အစည်းဝေးအပြီး တောင်စွယ်တွင် နေလုံးရဲရဲကြီးပြောက်လုအချိန်။နန်းတွင်းထဲမှ သုတ်သီးသုတ်ပြာ
ထွက်လာသူတစ်ဦး။
မျက်လုံးများကလည်း တစ်စုံတစ်ရာကိုရှာဖွေနေဟန်။
သူမက အိမ်ရှေ့စံ၏ကြင်ယာတော်လောင်းတစ်ဖြစ်လဲ တပ်မှုးချုပ်သီရိနန္ဒာဒေဝီ။
ကေတုမတီမင်းကြီးက သူမနှင့်အိမ်ရှေ့စံကို မှာတမ်းများမပြီးမစီးချွေကာ ကျေနပ်အားရကြောင်း ပီတိဖြစ်ရကြောင်းစသည်ဖြင့် မိန့်တော်မူသောကြောင့် အချိန်သည်မကြာသင့်ပဲကြာသွားရသည်။ စေ့စပ်ပွဲကိုတက်ရောက်သော ဘုရင်နှင့်မြို့စားအချို့သည် ကိုယ်စီကိုယ်စီ ဋ္ဌာနေစီသို့ပြန်ကြချေပြီ။ အချို့ကလည်းခရီးဝေး၍
ကေတုမတီတွင်တစ်ရက်ခန့်နားကြအုန်းမည်။
သီရိဆုတောင်းနေမိတာက ဟံသာဝတီမင်းကြီးကေတုမတီတွင် တစ်ရက်ခန့်ပို၍နေရန်။ ယခင်ကရန်ဘက်ဖြစ်ခဲ့ဖူးသော တိုင်းပြည်တွင်သမီးတော်ကိုပါခေါ်၍ စေ့စပ်ပွဲကိုတက်လာရသော
ဟံသာဝတီမင်းကြီးသည် ကေတုမတီတွင်နေလိုစိတ်ရှိမည်မဟုတ်မှန်း နားလည်မိ နေပါသော်လည်း။
ပြန်သူသွားသူများဖြင့် ရှုပ်ထွေးနေသော နန်းရင်ပြင်တွင် သီရိရှာဖွေရသည်ကိုအားမရတော့။
ထိုစဉ်ဘေးနားကဖြတ်သွားသော သူမရဲမတ်ဗိုလ်ဒီပ..
“ဒီပ ဟံသာဝတီမင်းက ဒီမှာတစ်ရက်လောက်နေအုန်းမတဲ့လား”
“မဟုတ်တာတပ်မှူးချုပ်ရယ်။ ဟံသာဝတီမင်းနဲ့မင်းသမီးလေးက အစောကပဲ ဆင်တော်နှစ်စီးနဲ့ ဟံသာဝတီတိုင်းကို ပြန်ကြွချီတော်မူသွားလေရဲ့”
“မြင်းပါလားဒီပ”
တပ်မှူးချုပ်ရဲ့ရုတ်တရက်စကားကို ဒီပ နားမလည်လိုက်သော်လည်း ချက်ချင်းသဘောပေါက်ကာ နန်းရင်ပြင်တစ်နေရာ တမာပင်တွင်ချီထားသော သူ၏မြင်းအားယူကာပေးလိုက်လေ၏။
“တပ်မှုးချုပ် ပြီးရင် သေနာပတိချုပ်ကြီးက စကားဆွေးနွေးရန်ရှိသေး”
ဒီပစကားပင်မဆုံးလိုက် သီရိနန္ဒာဒေဝီသည်မြင်းကို ကစုန်စိုင်းကာစီးသွားလေသည်။သူမ၏ဦးတည်ရာက မြို့တံခါးစီသို့....
မြို့တံခါးပေါက်အရောက်တွင် သူမသည်မြင်းဇက်ကြိုးကိုသပ်လိုက်သည်။ ခပ်ဝေးဝေးတနေရာတွင် တရွေ့ရွေ့ခရီးဆက်နေသော ဆင်တော်နှစ်စီး။
“နှုတ်တောင်မဆက်လိုက်ရပါလား ထိပ်ထားရယ်။”
သီရိနန္ဒာဒေဝီ၏မျက်နှာတွင် အားမလိုအားမရသည့်ဟန် နှမြောသည့်ဟန်များရောပြွန်းလျှက်။ ထိုစဉ်နောက်မှကြားလိုက်ရသော မြင်းခွာသံတခွပ်ခွပ်နဲ့အတူ တပ်မှုးချုပ်နောက်လိုက်ပါလာသူတပည့်ဒီပ။
“တပ်မှူးချုပ်နောက်ကို ခွင့်မတောင်းပဲလိုက်လာမိတာ ခွင့်လွှတ်ပေးပါ။ သို့ပေမဲ့ သေနာပတိချုပ်ကြီးက ယခုချက်ချင်းအခေါ်တော်လွှတ်တော်မူတာကြောင့်။ နန်းတွင်းက စစ်ရေးဆွေးဆွေးတဲ့ခန်းမဆောင်ပဲ လာခဲ့တော်မူပါတဲ့”
“ခမည်းတော်ဘုရားက”
“မှန်ပါ့တပ်မှုးချုပ်”
သီရိခံစားချက်တစ်ချို့ကို ခေတ္တခေါက်သိမ်းကာ ဖခင်ဆီသို့သွားရန်မြင်းကိုပြန်လှည့်လိုက်သည်။ စေ့စပ်ပွဲပြီးပြီးခြင်း အဘယ့်ကြောင့်ဖခင်သည် အခေါ်လွှတ်လိုက်သနည်း။ သူမစဉ်းစားတက်။ အိမ်တော်ကိုခေါ်ခြင်းလည်းမဟုတ်။ နန်းတွင်းထဲရှိ စစ်မက်ရေးရာကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးလေ့ရှိသော အဆောင်တော်ကိုခေါ်ခြင်းဖြစ်၏။ သည့်အတွက်ခံစားချက်သိပ်မကောင်း။ သည်တွင်ဆွေးနွေးသည့်ကိစ္စများသည် စစ်ပွဲနှင့်ပတ်သတ်သော ကိစ္စများပင်ဖြစ်လေ့ရှိသည်။
အဆောင်တော်ရောက်တော့ ခမည်းတော်သည်ခုံပေါ်တွင်ထိုင်နေပြီး ဆေးတံခဲကာ တစ်စုံတစ်ရာကို လေးလေးနက်နက်တွေးနေသည်ကို သီရိတွေ့လိုက်ရပြီ။
“သေနာပတိချုပ် တပ်မှူးချုပ်သီရိနန္ဒာဒေဝီအခစားဝင်ကြောင်းပါ”
သေနာပတိချုပ်သည် သည်အခန်းထဲတွင် သားအဖတော်စပ်မှုကိုခေတ္တမေ့ထားပြီး ရာထူးအခေါ်အဝေါ်များသာခေါ်ရန် အမိန့်ထုတ်ထားသည်။
“ရောက်ပြီလား တပ်မှူးချုပ် ။ ဒီပ မောင်မင်းသွားလို့ရပြီ။ တပ်မှုးချုပ်နဲ့ဆွေးနွေးစရာရှိတာမို့”
ရဲမတ်ဗိုလ်ဒီပ ထွက်သွားသည်နှင့်တပြိုင်နက်...
“အခု၀ီရတိုင်းဘုရင်ခံက တော်လှန်နေတယ်။ ကေတုမတီနဲ့ရန်ငြိုးရှိတဲ့ စော်ဘွားတစ်ချို့ရဲ့ အကူအညီကိုယူပြီးတော့ပေါ့။ စေ့စပ်ပွဲကိုလည်းသူမတက်ခဲ့ဘူး။”
ဝီရတိုင်းဆိုတာ ကေတုမတီရဲ့လက်အောက်ခံတိုင်းပြည်တစ်ခု။ ကေတုမတီမင်းကြီးသည် ဝီရတိုင်းကို အောင်နိုင်ပြီးနောက် ယခင်၀ီရတိုင်းဘုရင်ကိုဖယ်ရှားကာ ညီတော်ဝမ်းကွဲတော်စပ်သူကို ဝီရတိုင်း၏ဘုရင်ခံအဖြစ်ခန့်အပ်ကာ အုပ်ချုပ်စေသည်။
ယခုနောက်ပိုင်း ဝီရတိုင်းဘုရင်ခံသည် စစ်ရေးများတိတ်တဆိတ်လေ့ကျင့်ကာ ကေတုမတီကိုပုန်ကန်ခြားနားချင်သည့် အရိပ်ယောင်များကို သီရိကြားနေခဲ့တာကြာပြီ။
ကြည့်ရသည်မှာ ယခုအင်အားတောင့်လာသည်ထင့် ပုန်ကန်မှုစလိုက်ပြီတဲ့လေ..။
“ဆက်မိန့်ပါသေနာပတိချုပ်”
“၀ီရတိုင်းဘုရင်ခံကအခု အဲ့မှာခန့်ထားတဲ့ ကေတုမတီကလူအားလုံးကို အကျဉ်းချပြီး ကေတုမတီနဲ့ရန်ဘက်ဖြစ်တဲ့ စော်ဘွားအနွယ်တွေကို နေရာပေးလိုက်တယ်။ ဒါဟာ မင်းတရားကြီးကို ထီမထင်လုပ်လိုက်တာပေပဲ။ အဲ့အတွက်မင်းတရားကြီးက ဝီရတိုင်းဘုရင်ခံကိုအရှင်ဖမ်းလာတာ လိုချင်နေတယ်။ ဖမ်းဖို့ဆို ကြိမ်းသေစစ်ခင်းရမှာပဲ။ သူ့ဘက်ကလည်းပြင်ဆင်ထားမှာပဲ။ ဒါပေမဲ့ တပ်မှုးချုပ်ကယနေ့ပဲ စေ့စပ်ထားတာမို့ မင်းတရားကြီးအနေနဲ့ စစ်မချီစေလိုပေမဲ့ ကျွန်ုပ်ကတော့ သေနာပတိတစ်ယောက်အနေနဲ့ ဒီအမှုကိုသင့်ကိုပဲဆောင်ရွက်စေလိုတယ် သီရိနန္ဒာဒေဝီ။”
“စိတ်ချတော်မူပါ သေနာပတိချုပ်။ ကျွန်ုပ်လင်းကြက်မတွန်ခင်မှာပဲ အားလုံးပြင်ဆင်ပြီး ဝီရတိုင်းကို စစ်ချီမယ်”
သေနာပတိချုပ်ကခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ပြီး..
“အကျွန်ုပ်တို့ဆိုတာ ကေတုမတီမြေ၊ကေတုမတီရဲ့မင်း၊ ကေတုမတီပြည်သူတွေကို ကာကွယ်ဖို့သစ္စာဆိုထားတဲ့သူတွေ။ ဒီတော့မယ်မင်းဟာ ဘုရင့်ရဲချွေးမတော်လောင်းဖြစ်သွားသော်ငြားလည်း ဒီတိုင်းပြည်ရဲ့စစ်သည်တော်တစ်ယောက်ပဲ။ ဒီတော့တာဝန်ကိုကျေပွန်ရမယ်။"
ခမည်းတော်၏အဆိုကို သီရိနားလည်ပါသည်။ ခမည်းတော်သည်သူ့ကို တပ်မှူးချုပ်အနေနဲ့ တာဝန်ကျေစေချင်ဟန်ရှိသည်။ မင်းတရားကြီးကတော့ ချွေးမလောင်းဖြစ်ကာစမို့ စစ်ချီမိန့်ကို ပြောမထွက်ဟန်။
“မှန်လှပါသေနာပတိချုပ်။ မိန့်ဆိုစရာများပြီးလျှင် အကျွန်ုပ်စတင်ပြင်ဆင်ခွင့်အတွက်....”
“ရပြီ ပြင်ဆင်လို့ရပါပြီတပ်မှူးချုပ်။ အောင်ပွဲခံဖို့ကျွန်ုပ်စောင့်နေမယ်”
သီရိအဆောင်တော်တွင်းမှ ထွက်လာပြီးသည်နှင့် ရပ်ကာစောင့်နေသောဒီပကို...
“ဒီပ ကျွန်ုပ်တို့ ဝီရတိုင်းကို လင်းကြက်မတွန်ခင်စစ်ချီမယ်။ တိုက်ဆင်၃၀ မြင်းသည်တော် ငါးရာ လေးသည်တော်ငါးရာနဲ့စစ်ချီမယ်။ အကျွန်ုပ်စီးနေကြ ဆင်တော်ဥတရကိုလည်း အသင့်ပြင်ထားပေးပါ”
“အမိန့်တော်အတိုင်းပါ တပ်မှူးချုပ်..”
________🪔ထိပ်ထား🪔___________
ဝီရတိုင်းကို သီရိဝန်းရံပြီးချိန်က နေ့ရက်တစ်ရက်ပင်ကျော်သွားခဲ့သည်။ တပ်များဝန်းရံပြီးပြီးခြင်း ဝီရတိုင်းဘုရင်ခံကလည်း မြို့ရိုးပေါ်က မြှားမိုးများစရွာစေသည်။ ရုတ်တရက်မို့ သီရိစစ်သည်တစ်ရာခန့်ကျသွားသည်။ သို့သော် အလျင်အမြန်ဒိုင်းများဖြင့်ကာလိုက်သောကြောင့် အရမ်းအထိမနာခဲ့ချေ။
သီရိတပ်ရုတ်ရုတ်သဲသဲဖစ်နေစဉ် အင်အားအလုံးအရင်းဖြင့် ချီလာသော ဝီရတိုင်း၏တပ်ကြီး။ ရှေ့ဆုံးကဆင်တော်တွင် ဝီရတိုင်းဘုရင်ခံကိုယ်တိုင် ပါဝင်ချီတက်လာခဲ့သည်။
ရုတ်တရက်ရှုပ်ထွေးသွားသော အခြေနေကိုသီရိအချက်ပြပြန်ထိန်းလိုက်ပြီးနောက်...
ပြင်းထန်သောတိုက်ပွဲကားစလေပြီ.....
ညာသံပေးသံများကဟိန်းခနဲ့ ...မြင်းများသည်လည်း လေးကြိုးမှလွှတ်လိုက်သောမြှားများသဖွယ်။ စစ်သည်တော်များအားလုံးအရောရောအထွေးထွေး။
ဓားခြင်းခုတ်သံများသည်လည်းတစ်ရွှန်းရွှန်းညံလျှက်။
တစ်ချက်တွင် ဆင်တော်ထိပ်ရှိ သီရိနန္ဒာ၏လက်မောင်းသို့ မြှားတစ်စင်းစိုက်ဝင်လာသည်။ စိုက်ဝင်လာသောမြှားကိုအံကြိတ်ပြန်နှုတ်ကာ တိုက်ပွဲကိုအရှိန်မပျက်စေပဲ ဆက်နွှဲသည်။
သူမ၏ရည်ရွယ်ချက်ကား ဝီရတိုင်းဘုရင်ခံကိုအရှင်ဖမ်းရန်။ ထို့ကြောင့် တိုက်ဆင်ဥတရအား ဝီရတိုင်းဘုရင်ခံဆီ ဦးတည်ခိုင်းလိုက်သည်။ တိုက်ဆင်ခြင်းတွေ့ကြရာဝယ်၌အပြင်းအထန်။ နောက်ပိုင်းတွင်သီရိဆင်တော်က တဖြေးဖြေးအသာစီးရလာကာ ဝီရဘုရင်ခံ၏ဆင်တော်နံကြားအား စွယ်စုံနစ်ဝင်အောင်ထိုးနိုင်ခဲ့သည်။
သွေးရူးသွေးတန်းဖြစ်သွားသော ဝီရဘုရင်ခံ၏ဆင်တော်အား သီရိဆင်တော်မှဖိ၍တိုက်သည်။ နောက်ဆုံးတွင် ဝီရတိုင်းဘုရင်ခံ ဆင်ပေါ်မှကျွမ်းပြန်လျှက် စစ်မြေပြင်ပေါ်သိုကျသွားတော့သည်။
သီရိဆင်းတော်ပေါ်မှ အလျင်ဆင်းလိုက်ကာ ဝီရတိုင်းဘုရင်ခံ၏ဦးခေါင်းကိုဆွဲကာ တိခနဲ့။ လည်ပင်းကိုဖြတ်၍ရသော်လည်း သျှောင်တော်ကိုဖြတ်လိုက်ခြင်းပင်။ ကေတုမတီပြည့်ရှင်ကအရှင်လိုချင်တာမလား.....
တဖြေးဖြေး အရေးနိမ့်လာသော ဝီရတိုင်း၏တပ်များနှင့် တပ်ကူစော်ဘွားအချို့သည် မြို့အတွင်းသို့ အလျင်အမြန်ပြန်ဆုတ်ကြသည်။ သို့ပေမဲ့ ဒီပဦးဆောင်သောရဲမက်အဖွဲ့၏ အလုံးအရင်းဖိအားပေးတိုက်ခိုက်မှုကြောင့် အရေးနိမ့်ကာ အကုန်လုံးဖမ်းမိခဲ့လေသည်။
စစ်ပွဲကားပြီးလေပြီ။ နှစ်ရက်ကူးသော အချိန်ကာလအတွင်းမှာပင် သီရိတပ်သည် ဝီရတိုင်းကိုပြန်အရယူနိုင်ခဲ့ချေပြီ။ ခြေမြန်တော်ဖြင့်မင်းတရားကြီးဆီ အောင်နိုင်ကြောင်းသတင်းပို့ကာ ဒဏ်ရာရစစ်သည်များကျဆုံးစစ်သည်များကို ပြန်သယ်ဆောင်ပြီးပြည်တော်ပြန် တပ်ဆုတ်ကြလေ၏။ ဝီရတိုင်းကိုကား ကေတုမတီ၏တပ်မှုးလေး သူရအားယာယီ အုပ်ချုပ်ခိုင်းခဲ့လေသည်။
သစ္စာဖောက် ဝီရတိုင်းဘုရင်ခံနှင့် အပေါင်းအပါများကို ဒီပလက်ထဲသို့ သီရိအပ်လိုက်သည်။ ဒီပတာဝန်ကမင်းတရားကြီးဆီ အပ်ရန်...
သီရိကတော့ မင်းတရားကြီးဆီစကားတော်ပါးလိုက်ပြီး ဆင်တော်ကိုမြင်းဖြင့်လဲလိုက်ကာ ဟံသာဝတီဆီသို့...
ထပ်မံတွေ့ချင်သောစိတ်ဆန္ဒအား အလိုလိုက်ရင်း..
_________🪔ထိပ်ထား🪔___________
နန်းရင်ပြင်ထဲသို့ မြင်းကိုတခွပ်ခွပ်စီးလာပြီး သွေးများချင်းချင်းနီနေသော စစ်သည်တစ်ဦး။ သူသည်မြို့ဝင်ဂိတ်ကို မည်သို့ဖြတ်ကျော်ခဲ့သည်မသိ နန်းရင်ပြင်အရောက် သူ၏အသွင်အပြင်ကြောင့် ရဲမတ်များ၏တားဆီးခြင်း ခံလိုက်ရလေသည်။
“ငါသည် ဟံသာဝတီ၏မိတ်ဆွေ ကေတုမတီတိုင်း၏တပ်မှူးချုပ်ပေတည်း။ ဖယ်ကြလော့”
ဒါပေမဲ့ သွေးအလိမ်းလိမ်းဖြင့် မြှားဒဏ်ကြောင့် ဖြူဖျော့နေသောသူမဟန်ကြောင့်
ယုံကြည်ဟန်မပေါ်ကြချေ။ သီရိခါးကြားထဲမှ တံဆိတ်တော်ကိုထုတ်ပြသောအခါမှ
အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့စိတ်ထင်သည်က မင်းတရားကြီးကို အရေးတကြီး လျှောက်တင်စရာရှိ၍လာသည်ဟု.....
သို့ပေမဲ့ သီရိခြေလှမ်းများက နန်းတော်အတွင်းသို့မဦးတည်ပဲ အဆောင်တော်များဘက်ဆီသာ.ယ။ မူးနောက်နောက်ဖြစ်နေသောမြှားဆိပ်သည် ရင်ထဲကနက်နက်နဲနဲ တွေ့ချင်စိတ်ကိုကားမကျော်နိုင်။
နေရာအတိကျမသိ စိတ်မှန်းဖြင့် ရှာဖွေနေစဉ် သီရိနားထဲဝင်လာသောစောင်းသံ။ မသိစိတ်၏စေ့စော်မှုကြောင့် ခြေလှမ်းများသည် စောင်းသံကြားရာဆီသို့လှမ်းသွားကြသည်။
နောက်ဆုံးတွင်တော့ သူမသိပ်တွေ့ချင်ခဲ့သောသူကို တွေ့လိုက်ရချေပြီ။ စောင်းတီးရာတွင် အာရုံနစ်နေသောသူကမူ သီရိကိုသတိမထားမိ။
သီရိသည် အသံမပြုပဲ စံပယ်ရုံနားခေတ္တရပ်ကာ စောင်းတီးနေသူကို ငေးကြည့်၏။ တဖြတ်ဖြတ်ခတ်သွားသော မျက်တောင်ကော့ကြီးများ ပါးပြင်ဘေးမှ မွှေးညှင်းလေးနုလေးများ စောင်းကြိုးတွင်ပြေးလွှားနေသော လက်ချောင်းလေးများ။ အသေးစိတ်ကို ငေးမောနေမိသည်။ ထိုလူသားပန်းပုရုပ်လေးကြောင့် သီရိ သူမ၏ လက်မောင်း၌နာကျင်နေသော မြှားဒဏ်ရာကိုမေ့နေခဲ့ လေသည်။
“အလို ဘယ်သူလဲ.....”
သွေးအလိမ်းလိမ်းဖြင့် ဓားကိုလွယ်ကာ မင်းသမီးကိုစူးစူးနစ်နစ် ရပ်ကြည့်နေသူတစ်ဦးကို ဒေါ်မြိုင်ရေတော်ခပ်ရာမှအပြန် မြင်လိုက်ရ၍လန့်သွားခြင်းပင်။
ဒေါ်မြိုင့်အသံကြောင့် ထိပ်ထား၏စောင်းသံသည်လည်းတိခနဲ့။
“အို တပ်မှူးချုပ်....”
“ထိပ်ထား...”
အနည်းငယ်ဖြူဖတ်နေသော နှုတ်ခမ်း။ ထုံးထားသော ဆံထုံးမြင့်မြင့်က မသပ်မရပ်ဖြစ်နေသော တပ်မှူးချုပ်၏ဟန်။ သွေးများပေကျံနေသော စစ်ထွက်ဝတ်စုံ...။ အရာအားလုံးထိပ်ထားအသားမကျပေမဲ့ စူးစူးရှရှမျက်လုံးများကတော့ မပြောင်းလဲတာထိပ်ထားမြင်လိုက်ရသည်။
“ထိုင်ခွင့်ပေးတော် မမူတော့ဘူးလား ထိပ်ထား”
“အလို ဟုတ်ပေသား။ ထိုင်ပါတပ်မှူးချုပ်။ “
ဓားကိုဘေးတွင်ချကာ သက်တောင့်သက်သာဖြစ်အောင်တိုင်ကိုမှီကာ သီရိထိုင်လိုက်သည်။ ထို့နောက်ဘာစကားမှမဆိုပဲ တွေ့ချင်နေသောမျက်နှာတော်လေးအား ပြုံး၍ငေးသည်။ အနည်းငယ် ကို့ရားကားယားနိုင်ပေလိမ့်မည်။ သို့ပေမဲ့ သီရီသည် သူစိတ်ထဲရှိရာကို လုပ်တက်သူပေ။ ဘေးကအထိန်းတော်ကြီးဒေါ်မြိုင်သည်ကား နားမလည်ဖြစ်ချေပြီ။
ရုတ်တရက်ကြီး စိုက်ကြည့်နေသူတပ်မှူးချုပ်ကြောင့် ထိပ်ထားမနေမတက်ဖြစ်ရပါတော့သည်။ အကြည့်များကိုရှောင်လွှဲရင်း သူမ၏မျက်လုံးသည် သီရိ၏လက်မောင်းက သွေးများစိမ့်ထွက်နေသော နေရာအားသတိထားမိသွားပြီး...
“ဒဏ်ရာ....ဒေါ်မြိုင် သမားတော်ခေါ်ပါ သမားတော်”
အမြဲမျက်နှာထားတည်သော တပ်မှုးချုပ်သည်ယခု ဟံသာ၀တီမင်းသမီးရှေ့တွင်မရှိတော့။ဒဏ်ရာကတစ်ဆစ်ဆစ် နာကျင်သော်လည်း အပြုံးမပျက်။ဘာမှခံစားရသည့်ပုံမပြ။
“သခင်မလေးနဲ့လူစိမ်းနှစ်ယောက်ထဲ။ပြီးတော့သူမှာဓားကြီးနဲ့”
“မိတ်ဆွေပါ...ထိပ်ထားမိတ်ဆွေ။ သမားတော်သာမြန်မြန်ခေါ်ပါ သွေးထွက်များတာကြောင့် သူနှုတ်ခမ်းတွေဖြူနေပြီ။ ထိပ်ထားရဲ့ဆေးလောက်နဲ့မရဘူး။ “
ဒေါ်မြိုင်သည်လည်း ဘာအထွန့်မှဆက်မတက်ရဲပဲ မင်းသမီးအမိန့်အတိုင်းသမားတော်ခေါ်ရန် ပြေးရှာလေပြီ။
“ထိပ်ထားကိုဟိုရက်က နှုတ်တောင်မဆက်လိုက်ရဘူး”
“ခမည်းတော်က တမ်းပြန်မယ်ဆိုတာကြောင့်ရယ်ပါ။ ထိပ်ထားလည်း တပ်မှူးချုပ်တောင်အမှတ်ရမိသေး။ ဒါနဲ့ ဒီပုံစံကဘယ်လိုဖြစ်တော်မူလာတာလည်း”
အမှတ်ရမိသေးသည်ဆိုသော စကားကြောင့်သီရိ ကျေနပ်စွာထပ်ပြုံးလိုက်သည်။
“စစ်နိုင်လာတာ။ ကေတုမတီရဲ့လက်အောက်ခံ ဝီရတိုင်းကပုန်ကန်လို့ သွားရောက်နှိမ်နင်းခဲ့တာ။ အပြန်လမ်း ဟံသာဝတီကိုအဖြတ် ထိပ်ထားကိုတွေ့ချင်မိတာမို့”
ထိပ်ထား သူ့ကိုအကဲခတ်ကြည့်တော့သူသည် သူ၏စစ်နိုင်လာသော သတင်းအား၀င့်ကြွားစွာ ပြောဆိုသည့်ဟန်လည်းမဟုတ်။ ခြိမ်းခြောက်သည့်ဟန်လည်းမပေါ်။ တွေ့ချင်သည့်အကြောင်းအား အသေအချာပြောသည့်ဟန်ပန်တစ်ခုပဲ မျက်နှာတွင်တွေ့ရသည်။ ပြီးဝော့ာ
မင်းညီမင်းသားမဟုတ်သော အမျိုးသားတစ်ဦးလည်းမဟုတ်သော အမျိုးသမီးတစ်ဦး၏ တွေ့ချင်သည်ဆိုသောစကားကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားတာကို ထိပ်ထားသတိထားမိလိုက်သည်။
“သို့ပေမဲ့ ဒဏ်ရာကြီးနဲ့...”
“ထိပ်ထားစောင်းသံကြောင့် တစ်ဝက်ပျောက်ကင်းသွားသလိုပါပဲ..”
အရိုးခံမျက်နှာနှင့်သူကပြောလာသော်လည်းထိပ်ထားအနည်းငယ်ရှက်သွေးဖြာသွားရသည်။အပြောရဲရဲပွင့်လင်းမှုများကို အသားမကျသော်ငြား စိတ်ငြိုငြင်မှုကားမဖြစ်။
စစ်အောင်နိုင်လာသော သူမ၏ဟန် ။ရဲရဲတောက်သူမ၏အကြည့်များ။ ထီမထင်ဟန်အပြုံး။အခြားမူးကြီးမတ်ရာများ၏ သမီးများကဲ့သို့ နုညံ့သိမ်မွေ့ပြီး မိန်းမအရမ်းဆန်လွန်းသောဟန်လည်းမရှိ ထိပ်ထားစိတ်ထဲတွင် တပ်မှူးချုပ်သည်တမူထူးခြားနေသည်။
“တပ်မှူးချုပ်က အဲ့လိုခင်တွယ်တက်သူလား။ မိတ်ဆွေကိုတွေ့ချင်သည်နှင့် တိုက်ပွဲကအပြန် ဒဏ်ရာကြီးနဲ့ကို ဝင်တွေ့သည့်အထိ။”
ထိပ်ထားစကားကြောင့် သီရိခပ်ဟဟရယ်သည်။
“ထိပ်ထားမို့ ပိုခင်မိသွားတာနေမယ်။”
တကယ်တော့ မိမိစိတ်ကိုမိမိမထိန်းနိူင်ခြင်းကို သီရိသဘောမကျ။ သူသည်တိကျပြတ်သားသူ။ စစ်ပွဲများစွာလည်တိုက်ခဲ့ဖူးချေပြီ။တစ်ချက်လွှတ်အမိန့်များစွာကိုလည်း နှုတ်မတွန့်ချခဲ့သူ။.ထိုကဲ့သို့သူကား ယခုထိပ်ထားအား တွေ့ချင်သည်ဟူသော ဆန္ဒသေးသေးလေးအား မထိန်းနိုင်ခဲ့ချေ။ သူမ၏အဆိုပါဆန္ဒသည် စစ်မချီခင် ထိပ်ထားဟံသာဝတီပြန်စဉ်ကတည်းက ထပ်မံတွေ့ချင်သောဆန္ဒ။ ထိန်းသည်။ သူတစ်ပါးတိုင်းကို အကြောင်းမရှိသွားခြင်းသည် မကောင်းမှန်းသိသည်။ သို့ပေမဲ့ ရင်တွင်းထဲကဆန္ဒသည် စစ်တိုက်ရတာထက်ခက်သည်။ နောက်ဆုံး အဆိုပါဆန္ဒသေးသေးလေးသည် တပ်မှုးချုပ်သီရိနန္ဒာဒေဝီအား အနိုင်ရသွားသည်။
တဖြေးဖြေးပိုမိုစိမ့်လာသော လက်မောင်း၏သွေးများ....
“အို ဒေါ်မြိုင်ကလည်း သမားတော်ခေါ်တာပေါ်ကိုမလာဘူး။ သွေးလွန်တော့မယ်။ တပ်မှုးချုပ်သလွန်ပေါ်လာလှဲချေ။ ထိပ်ထား သွေးမလွန်အောင်လုပ်ပေးမယ်”
ပြောလည်းပြော သီရိကိုတွဲကာ သလွန်ပေါ်အိပ်ခိုင်းလိုက်သည်။ ထိုသို့လုပ်လိုက်တော့မှ အနှီးတပ်မှူးချုပ်သည် ဒဏ်ရာကိုသတိရသလို တကျွတ်ကျွတ်ညည်းသည်။
“ဒဏ်ရာရနေတာကို စကားတွေပြောနေမိတာ။ ခေတ္တစောင့်”
ထိပ်ထား ဆေးပစ္စည်းများထည့်ထားသော ယွန်းကန်လေးကိုယူလိုက်ပြီး ဆေးမှုန့်အချို့ကို သီရိလက်တွင်သိပ်လိုက်သည်။ ပတ်တီးအသင့်မရှိသောကြောင့် ပုခုံးမှပဝါကိုဖြည်ကာ လက်မောင်းကိုတင်းတင်းစည်းလိုက်၏။
လျော့ချလိုက်သောစိတ်နဲ့အတူ တပ်မှုးချုပ်သီရိနန္ဒာဒေဝီသည် မေ့မျောသွားပါတော့သည်။
“တပ်မှူးချုပ်....အလို တပ်မှူးချုပ်....ဒေါ်မြိုင်....”
ထိုစဉ်တပ်မှုးသီဟ သမားတော်နှင့်ဒေါ်မြိုင်သည် ထိပ်ထားအဆောင်ကို ရောက်ရှိလာလေသည်။
“ဒေါ်မြိုင်သိပ်ကြာတယ်။ သွေးလွန်တာအန္တရာယ်ရှိတယ်လို့ ထိပ်ထားမပြောဘူးလား။ အခုသူမေ့သွားပြီ။ သမားတော်ကြီး အမြန်စမ်းသပ်ပါ”
“မှန်လှပါ အရှင်မင်းသမီး”
မတိုစဖူးစိတ်တိုနေတဲထိပ်ထားကြောင့် ဒေါ်မြိုင်ခမျာလန့်သွားရတော့တယ်။ တပ်မှုးလေးသီဟက သလွန်ပေါ်ကသတိမေ့နေတဲ့ သီရိကိုမျက်မှောင်ကုတ်ကြည့်ရင်း...
“အရှင်မင်းသမီး သူကယခင်ရန်ဘက် ကေတုမတီရဲ့တပ်မှူးချုပ်ဖြစ်တယ်။ အခုလိုအရှင်မင်းသမီးနန်းဆောင်မှာ ရှိနေတာမဖြစ်သင့်ချေဘူး။ သတိရလာလျှင် ဘာအကြောင်းကြောင့်နဲ့လာကြောင်း မေးစမ်းရအုန်းမယ်။ ဒါ့ကြောင့် ဧည့်ဆောင်ကိုရွေ့ခွင့်ပြုပါ”
သီဟသည် ဝီရတိုင်းနှင့်ကေတုမတီစစ်ပွဲကိုကြားထားသူ။ ယခုစစ်နိုင်သူကေတုမတီတပ်မှူးချုပ်က အဘယ့်ကြောင့်သူတို့တိုင်းကိုဝင်လာရပါသနည်း။ သူတို့စစ်ရေးအခြေနေကို အရိပ်မွတ်ပြကာ သတိလာပေးတဲ့သဘောလား။ မင်းတရားကြီးဆီမဝင် မင်းသမီးလေးဆီသွားသည့် ရည်ရွယ်ချက်ကကော။ ထို့ပြင်သွေးစွန်းလက်နက်ဓားရှည်ပါ ပါလာသူ။ သီဟအဖက်ဖက်ကတွေးပြီး ထိုသို့ပြောလိုက်ခြင်းပင်။ သို့ပေမဲ့ မင်းသမီး၏စကားကြောင့် ဘာမှဆက်မပြောဝင့်တော့။
“ခွင့်မပြုဘူး။ သူကထိပ်ထားမိတ်ဆွေ။ သတိရတဲ့အထိ ထိပ်ထားနန်းဆောင်မှာထားမယ်။ သူသတိလည်လာမှ ကျန်တာဆက်စီစဉ်ကြ။ ဘာမှဆက်မလျှောက်ကြတော့နဲ့။ ဒါထိပ်ထားအမိန့်ပဲ....”
________🪔ထိပ်ထား🪔___________
RenGe-15.6.2018
DU LIEST GERADE
ထိပ်ထား
Historische Romaneမည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။