အပါးတော်မြဲအဖြစ် ရှိနေပါရစေ

10.4K 1.2K 53
                                    

ကေတုမတီကို နေဝင်ပျိုးပြအချိန်တွင် သူရောက်ခဲ့ကြသည်။ နန်းတော်ရောက်တော့ ဟံသာဝတီမင်းသမီးကို လိုချင်လှပါသည်ဆိုသော ဒေဝမင်းထင်ကျော်စွာသည် ထွက်ကြိုဖို့နေနေသာသာ အစအနပင်မမြင်ရ။ သာမာန်ရဲမက်တစ်ဦးနှင့် သီရိကိုမှာလိုက်သည်က သင့်တော်တဲ့ နန်းဆောင်တစ်ဆောင်မှာ နေရာချထားပေးလိုက်ပါတဲ့။

သီရိဓားအိမ်ထဲက ဓားကို ကျစ်နေအောင်ဆုတ်ကိုင်ထားရင်း ဒေါသကိုမနည်းထိန်းလိုက်ရသည်။
ဒါဘယ်လိုကြိုဆိုပုံလဲ သူများတိုင်းရဲ့ရတနာကို ယခုဆက်ဆံပုံက ရင့်သီးလွန်းလှသည်။ ထိပ်ထားကိုပြစရာမျက်နှာပင်မရှိတော့...

“ထိပ်ထား...အာ မင်းသမီး အိမ်ရှေ့စံက အလုပ်များနေတာမို့ ပထမဆုံးအနားယူနှင့်ပါဦးတဲ့။ ကျွန်ုပ်နဲ့လိုက်ခဲ့ပါမင်းသမီး။ နန်းဆောင်ကို လိုက်ပို့ပေးပါ့မယ်”

ထိပ်ထားသူ့ကို တခမ်းတနားမကြိုဆိုသည့်အတွက် ဒေါသလည်းမထွက်သလို ဝမ်းလည်းမနည်းပါ။ ပို၍စိတ်သက်သာရာပင်ရသေးသည်။ ပြီးတော့ အဆိုပါအိမ်ရှေ့စံဆိုသော လူနဲ့လည်း မတွေ့ချင်သေး။ ဝေါယာဉ်အကြာကြီး စီးခဲ့ရတာမို့ လူလည်းညောင်းညာကာ နားချင်လှပြီ။ တွေးစရာကိစ္စများအားလုံးကို ခေတ္တရပ်ထားပြီးပေါ့.။

တပ်မှုးချုပ်က သူ့ရဲ့မြင်း ဇာတ်ကြိုးကိုဆွဲလှည့်လိုက်ပြီး..
လက်ကမ်းပေးလိုက်ကာ...

“မင်းသမီး လက်ပေး‌‌တော်မူပါ”

“နေပါအုန်း အသင်။ အကျွန်ပ်က နန်းတွင်းနန်းဆောင်မှာ နေရမှာမလား မြင်းလိုလို့လား။”

မထားနိုင်ပါ ထိပ်ထားကို ဒီလိုနန်းတွင်းထဲက သာမာန်မောင်းမငယ်တွေနေတဲ့အခန်းတွေမှာ သီရိမထားနိုင်ပါ။အိမ်ရှေ့စံအနေနဲ့ ကြိုဆိုဖို့ကို ပြင်ဆင်ထားခြင်းမရှိကတည်းက အဆောင်တော်ကိုလည်း ပြင်ဆင်မထားမှာအသေချာ။ထိပ်ထားကိုထပ်မျက်နှာမပူချင်တော့ပါ။ အိမ်ရှေ့စံနှင့် ဒီကိစ္စကို စကားပြောရချင် ပြောရပါစေ..ထိပ်ထားကို သူ့အိမ်တော်ကို ခေါ်သွားမည်။ အိမ်ရှေ့စံကို မထီမဲ့မြင်ပြုသလိုဖြစ်သွားသော်ငြား သူနိုင်အောင်ရှင်းမည်။

“အကျွန်ုပ် အိမ်တော်ကိုပါ မင်းသမီး..”

“အို....မလိုက်နိုင်ပါဘူး။ အသင့်အနေနဲ့ အိမ်ရှေ့စံရဲ့ ကြင်ယာတော်လောင်းကို အိမ်တော်ခေါ်သွားမယ်ဆိုတာ မသင့်တော်တဲ့လုပ်ရပ်ပဲ။ ကျွန်ုပ်ကို နန်းဆောင်ဆီသာ ပို့ပေးပါ”

သီရိ စကားကိုကပ်ပြောကာ စောဒကတက်နေတဲ့ ထိပ်ထားကို ကြည့်လိုက်တယ်။ ကြည့်ရတာ တကယ်လိုက်မည့်ဟန်မပေါ်။ သီရိ မြင်းကို ထိပ်ထားဘေးနားထိ စီးသွားလိုက်ကာ...

“ယခု ကေတုမတီတိုင်းထဲမှာပါ မင်းသမီး။ ယခုသင့်ကို ကေတုမတီတပ်မှုးချုပ်က အမိန့်ပေးနေတာ။ မြင်းပေါ်တက်ပါ”

ကမ်းပေးနေသော သီရိလက်ကို ထိပ်ထားမျက်စောင်းထိုးကြည့်ကာ သူ့လက်ပြန်ကမ်းပေးလိုက်ရင်း မြင်းပေါ်တက်ဖို့ သဘောတူလိုက်သည်။

သီရိမြင်းဇာတ်ကြိုးကို သူ့အိမ်ဘက်ပြန်လှည့်လိုက်ရင်း

“ဒီပ...ငါပြန်လာပြီး အိမ်ရှေ့စံဆီအခစား ဝင်မယ်ဆိုတဲ့အကြောင်း ကြိုလျှောက်ထားပါ။ မင်းသမီးကို အိမ်တော်ပို့ပြီးတာနဲ့ ပြန်လာခဲ့မယ်”

“အမိန့်တော်အတိုင်းပါ တပ်မှုးချုပ်”

လိုအပ်တာ မှာကြားပြီးတာနှင့် သီရိမြင်းကို အသော့နှင်တော့သည်။ အိမ်ရှေ့စံနဲ့စကားပြောဖို့တော့ လိုအပ်နေချေပြီ.....





________🪔ထိပ်ထား🪔___________





မြင်းကစုန်စိုင်းကာ စီးဝင်လာသော သမီးဖြစ်သူကို အမတ်ကြီးကော အမတ်ကြီးကတော်ကပါ တအံ့တသြကြည့်မိသည်။ အံ့သြဆို မြင်းရှေ့မှာ လုံမပျိုတစ်ယောက်ပါလာတာကိုး။ အဆင်တန်ဆာအပြည့်စုံနှင့်ပုံစံက သာမာန်လုံမပျိုဟုတ်ဟန်မတူ။

“ထိပ်ထား ဒါကျွန်ုပ်အိမ်တော်ပါ။ စိတ်တိုင်းကျ အနားယူလို့ရတယ်။ ခမည်းတော် မယ်တော်တို့နဲ့ မိတ်ဆက်ပေးမယ်”

သီရိ အိမ်ရှေ့ကစားပွဲခုံရှည်ကြီးမှာ ထိုင်နေကြတဲ့ ဖခင်နဲ့မိခင်ဆီကို ထိပ်ထားအားခေါ်သွားလိုက်တယ်။

“ခမည်းတော်နဲ့မယ်တော် သီရိပြန်ရောက်ပါပြီ။”

“ဟုတ်ပြီ သမီး...ဒါနဲ့ ဒီလုံမလေးက ဘယ်သူလေးတုန်း သီရိရဲ့”

“ဟံသာဝတီရဲ့မင်းသမီး စံထိပ်ထားကလျာဦးပါ ခမည်းတော်”

“ဟင်....”

သမီးဖြစ်သူရဲ့ စကားကြောင့် အမတ်ကြီးမျက်နှာ အနည်းငယ်ပျက်သွားရတယ်။ သီရိက အိမ်ရှေ့စံရဲ့ ကြင်ယာတော်ကို အိမ်ခေါ်လာတာလေ။ ဒါပြဿနာကြီးနိုင်သည်။

“သီရိ ခမည်းတော်နဲ့စကားခဏပြောရအောင်။ မင်းသမီးကဒီမှာ ခဏထိုင်ပါအုန်းနော်။ ဥမ္မာနဲ့စကားပြောရင်းနေခဲ့ပေါ့”

အမတ်ကြီးသူ့မိန်းမနဲ့ ထိပ်ထားကို ထားခဲ့ပြီး သီရိကိုတော့ အိမ်တော်ထဲ ဆွဲခေါ်ခဲ့တယ်...

“သီရိ ရူးနေပြီလား။ သူကအိမ်ရှေ့စံကြင်ယာတော်လေ ဘာလို့အိမ်ခေါ်လာတာလည်း။ အခန့်မသင့်ရင် ဇက်ပြတ်နိုင်တယ်”

“ခမည်းတော်သိလား အိမ်ရှေ့စံ ဘာလုပ်ရပ်လုပ်သလဲဆိုတာ...ကြင်ယာတော်ကို ထွက်မကြိုတဲ့အပြင် ပြီးစလွယ် စီးစလွယ် မောင်းမငယ်အဆောင်မှာ ထားမလို့တဲ့။ အကျွန်ုပ်ဖြင့် ဒေါသထွက်လိုက်တာ ခမည်းတော်။”

“သီရိ သမီး ဒါခမည်းတော်တို့ ကိစ္စမဟုတ်ဘူးလေ။ ခမည်းတော်တို့ တာဝန်က လုပ်စရာရှိတာလုပ်ဖို့ပဲ”

“ခမည်းတော် ထိပ်ထားက သီရိ ဟံသာဝတီမှာခေတ္တနေတုန်းက လိုလေးသေးမရှိအောင် ထားခဲ့တယ်။ မြှားဒဏ်ရာကိုလည်း သက်သာအောင် ဆေးကုပေးခဲ့တယ်။ ပြီးတော့ သီရိရဲ့အရင်းနှီးရဆုံးသောမိတ်ဆွေ။ ဒီလိုမျိုးခေါ်ဆောင်လာရတာကို မျက်နှာမပြဝံ့အောင်ဖြစ်နေမိတာ။ ခွင့်ပြုပေးပါခမည်းတော်။ သမီးအခု အိမ်ရှေ့စံနဲ့သွားတွေ့ အကျိုးအကြောင်း စကားပြောမှာပါ”

“ဟူး....”

အမတ်ကြီး သက်ပြင်းမောကို ချလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်တယ်။ သမီးတော်ရဲ့ မိတ်ဆွေဆိုတော့ သူ့မိတ်ဆွေလိုပဲလေ...

သီရိ ရေအေးအေးတစ်ခွက်ကို ခပ်သောက်ပြီးတဲ့နောက်မှာတော့ မိခင်နဲ့ ထိပ်ထားရှိရာဆီသွားလိုက်တယ်။

မယ်တော်နဲ့ထိပ်ထားက ဘာတွေပြောနေကြသည်မသိ ခဏလေးအတွင်းအဖွဲ့ကျသွားသည့်ဟန်....သီရိသဘောတကျပြုံးလိုက်ရင်း..

“မင်းသမီး ကျွန်ုပ်နန်းတွင်းပြန်သွားလိုက်အုန်းမယ်။ စိတ်အေးလက်အေးနားပါ။ ပြင်ဆင်စရာရှိတာကို အိမ်ကကောင်မလေးတွေ ပြင်ဆင်ပေးပါလိမ့်မယ်။ အားလည်းမနာပါနဲ့။ မယ်တော် မင်းသမီးကို ဂရုစိုက်ပေးပါအုန်းနော်”

“စိတ်ချပါသီရိရယ်....အခုလေးတင် ထိပ်ထားလေးနဲ့မယ်တော်က ရင်းနှီးသွားကြပြီကွဲ့။ ညအရမ်းမနက်စေနဲ့ ကိစ္စပြီးတာနဲ့တမ်းပြန်လာနော်”

“အဲ့ဆို သီရိသွားပြီ မယ်တော်”

________🪔ထိပ်ထား🪔___________




“တပ်မှုးချုပ်သီရိနန္ဒာဒေဝီ အခစား ဝင်ပါတယ် အိမ်ရှေ့စံ”

သေရည်သောက်နေတဲ့ ဒေဝမင်းထင်ကျော်စွာက မျက်လုံးတစ်ဖက်ပင့်ကြည့်လိုက်ပြီး သီရိကိုခေါင်းငြိမ့်ပြလိုက်တယ်။

“ဘာလျှောက်တင်စရာများ အရေးတကြီးရှိနေတာလည်း တပ်မှုးချုပ်။ သင်ခရီးပန်းလာတာမလား နားသင့်တဲ့အချိန်ကို”

“ကြင်ယာတော်ကိစ္စပါ အရှင်မင်းသား”

“ဘာများ လျှောက်ချင်တာလည်း လျှောက်စေ။”

“ဟံသာဝတီမင်းသမီးကို ခေါ်ဆောင်လာတုန်းကလည်း အရှင့်သားက နန်းဆောင်ထဲမှာ ရှိနေရက်နဲ့ ထွက်မကြိုဆိုခဲ့ပါဘူး...သူကအရှင့်ကြင်ယာတော်လောင်းပါ။ ပြီးတော့ ရဲမက်ငယ်တစ်ယောက်နဲ့ သင့်တော်တဲ့ အဆောင်တော်စီစဉ်ပေးလိုက်ဖို့ပဲ အမိန့်ချလိုက်တယ်။”

“နေအုန်း. ..ယခုနေပါအုန်း ရာရာစစ ကျွန်ုပ်ကို အပြစ်တင်နေတာလား တပ်မှုးချုပ်။ မယ်မင်းအဆင့်ကဘာဆိုတာ သတိရသေးသလား”

ဒေဝမင်းထင်ကျော်စွာဟာ သေရည်ခွက်ကို စောင့်ချလိုက်ရင်းမေးလိုက်တယ်။

“ကျွန်‌တော်မျိုးမ လျှောက်တင်တာကို ဆုံးအောင်နားထောင်ပေးပါမင်းသား။ တဖက်က မင်းသမီးက ဟံသာဝတီရဲ့တန်ဖိုးထားရသူတစ်ဦးပါ။ အရှင်မင်းသားရဲ့ ဒီလို လုပ်ရပ်များကို တဖက်က အမျိုးတော်ရမဲ့ ဟံသာဝတီမင်းသိသွားခဲ့ရင်ကော။ စစ်မက်ရေးအရ မနိုင်လို့ သူတို့က အားမတန်မာန်လျော့ပြီး သူ့တို့သမီးတော်ကို ဆက်ခဲ့ရတာပါ။ ဒါပေမဲ့ အရှင်သားက သူ့တို့မာနကို နှစ်ခါရိုက်ချိုးသလိုဖြစ်နေပြီ။ နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းပါအရှင်မင်းသား”

ဒေဝမင်းထင်ကျော်စွာဟာ သီရိရဲ့စကားကို ကြားချိန်မှာတော့.....

“ဟား ဟား...ဟားဟား “

သဘောတကျအရူးလိုရယ်နေတဲ့ အိမ်ရှေ့စံကို သီရိနားမလည်တော့......ဘာအဓိပ္ပါယ်လည်း ဒါ..

“ကောင်းပြီလေ တပ်မှုးချုပ်ရဲ့ သူ့ကိုမြင်တောင်မမြင်ဘူးပဲ ကျွန်ုပ်လက်ဆက်ဖို့ တောင်းဆိုရတဲ့အကြောင်းရင်းကို ပြောပြရတာပေါ့။  ကျုပ်တို့မင်းညီမင်းသားတွေ စုပြီးကြွေအန်ကစားတဲ့တစ်နေ့မှာပေါ့ ဟံသာဝတီမင်းသားက ဆက်တိုက်အနိုင်ရပြီး ကျုပ်ကိုခပ်လှောင်လှောင်လုပ်ပြီး မာနချိုးခဲ့တယ်။ အကျွန်ုပ်အဲ့နေ့က ကြိမ်းသေပြောခဲ့တယ်။ သူ့ကိုနောင်တရစေရမယ်လို့...ဒီနေ့ဒီလိုလုပ်တဲ့ ကိစ္စကို အကြွေးမှတ်ထားပါဆိုပြီးလေ။ ဟား ဟား ဒါ့ကြောင့် ကျွန်ုပ်က သူတို့ရဲ့နှလုံးသားဖြစ်တဲ့ သူတို့နှမကို တမင်တောင်းခဲ့ခြင်းပဲ။”

“ကြွေ အန်....ဒီ ကြွေ အန် ကစားပွဲလေးတစ်ခုနဲ့”

မရိုသေ ဂရုမစိုက်သလိုအပြောဖြစ်သော်ငြား သီရိထိန်းချုပ်မထားနိုင်တော့။ ဘုရင်တွေမင်းသားတွေက ဘာလို့ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ပြီးတုံ့ပြန်ဖို့ ကြိုးစားကြတာလဲ။ ဒီလိုလုပ်လိုက်လို့ ထိခိုက်နစ်နာသူတွေများတာကို မစဉ်းစားကြတာလား။အိမ်ရှေ့မင်းသားဖြစ်ပြီး ပထမဆုံးလက်တုံ့ပြန်ချင်တာက ဒီဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုလား။ နစ်နာသူတွေကိုမစဉ်းစားပဲ ညဏ်မဲ့ကိစ္စတွေက စလာချေပြီ။

“ဒီ ကြွေ အန်ကစားပွဲ‌က သာမာန်မဟုတ်ဘူး။ အဲ့နေ့က ငါလူပုံအလယ်မှာ ဘယ်လိုအရှက်ကွဲခဲ့ရလည်း။ သင်းကြောင့် ခုနှစ်ပြည်ထောင်မင်းသားတွေကြား ခေါင်းမဖော်နိုင်ခဲ့ဘူး။ အခုဟံသာဝတီ မင်းသမီးကို ငါလက်ဆက်မယ်ထင်လား။ လက်ဆက်မဲ့ကြင်ယာတော်က သက်သက်ရှိပြီးသား။ မယ်မယ်ဖုရားရဲ့မိတ်ဆွေ သန္တတိုင်းအမတ်ချုပ်ရဲ့သမီးပဲ။ သူ့ကိုက ငါ့မောင်းမအဆင့်ပဲထားမှာ....”

ချိူးနှိမ်စွာ‌ ပြောပြီးနောက်ခပ်ဟဟရယ်ရင်း ကျေနပ်နေသည့်ဟန်။
သီရိစိတ်တိုလွန်းတာမို့ လက်သီးတင်းအောင်ဆုတ်ထားရင်း စိတ်ထိန်းနေရသည်။။ကြည့်ရသည်မှာ ကြွေအန်ကိစ္စက လတ်တလောဖြစ်ခဲ့ဟန်တူသည်။ပူပူနွေးနွေး လက်စားချေသည်ဆိုတော့။

“အွန်း.....ခုနက မင်းအိမ်တော်ကို ခေါ်သွားတယ်ဆိုတာကြားတယ်။ တပ်မှုးချုပ်လည်း ငါတို့တိုင်းအတွက် အကျိုးပြုဆောင်ရွက်ခဲ့တာဆိုတော့ လက်ဆောင်ပေးရမလား ။ ကျွန်တစ်ယောက်လောက် မလိုချင်ဘူးလား”

ကျွန်....ကျွန်တဲ့လား။ သီရိစိတ်ကို မနည်းထိန်းထားရသည်။ အိမ်ရှေ့စံကို ကန့်လန့်တိုက် ရန်စကားယခုချိန်တွင် ပြောလျှင် ထိပ်ထားပို၍ထိခိုက်ဖို့များသည်။ ပြီးတော့ ဒါကထိပ်ထားသူ့ဆီရောက်လာမဲ့အခွင့်ရေး ...ဒါကိုအရယူရမည်။ အိမ်ရှေ့စံလက်ထဲတော့ မထည့်နိုင်။ နဂိုကတည်းက လက်မဆက်ရစေဖို့ သူကြိုးစားမယ်လို့ တွေးထားခဲ့တာမလား။

“အရှင် တကယ်လက်ဆောင်ပေးမှာလား”

သေရည်မူးနေသည့် အိမ်ရှေ့စံကို သွေးတိုးစမ်းမေးကြည့်လိုက်တော့ သူ့ကတဟင်းဟင်းရယ်ကာ...

“ဘာလဲ တကယ်လိုချင်တာလား။ “

“……”

သီရိနှုတ်ဆိတ်နေတော့ ဒေဝမင်းထင်ကျော်စွာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ....

“ကောင်းပြီ တပ်မှုးချုပ်ကို ငါကဆုလာဘ်ပေးသနားလိုက်တယ်။ ဟံသာဝတီမင်းသမီးကို မင်းပိုင်သွားပြီ။ ဒါပေမဲ့ ငါ့ခွင့်ပြုချက်မရှိပဲ ဟံသာဝတီတိုင်းကို လုံးဝပြန်မပို့ရဘူး။ အမိန့်ကို ဖီဆန်လို့က မင်းကိုငါကိုယ်တိုင် သတ်မယ်။ သွားတော့ ရပြီ”

ထိုစဉ်တစ်ချိန်လုံးငြိမ်နေခဲ့သော ဒေဝမင်းထင်ကျော်စွာ၏ ကိုယ်ရံတော်က...

“အရှင့်သား...ဒါဟံသာဝတီမင်းသမီးပါ။ ဒီလိုပေးတာဟာ...”

“‌ မောင်မင်းဝင်လျှာမရှည်နဲ့ တိတ်တိတ်နေ ။ ငါ ဒေဝမင်းထင်ကျော်စွာ မလုပ်နိုင်တာ မပေးနိုင်တာမရှိဘူး။ သူဟာ ငါ့အတွက်အကျိုးတော် ထမ်းရွက်ပေးခဲ့တာပဲ။ ဒီလောက်တော့ ငါချီးမြှင့်နိုင်ပါတယ်။ "

မာန်တက်နေသည့် အိမ်ရှေ့မင်းသား။ သေရည်လည်းမူးနေသည်။ သူအခွင့်ရေးကို ဆုတ်ကိုင်ပြီးပြီမို့
ဆက်မနေတော့ပဲ ပြန်ခွင့်တောင်းလိုက်တော့တယ်။ မဟုတ်လို့ စိတ်ပြောင်းသွားရင် ...

“အရှင့်သား ကျွန်တော်မျိုးမကို ပြန်ခွင့်ပြုတော်မူပါ။ဆုလာဘ်အတွက် ကျေးဇူး‌မမေ့ကြောင်းပါ အရှင့်သား”

လိုတာထက်ပိုပြီး ရိုကျိုးယဉ်ကျေးစွာ ဂါ၀ရပြုကာ သီရိပြန်လာခဲ့သည်။လမ်းတွင်သီရိ အတွေးများပလုံစီလျှက်။ မမျှော်လင့်ပဲ ထိပ်ထားသည် အိမ်ရှေ့စံလက်ထဲမှ သူ့ဆီရောက်လာခဲ့ပြီ။ ဒါပေမဲ့ ထိပ်ထားကကော လက်ခံပါ့မလား။ အိမ်ရှေ့စံကြင်ယာတော်လောင်းအဖြစ် ခေါ်လာခံရပြီး ဒီရောက်တော့ တပ်မှုးချုပ်ထံ ပေးပြစ်ခံရသည်။ ဒါထိပ်ထား၏မာနကိုရော ဟံသာဝတီကိုပါ စော်ကားသလိုဖြစ်သည့်ကိစ္စ။ ဒါပေမဲ့ အိမ်ရှေ့စံနားမှာ ရှိနေပြီး မောင်းမတော်ဖြစ်သွားလျှင် ပိုမိုစိတ်နာစရာ မကြေတဲ့ရန်ကြွေးတွေ ဖြစ်ကုန်လိမ့်မည်။

သီရိအနေနဲ့က ထိပ်ထား အနားမှာရှိလျှင် ပိုသဘောကျပါသည်။ ဒါပေမဲ့ မိဝေဖဝေးမှာ နေရတဲ့ သူမကစိတ်ချမ်းသာမည်တဲ့လား။ ပြီးတော့ ဟံသာဝတီကဒီကိစ္စကို သိလျှင်
အကြီးအကျယ်စိတ်ဆိုးပြီး စစ်မက်ဖြစ်နိုင်ချေပင်ရှိသည်။

“ဘာတွေဆက်ဖြစ်မှာလဲ မသိသေးဘူး။ လောလောဆယ်တော့ ထိပ်ထားကိုငါ့အနားမှာထားခွင့်ရတာ ကံတရားကငါ့ဘက်မှာ ရှိနေသေးတယ်ဆိုတာပဲ။ အိမ်ရှေ့စံလုပ်ရပ်တွေကြောင့် ထိပ်ထားငါ့ကိုပါ မုန်းမသွားဖို့ မျှော်လင့်ပါတယ်.......”

________🪔ထိပ်ထား🪔___________


အကုန်လုံးအိပ်ပျော်နေကြတာမို့ သီရိအိမ်တော် တစ်ခုလုံးတိတ်ဆိပ်နေတယ်။ ဒါပေမဲ့ လရောင်ဖြာကျနေတဲ့ ကွပ်ပျစ်ပေါ်မှာတော့.....

“အရှင့်သမီး....”

သီရိခေါ်သံကြောင့် ကိုယ်လေးဆတ်ခနဲ့ဖြစ်သွားကာ လှည့်ကြည့်ပေမဲ့ ဘာစကားမှမဆို။ သီရိ ထိပ်ထားရဲ့ဘေးမှာ အသာဝင်ထိုင်လိုက်ရင်း ထိပ်ထားနဲ့အတူ လမင်းကြီးကိုငေးလိုက်သည်။

“ဘာလို့မအိပ်သေးတာလည်း ညနက်နေပြီကို"

“အိပ်မပျော်လို့ပါ”

ထိပ်ထားကသူ့ကို စိတ်လိုလက်ရ ပြန်ဖြေလာတော့ သီရိဝမ်းသာသွားရသည်။ သူတို့စတွေ့ကတည်းက စကားကို သေချာကောင်းမွန်စွာ ပြောခဲ့ရသည်မဟုတ်။

“ညစာကော သုံးဆောင်ပြီးပြီလား မင်းသမီး။ မယ်တော်ဖုရားက ဟင်းချက်လက်ရာသိပ်ကောင်းတာ”

“စားပြီးပါပြီ တပ်မှုးချုပ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်။ ဒီတိုင်းမှာ ထိပ်ထားသိတာဆိုလို့ တပ်မှုးချုပ်တစ်ဦးထဲရှိတာပါ ။ မနက်ကအပြုအမူတွေ အတွက်လည်းတောင်းပန်ပါတယ်။ပြီး‌တော့ ထိပ်ထားလို့ပဲပြန်ခေါ်ပါ။မင်းသမီးဆိုတာက ထိပ်ထားနားထဲထောက်လှတယ်”

“တောင်းပန်စရာမလိုပါဘူးထိပ်ထားရယ်။ တောင်းပန်ရမဲ့သူက ကျွန်ုပ်ပါ။ ဒီလိုပုံစံနဲ့ ခေါ်ဆောင်လာရတာကို ရင်ထဲမချိနေတာပါ”

ထိပ်ထား တပ်မှုးချုပ်မျက်နှာကို ကြည့်လိုက်တော့ မျက်ဝန်းထဲမှာ အားနာတဲ့အရိပ်အငွေ့တွေအပြည့်။

“ဒါတပ်မှုးချုပ်နဲ့ မဆိုင်ပါဘူး။ ကံရဲ့စီမံရာပါ။ ဒါနဲ့ အသင့်အိမ်ရှေ့စံက ဘယ်လိုစီစဉ်ထားတယ်တဲ့လည်း။”

သီရိ ဆွံအသွားချေပြီ။ ဒီကိစ္စတွေကို ဘယ်လိုပြောရမည်နည်း...

“ထိပ်ထား အကျွန်ုပ်ကို ယုံလား”

“ဒါဘယ်လိုမေးခွန်းလည်း တပ်မှုးချုပ်”

“ထိပ်ထားဒီကိုလိုက်ခဲ့ရတာဟာ ဟံသာဝတီတိုင်းဘုရင်မင်းမြတ်ရယ် တိုင်းသူပြည်သားတွေရဲ့ မျက်နှာကြောင့်မလား။ ဒါ့ကြောင့် မချစ်မနှစ်သက်သူကို လက်ဆက်ဖို့သဘောတူခဲ့တာမလား”

ထိပ်ထား ခေါင်းကိုအသာငြိမ့်ပြလိုက်တယ်။ တပ်မှုးချုပ်ကသူ့အခြေနေကို လုံးဝနားလည်နေတာပဲ။

“ထိပ်ထား အိမ်ရှေ့စံနဲ့လက်ဆက်စရာမလိုတော့ဘူး”

“ဟင်....”

“ဒါပေမဲ့ ထိပ်ထား ဟံသာဝတီကိုပြန်လို့မရဘူး အကျွန်ုပ်နဲ့နေရမယ်”

“ဒါဘယ်လိုအခြေနေလည်း တပ်မှုးချုပ်။ ဘာလို့ထိပ်ထားက တပ်မှုးချုပ်နဲ့နေရမှာလည်း”

“ထိပ်ထားကို အိမ်ရှေ့စံဆီက ကျွန်ုပ်တောင်းလာခဲ့တယ်။”

“ဟင်......”

ထိပ်ထားအံ့သြသွားရသည်။ အိမ်ရှေ့စံတစ်ယောက်က သူ့ကြင်ယာတော်လောင်းကို လွယ်လွယ်ပေးပြစ်သည်တဲ့လား။ဒါဟံသာဝတီတစ်တိုင်းလုံးကို မထီမဲ့မြင်လုပ်တာပဲ။ လိုချင်လို့ စစ်ချီမည်ဆိုပြီး ခြိမ်းခြောက်ကာ တောင်းယူသည်။ရတော့ ဂရုပင်မစိုက် တစ်ညပင်မကူး ပစ်ပယ်သည်။ ဟံသာ၀တီကို မာနအကြိမ်ကြိမ်ရိုက် ချိုးခြင်းမှန်း ထိပ်ထားခံစားရသည်။အစ်ကိုတော်တွေနှင့် ဖခင်သိလျှင် အသည်းဆတ်ဆတ်ခါ နာလိုက်မည့်ဖြစ်ခြင်း။

“နားလည်တယ် ထိပ်ထားဘယ်လိုခံစားသွားရလဲဆိုတာ။ ဒါပေမဲ့ ထိပ်ထား သူ့ဆီမှာနေတာထက် အကျွန်ပ်ဆီမှာနေရင် ပိုလုံခြုံစိတ်ချမ်းသာမှာ။ ထိပ်ထားရဲ့ ခမည်းတော်တို့ဆီကို ကျွန်ုပ်ကိုယ်တိုင် ပြန်ပို့ပေးမှာပါ။ လတ်တလော ကျွန်ုပ်အိမ်တော်မှာပဲ နေပါလားဟင်။ အခွင့်ရေးရတာနဲ့ အကျွန်ုပ် ထိပ်ထားစိတ်တိုင်းကျ စီစဉ်ပေးမှာပါ”

တပ်မှုးချုပ်က နှစ်သိမ့်ကာ ကတိအထပ်ထပ်ပေးနေပေမဲ့ ထိပ်ထားစိတ်ထဲ ဗလာဖြစ်လျှက်။ဘယ်လို စော်ကားမှုလဲ ဒါ။မင်းသမီးတစ်ဦးဖြစ်တာမို့ အရှက်တရားတော့အနည်းငယ် ခံစားရသည်။

“ဒါပေမဲ့ လက်ဆက်ပွဲသတင်းကို မျှော်နေကြတဲ့ခမည်းတော်တို့ကရော...ဒီလိုလုပ်ရပ်တွေကို သိသွားရင် ချက်ချင်းစစ်ချီကြမှာ”

“ဒီကိစ္စကို ကျွန်ုပ်တာဝန်ထားပါ။ ထိပ်ထား ယုံတယ်မလားဟင်”

တပ်မှုးချုပ်မျက်နှာကို ထိပ်ထားစူးစိုက်ကြည့်လိုက်သည်။ လရောင်အောက်မှာ မျှော်လင့်ချက်အပြည့်နဲ့ တပ်မှုးချုပ်ရဲ့မျက်နှာ။ ရှက်စိတ်တွေ ဒေါသတွေကို လွင့်ပျောက်သွားစေနိုင်တဲ့ မျက်၀န်းတွေ။ယုံကြည်သလားဆိုတာ ထိပ်ထားအဖို့ မေးစရာမလိုပါ။ ထိပ်ထားစိတ်ထဲ အားကိုးမိနေတာ ထိပ်ထားအသိဆုံးပါ။

“ယုံတယ် ....ထိပ်ထား တပ်မှုးချုပ်ကိုယုံတယ်”


“ထိပ်ထားအနားမှာ အမြဲရှိနေမှာပါ။ ကေတုမတီမှာနေစဉ်အတွင်း ဘာအန္တရာယ်မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ ဒီတပ်မှုးချုပ်အနားမှာ ရှိနေသရွေ့ ဘယ်သူမှထိပ်ထားကို မထိပါးစေရဘူး။ ကေတုမတီမင်းမြတ်တောင်မှပေါ့။”

ရင်ထဲနွေးထွေးသွားရသည်။ ဒါဟာ တာဝန်ထမ်းဆောင်နေတဲ့ အေးစက်တဲ့ တပ်မှူးချုပ်ပုံမဟုတ် ထိပ်ထား၏တပ်မှူးချုပ်ဖြစ်သည်။ နေအုန်း ထိပ်ထားရဲ့မိတ်ဆွေ တပ်မှုးချုပ်လို့ဆိုရမလား။ ကိုယ့်အတွေးချော်မှုကြောင့် ကိုယ့်ဘာသာပြန်ရှက်သွေးဖြာသွားရပြန်သည်။

“ဒါလေးပြန်ဆွဲပေးထားပါလားဟင်...”

မဟူရာပုတီးလေးကို အိတ်ထဲကထုတ်ပေးတော့ ထိပ်ထားလှမ်းမယူပဲ လည်တိုင်ကိုသာတိုးပေးလိုက်သည်။ ဒါပေမဲ့ ဒီအချိန်မှာ တောင့်တောင့်ကြီးဖြစ်သွားတဲ့ တပ်မှုးချုပ်။

“တပ်မှုးချုပ် ဆွဲမပေးတော့ဘူးလား”

“ဟမ် အင် သြော်......”

နောက်ဆုံးတော့ပုတီးလေးဟာ သူ့နေရာမှန်ပြန်ရောက်သွားခဲ့ချေပြီ။ တပ်မှုးချုပ်ဟာ လည်တိုင်ကျော့ကျော့က ပုတီးလေးကိုကြည့်ရင်း...

“နောက်ဘယ်တော့မှ မချွတ်ပါနဲ့တော့နော်။  စိတ်ဆိုးခဲ့ရင်တောင်မှပေါ့”

“ထိပ်ထား မချွတ်တော့ပါဘူး။ စိတ်မကောင်းဖြစ်မနေနဲ့တော့။ တနေကုန်လည်း ပင်ပန်းထားရတာမလား။ တပ်မှုးချုပ် နားသင့်ပြီ။ ထိပ်ထားလည်း နားတော့မယ်”

“ကောင်းပါပြီ....”

ကွပ်ပျစ်ပေါ်ကအထ ထိပ်ထားဟာ သူ့ထိုင်မသိမ်းစနဲ့ ခြေပြန်ညှိကာ.....

“အမေ့......”

ခါးကိုဖမ်းထိန်းလိုက်တဲ့ လက်တစ်စုံနဲ့အတူ နွေးထွေးတဲ့ရင်ခွင်ထဲ ထိပ်ထားရောက်သွားတော့တယ်။

“ထိပ်ထားရရဲ့လား ...ခြေခေါက်သွားတာလား”

ထိပ်ထား တပ်မှုးရင်ခွင်ထဲမှ အမြန်ပြန်ခွာလိုက်ရင်း.....

“ရ ရ ရပါတယ် မခေါက်ပါဘူး။ ထိုင်မသိမ်းစ ညှိတာ”

“ ဟုတ်လား။ ဒါဆို ကျွန်ုပ်သွားပြီနော်...အိပ်ဆောင်လိုက်မပို့တော့ဘူး။”

“အွန်း....အွန်း”

တပ်မှုးချုပ်ထွက်သွားတော့မှ ထိပ်ထားသူ့ရင်ဘက် သူဖိကာ....

“ခြေတုတ်လဲတာလေးနဲ့ ဒီလောက်ရင်တုန်ပန်းတုန်ဖြစ်ရလား စံထိပ်ထားကလျာဦးရယ်။ ဟူး ခုထိ.......မဖြစ်ဘူး အိပ်ရမယ် ....ဒီနေ့စိတ်ခံစားချက်မျိုးစုံ တအားများနေပြီ။”

ထိပ်ထားထွက်သွားတော့မှ တံခါးအကွယ်က ပြုံးကြည့်နေတဲ့ တပ်မှုးချုပ်ဟာ သူ့အိပ်ခန်းရှိရာဆီကို လာခဲ့တော့တယ်။

“ကောင်းမွန်စွာ အိပ်ပျော်ပါစေ ထိပ်ထား...”


________🪔ထိပ်ထား🪔___________




RenGe-1.10.2018

ထိပ်ထားDonde viven las historias. Descúbrelo ahora