလာလျှင်နောင်တသည့်အကြောင်းများ၊ထိုပျိုမဒီအားသတိရသည့်အကြောင်းများ၊အလုပ်တွင်ပဲနေကာဇနီးအားဂရုမစိုက်ခြင်းများ စသည့်အကျိုးဆက်များအားခါးစီးခံရသူမှာနှိုင်း၏မေမေပင်ဖြစ်သည်။နှိုင်းသည်လျှင်လည်းထိုအကျိုးဆက်နည်းနည်းတော့ခံစားခဲ့ရသည်။တစ်ခါတစ်ရံမေမေနှင့်ဖေဖေရန်ဖြစ်သံများကိုကြားရသည်။မေမေငိုသည်။ဖေဖေ နံရံကိုလက်သီးနှင့်ထိုးသံများကြားရသည်။မေမေ့မျက်ရည်တွေမြင်ရတိုင်းနှိုင်းရရင်တွေပေါက်ကွဲတော့မတပ်နာကြင်ရသည်လေ။
ဖေဖေကနှိုင်းကိုလဲသိပ်မကြင်နာပါ။ထို့ကြောင့်ပဲလား မေမေ့အားအနိုင်ကျင့်နှိပ်စက်ခြင်းကြောင့်ပဲလားမသိ ငယ်ငယ်တည်းကနှိုင်းသည်ဖေဖေ့အားရွဲ့တတ်သည်။ဖေဖေကတောင်ဘက်ဆို နှိုင်းကမြောက်ဘက်။ဖေဖေကရေဆို နှိုင်းက မီး။ မေမေကပြောပါသည် ဖေဖေကနှိုင်းအားချစ်ပါသည်တဲ့။နှိုင်းရသည်လည်းဖေ့ဖေ့အားမချစ်ခြင်းမဟုတ် နာကျည်းခြင်းသာ .. မေမေ့ကြောင့်အတန်ငယ်နာကျည်းခြင်းမျှသာ။နှိုင်းရငယ်ငယ်တည်းကအပေါင်းသင်းသိပ်မထား တစ်ယောက်တည်းနေတတ်သည်။စကားပြောရမှာကိုလည်းနည်းနည်းကြောက်သည်။ထို့ကြောင့်စကားလည်းသိပ်များများစားစားမပြောဖြစ်။ပြောလည်းမပြောတတ်။နည်းနည်းအရွယ်ရောက်လာမှသာစာတွေဖတ် လူကြီးသူမများဆုံးမသည်ကြောင့် အတော်အသင့်ပြောတတ်ဆိုတတ်ရှိလာသည်သာ။ထို့အပြင်လေပြေနှင့်ပေါင်းမိသောကြောင့်လည်းပါမည်အင့်မလှုပ်အဲမလှုပ်နှိုင်းရအားလေပြေကခဏခဏဆူတတ်သောကြောင့်လဲပါပါသည်။